ဖူးခက်တွင် မြန်မာအလုပ်သမားများကို ညမထွက်ရန် သတိပေး

ပို့စ်တင်ချိန် - 3/17/2014 02:50:00 PM

သတင်းစာရှင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - dailynews.co.th)

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ ထိုင်းလူငယ် ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမားတွေကို ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ သက်ဆိုင်ရာ အလုပ်ရှင်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘုရားပွဲတော်တခုမှာ လူငယ်တွေ ခိုက်ရန်ဖြစ်ပွားပြီး ထိုင်းလူငယ် ၁ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့  ကျူးလွန်သူတရားခံတွေကို ရဲတွေ လိုက်လံရှာဖွေနေတာကြောင့် အလုပ်ရှင်တွေက ညမထွက်ဖို့ သတိပေးထားတာလို့ ဖူးခက်ခရိုင် ပါတောင်ရပ်ကွက်မှာ နေထိုင်သူ အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီမတိုင်ခင် ဘုရားပွဲအနီး တ၀ိုက်မှာ နေထိုင်သူ မြန်မာအလုပ်သမား လူငယ် ၂၀ ကျော် မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အချုပ်ထဲမှာ ၂ ည အိပ်ခဲ့ရကာ မနေ့တနေ့က  အားလုံး ပြန်လွှတ်လာပြီလို့ အဲဒီအလုပ်သမားက ဆက်ပြောပါတယ်။

မတ် ၁၄ ရက်နေ့ထုတ် ထိုင်းသတင်းတွေမှာတော့  ထိုင်းလူငယ် ၁ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး  စောင့်ကြည့်ကင်မရာက ရိုက်ယူထားတဲ့ မှတ်တမ်းနဲ့ တရားခံတွေ လိုက်ဖမ်းရာမှာ မြန်မာအလုပ်သမား လူငယ် ၆ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိကြောင်း၊ ဒီအမှုမှာ ပါဝင်ပတ်သက်သူ ၁၁ ဦး ရှိတဲ့အတွက် နောက်ထပ် ၅ ဦး လွတ်မြောက်နေသေးကြောင်း ရဲစခန်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့က ဖူးခက်ရိုင် ကထုမြို့နယ် ပါတောင်ရပ်ကွက် ဘုရားပွဲတော်မှာ လူငယ်တွေ ခိုက်ရိုက်ဖြစ်ပွားပြီး  အသက် ၁၉ နှစ်ရွယ်ရှိ နိုင်းဆတ်ဒီ ဆစ်ထိဆိုတဲ့ ထိုင်းလူငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီမတိုင်ခင်ရှေ့က မြန်မာအလုပ်သမား ၁ ဦးကို ထိုင်းလူငယ်တဖွဲ့က ရိုက်နှက်လို့ ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူ လူငယ်က သူ့အဖွဲ့တွေ ပြန်ခေါ်လာပြီး သူ့ကို ရိုက်နှက်ခဲ့တဲ့ အဖွဲ့ထဲ ပါဝင်သူလို့ ထင်ရတဲ့ နိုင်းဆတ်ဒီကို ၀ိုင်းရိုက်ရာမှာ ရင်ဘတ်က ဓားဒဏ်ရာ ၃ ချက်နဲ့ သေဆုံးသွားတယ်လို့  ဖူးခက်ရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB Burmese