ကျိုင်းတုံမြို့မဈေး ဆိုင်ခန်းများရှိ ဆိုလာမီးများ ဖြုတ်သိမ်းရမည်

ပို့စ်တင်ချိန် - 3/17/2014 07:22:00 PM


ကျိုင်းတုံ၊ မတ် ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မြို့မဈေးကြီး မီးဘေးအန္တရယ် ကာကွယ်ရေးအတွက် ဈေးအတွင်းနှင့် အပြင်တို့တွင် ကိုယ်ပိုင် အစီအစဉ်ဖြင့် တပ်ဆင်ထားသည့် ဆိုလာစနစ်သုံး လျှပ်စစ်မီးများကို ဖြုတ်သိမ်းပေးရန် ညွှန်ကြားထားကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်လှက ပြောကြားသည်။

ဈေးဆိုင်ခန်းရှင်များမှာ စည်ပင်သာယာရေး ကော်မတီထံ ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ယင်းဆိုလာ လျှပ်စစ်မီးများကို အသုံးပြုလျက် ရှိကြောင်း၊ လက်ရှိ အချိန်၌ ပူပြင်းသည့် နွေရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဖြုတ်သိမ်းထားရန် တားမြစ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“စည်ပင်သာယာအနေနဲ့ ဈေးလုံခြုံရေးလွဲလို့ ဘယ်ဆိုင်ခန်းမှ လျှပ်စစ်မီး ပေးမထားဘူး။ ဆိုလာစနစ်နဲ့ သုံးတာက ဘက်ထရီအိုးတွေနဲ့ သုံးရတယ်။ ဆိုင်လာ မဖွင့်ဖြစ်တဲ့အခါ ဘက်ထရီအိုးတွေ ပေါက်ပြီး မီးလောင်မှာ စိုးရတယ်” ဟု ၎င်းကရှင်းပြသည်။

မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဈေးအတွင်းရှိ ဆိုလာစနစ်ဖြင့် မီးအသုံးပြုသူများ စာရင်း ကောက်ခံလျက် ရှိကြောင်း၊ ဆိုလာပြားများကို ဖြုတ်သိမ်းခြင်း မရှိပါက စည်ပင်သာယာ ဥပဒေအရ အရေးယူမည်ဟု ပြောဆိုကြောင်း မြို့မဈေးကြီးရှိ ဈေးသူဈေးသားများက ပြောကြားသည်။
“ကျွန်တော်တို့ဘက်က ဆိုလာပြားတွေ ဖြုတ်သိမ်းခိုင်းတာ မှန်တယ်။ တကယ်လို့ မီးလောင်ခဲ့ရင် တာဝန်ယူမလားလို့ ဈေးကော်မတီက မေးတော့ ဘယ်သူမှ အာမမခံနိုင်ဘူး” ဟု ယင်းဈေးကြီးတွင် အထည်ရောင်းချသူ တစ်ဦးက ပြောဆိုသည်။

ကျိုင်းတုံ မြို့မဈေးကြီးသည် အကျယ်အဝန်း ၅ ဒသမ ၄၅၅ ဧက ရှိပြီး ၈ ပေပတ်လည် တစ်ထပ်ဆိုင်ခန်းပေါင်း ၁၁၄၇ ခန်းနှင့် ပျံကျဈေးခုံပေါင်း ၁၀၀၀ ကျော်ရှိရာ အထည်တန်းတွင် ဆိုင်ခန်းပေါင်း ၂၀၉ ခန်း၊ ကုန်စုံတန်းတွင် ဆိုင်ခန်းပေါင်း ၈၆၁ ခန်း၊ သားငါးတန်းတွင် ဆိုင်ခန်း ၄၆ ခန်း၊ စားသောက်ဆိုင်တန်းတွင် ဆိုင်ခန်း ၃၁ ခန်းရှိရာ ဆိုလာစနစ်သုံး ဆိုင်ခန်း ၂၀ ခန့်ရှိကြောင်း ဈေးတာဝန်ခံရုံး၏ မှတ်တမ်းများအရ သိရသည်။

The Voice Weekly