မန္တလေးတွင် နွေရာသီ၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် မီးစက်ကြီး ၂၄ လုံးဖြင့် ဓာတ်အား အစားထိုး ပေးသွားမည်

ပို့စ်တင်ချိန် - 3/17/2014 01:24:00 PM


မန္တလေး၊ မတ် ၁၆

မန္တလေးတိုင်း ဒေသကြီးတွင် နွေရာသီ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ရှိလာပါက အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံထုတ် မီးစက်ကြီး ၂၄ လုံးဖြင့် အစားထိုး ဓာတ်အား ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ စုံစမ်း သိရှိရသည်။

“နွေရာသီကို ရောက်ရင် ရေအားလျှပ်စစ် စီမံကိန်းတွေက ဓာတ်အား ထုတ်လုပ်မှု အားနည်းလာတယ်။ မန္တလေး အနေနဲ့က ရေအားလျှပ်စစ်က ထွက်လာတဲ့ ဓာတ်အား အားလုံးကို မဟာ ဓာတ်အားလိုင်းပေါ် တင်ပေးလိုက်တယ်။ ကျန်တဲ့ဓာတ်အား တစ်ဝက်ထဲကမှ မန္တလေးအတွက် လိုအပ်တဲ့ ဓာတ်အားကို သုံးစွဲတာ ဆိုတော့ နွေရာသီ ရောက်ရင် ဓာတ်အားကတော့ နည်းနည်း လျော့မယ့်အတွက် တိုင်းဒေသကြီးထဲမှာ အင်ဂျင် ၂၄ လုံးနဲ့ လိုအပ်တဲ့ နေရာတွေကို ဓာတ်အား ဖြည့်စွက်ပြီး ပေးသွားမယ်” ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

လက်ရှိ နွေရာသီတွင် လိုအပ်သော ဓာတ်အားများ ဖြည့်စွက် အသုံးပြုနိုင်ရေး အတွက် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံများက ထုတ်လုပ်သော 1000KVA Weldom Ganaretor များ၊ 1250 KVA Mitsubishi Ganarator များ၊ 1825 KVA Caferpillar Ganarator များ စုစုပေါင်း ၂၄ လုံးကို ချမ်းအေးသာစံမြို့နယ် ဟေမာဇလ ခွဲရုံတွင် 1000KVA Weldom Ganaretor နှစ်လုံး၊ အောင်မြေသာစံမြို့နယ် တိုက်တော် ခွဲရုံတွင် 1250 KVA Mitsubishi Ganarator တစ်လုံး၊ ချမ်းမြသာစည် မြို့နယ်အတွက် ထွန်တုံး ခွဲရုံတွင် 1250 KVA Mitsubishi Ganarator တစ်လုံး၊ အောင်မြေသာစံ မြို့နယ်အတွက် မရမ်းခြံဓာတ်အား ခွဲရုံတွင် 1825 KVA Caferpillar Ganarator တစ်လုံး တပ်ဆင်ထားပြီး လိုအပ်သည့် အခါ ဓာတ်အား အစားထိုး ဖြည့်စွက် ပေးသွားမည် ဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ ဓာတ်အား ပြတ်တောက်ခြင်း နည်းပါးသွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

“မီးမပျက်ဘူးဆိုရင် ကောင်းပါတယ်။ အိမ်မှာက အဖေနဲ့ အမေက အသက် ၇၀ ကျော်တွေ ရာသီဥတုဒဏ်ကို မခံနိုင်တော့ လေအေးစက် ဖွင့်ပေးထားရတယ်။ မီးစက် ဝယ်တော့လည်း လေအေးပေးစက်ကို မနိုင်ဘူး။ လေအေးပေးစက် နိုင်တဲ့ မီးစက်ကျတော့လည်း လူကြီးတွေကို ထားခဲ့ပြီး အလုပ်သွားရတော့ စိတ်မချရလို့ မီးပျက်တိုင်း အလုပ်ကနေ အိမ်ပြန်ပြန်လာရတယ်။ ဒါကြောင့် မီးသာ မပျက်ရင် အကောင်းဆုံးပေါ့” ဟု ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဒေါ်အေးအေးသန်းက The Voice သို့ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် လျှပ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀ ဝန်းကျင် အသုံးပြုနေပြီး မန္တလေးစက်မှုဇုန် တစ်ခုတည်းကပင် မဂ္ဂါဝပ် ၅၀ ကျော် သုံးစွဲနေကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

The Voice Weekly Myanmar