လက်ဘနွန် အနီးရှိ သူပုန်များ၏ ခံတပ်မြို့ကို ဆီးရီးယားတပ်များမှ ထိန်းချုပ်နိုင်ခဲ့

ပို့စ်တင်ချိန် - 3/17/2014 12:51:00 PM


ဟဇ်ဘိုလာ စစ်သွေးကြွများကို ကျောထောက်နောက်ခံမှု ပြုသည့် ဆီးရီးယားတပ်များမှ ပုန်ကန်သူများအား တိုက်ထုတ်ပြီးနောက် ယာဘရောက်မြို့အား အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းထိန်းချုပ်နိုင်မှုကြောင့် မြို့တော် ဒမတ်စကတ်၊ အလက်ပိုမြို့နှင့် မက်ဒီတာရေးနီးယန်း ကမ်းခြေအထိ ဆက်သွယ်မှု လမ်းကြောင်းကို လုံခြုံစေခဲ့သည်။

သူပုန်များ၏ လက်ဘနွန် နယ်ခြားအနီးရှိ နောက်ဆုံး ခံတပ်မြို့ဖြစ်သည့်  ယာဘရောက်မြို့ ကျဆုံးမှုသည် ပုန်ကန်သူတို့၏ အရေးကြီးသော ထောက်ပံမှု လမ်းကြောင်းကို ခွဲခြားနိုင်ပြီး အစိုးရ၏ ဒမတ်စက်မှ အလယ်ပိုင်း မြို့တော် ဟမ်းစ်မြို့တစ်လျှောက်ကို တစ်စုတစ်စည်းတည်း ထိန်းချုပ်စေနိုင်သည်။

များစွာသော ကြေးစား အကြမ်းဖက်သမားများကို ရှင်းလင်းပြီးနောက်တွင် ယာဘရောက်မြို့၏ တည်ငြိမ်မှုနှင့် စိတ်ချလုံခြုံမှုကို ပြန်လည် ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အောင်မြင်မှုကို ဂုဏ်ပြုသည့် ကြေငြာချက်တွင် ဆီးရီးယား စစ်တပ်မှ ပြောဆိုသွားသည်။

လက်ဘနွန် ဘက်ကာတောင်ကြားရှိ ဟဇ်ဘိုလာ ခံတပ်တွင် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုတွင် လူ သုံးဦး သေဆုံးခဲ့သည်။ ဆီးရီးယားမှ ဆုတ်ခွာမှု မပြုမချင်း လက်ဘနွန်ရှိ ရှီးအိုက် မွတ်စလင် အုပ်စုများကို တိုက်ခိုက်သွားရန် အစွန်းရောက် ဆွန်နီ အုပ်စုများမှ ဆုံးဖြတ်ခဲ့ကြသည်။

ပြီးခဲ့သော လအတွင်းက ယာဘရောက်မြို့သို့ အစိုးရ တပ်ဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း ထောင်ပေါင်းများစွာသော ပြည်သူများသည် ပတ်ဝန်းကျင် ဒေသများသို့ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ပြီးခဲ့သော လများတွင် ဒမတ်စက်နှင့် အလက်ပိုကြားရှိ လမ်းများကို အစိုးရမှ ပိုမို ထိန်းချုပ်လာနိုင်ခဲ့ပြီး လူပေါင်း ၁၄၀၀၀၀ ကျော် သေဆုံးခဲ့သည့် သုံးနှစ်ကြာ ပြည်တွင်းစစ်တွင် အသာစီး ရရှိလာခဲ့သည်။

ယာဘရောက်မြို့အား ထိန်းချုပ်မှုနှင့်အတူ လက်ဘနွန်သို့ ကူးဖြတ်မှု ၁၈ ခုတွင် ၁၄ ခုအား အစိုးရ ကြည်းတပ်နှင့် လေတပ်တို့မှ ပိတ်သိမ်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ ရင်းမြစ်မှ ပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်အတွင်း ၎င်းနေရာများတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လာမဲ့ ရက်အနည်းငယ်အတွင်းမှာ တိုက်ခိုက်မှုတွေဟာ ကျန်တဲ့ နေရာတွေမှ ဖြစ်ပွားသွားမည် ဖြစ်ကြောင်း ၎င်းရင်းမြစ်မှ ပြောဆိုသွားသည်။

ဆီးရီးယားမှ စစ်သွေးကြွများ ဝင်ရောက်ပျံနှံ့လာခြင်းကြောင်း ၁၅ နှစ်ကြာ ပြည်တွင်းစစ်ကို ၁၉၉၀ ခုနှစ်တွင် အဆုံးသတ်ခဲ့သည့် သေးငယ်သော မက်ဒီတာရေးနီးယန် နိုင်ငံ လက်ဘနွန်သည် မတည်ငြိမ်မှုများဖြင့် ခြိမ်းခြောက်ခံရလျက် ရှိသည်။ ဆီးရီးယားတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဘာသာရေး တူညီမှု မရှိသည့် ရှီးအိုက်နှင့် ဆွန်နီ မွတ်စလင်များကြားတွင် တင်းမာမှုများ ပိုမို မြင့်တက်လာလျှက် ရှိပြိး လက်ဘနွန်တွင် လုံခြုံစိတ်ချရမှု မရှိခြင်းနှင့် နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ရလျက် ရှိသည်။

REF: Reuters
The Myanma Age