အခြေခံဥပဒေမပြင်လိုသူများသည် ပညာမဲ့ခြင်း၊ စေတနာမဲ့ခြင်းနှင့် သတ္တိမရှိခြင်းတို့ကြောင့်ဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 3/23/2014 04:51:00 PM


မိုးကုတ်မြို့တွင်ကျင်းပသည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးနေသည့် မြို့ခံများကို မတ်လ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ− မောင်တာ)
ဒီမိုကရေစီစံနှုန်းများ နှင့် ကိုက်ညီမှုမရှိသော ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအား မပြင်လိုသူများသည် ပညာမဲ့ခြင်း၊ စေတနာမဲ့ခြင်းနှင့် သတ္တိမရှိခြင်းတို့ကြောင့် မပြင်လိုခြင်းဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မတ်လ ၂၂ ရက်က အခြေခံဥပဒေပြင်ဆင်ရေး မိုးကုတ်မြို့၊ အောင်နန်းရပ်ကွက်၊ မြို့နယ် အားကစားကွင်းတွင် မြို့ လူထုနှင့်တွေ့ဆုံဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘ပြင်သင့်တာကိုမပြင်တာဟာ ပညာမဲ့လို့လည်းဖြစ်နိုင်တယ်။ စေတနာမဲ့လို့လည်းဖြစ်နိုင်တယ်။သတ္တိမရှိလို့လည်းဖြစ် နိုင်တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဖွဲ့စည်းပုံမပြင်ဆင်လိုဟု ပြောဆိုနေမှုများနှင့်ပတ်သက်၍ ဝေဖန်ပြောကြားသည်။

တပ်မတော်သားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား  ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုထားရကြောင်း၊သို့သော် ပြည်သူပြည်သားများအား အကျိုးမပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေခြင်းသည် ပြည်သူ့အကျိုးက ထိပါးရာရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

NLD အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်လိုသည့်အပိုင်းများ၊ ဘာအတွက်ပြင်ဆင်လိုသည်၊ ဘယ်လို ပြင်ဆင်မည်၊ ပြင်ဆင်လိုသည့် ပုဒ်မများအား အစားထိုးလိုသည့် အကြောင်းများကို ရှင်းလင်းစွာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မပြင်လိုသည့် ပုဂ္ဂိုလ်များအနေဖြင့်  မည်သည့်အတွက်ကြောင့် မပြင်လိုသည်ဆိုသည်ကို မေးခွန်းထုတ်ရမည်ဖြစ်ပြီး အဖြေသည် အလွန်စိတ်ဝင်စားဖွယ်ရာကောင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘မပြင်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာကြောင့်မပြင်ချင်တာလဲ။ ပြင်ရကောင်းမှန်းမသိလို့လား။ ပြင်ရကောင်းမှန်းမသိလို့ မပြင်တာဆိုရင် ဘာကြောင့်ပြင်ဖို့လိုတယ်ဆိုတာ လေ့လာကြပါ။ ကျွန်မတို့ အခုပြောနေတာ တပ်မတော်တစ်ခုတည်းကိုပြောနေတာမဟုတ်ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မိုးကုတ်မြို့တွင် ကျင်းပသည့် အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲသို့ မြို့လူထု ထောင်ဂဏန်းကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ ၉၈ ရာခိုင်နှုန်းခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒပြုခဲ့ ကြသည်။

7day daily