တောမီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် ကျိုင်းတုံ လေယာဉ် မဆင်းနိုင်

ပို့စ်တင်ချိန် - 3/23/2014 01:11:00 PM


မိုင်းတုံ၊ မတ် ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မတ်၂၀ရက်က တောမီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးနှင့် ပြာများကြောင့် ရာသီဥတု မှုန်မှိုင်းနေသဖြင့် ကျိုင်းတုံလေဆိပ်သို့ ဆင်းသက်မည့် လေယာဉ်များမှာ တာချီလိတ်သို့ ကွင်းပြောင်းဆင်းရကြောင်း ကျိုင်းတုံ ပြည်တွင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ မန်နေဂျာ ဒေါ်နန်းဟွမ်ခမ်းက ပြောကြားသည်။

“မတ်၂၀ ရက် မနေ့က လေယာဉ်ကွင်း တစ်ခုလုံး မီးခိုးတွေ ပိတ်နေတဲ့အတွက် လေယာဉ် မဆင်းနိုင်လို့ တာချီလိတ်မှာ သွားဆင်းရတယ်” ဟု ပြည်တွင်း လေကြောင်းလိုင်းများ ဖြစ်သည့် Yangon Airways, Air Mandalay, Air Bagan တို့၏ လက်မှတ်အရောင်း မန်နေဂျာက ဆိုသည်။

တာချီလိတ် လေဆိပ်မှ လေကြောင်း ထိန်းသိမ်းရေးဌာန ဝန်ထမ်း တစ်ဦး ဖြစ်သူ ဦးဌေးမြင့်ကလည်း ကျိုင်းတုံတွင် ရာသီဥတုကြောင့် တာချီလိတ်သို့ ပြောင်းလဲ ဆင်းသက်မှု ရှိခဲ့ပြီး အခြား လေယာဉ်များ မှာလည်း ရာသီဥတု ပွင့်လင်းသည့် အချိန်ကို စောင့်ဆိုင်းရသဖြင့် သတ်မှတ်ချိန်ထက် တစ်နာရီနီးပါး ခရီးစဉ်များ နှောင့်နှေး ခဲ့ရကြောင်း ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းဆတ်၊ ကျိုင်းတုံ၊ တာချီလိတ် မြို့တို့တွင် လေယာဉ်ကွင်းများရှိရာ ယင်းလေယာဉ်ကွင်း များတွင် မီးခိုးများကြောင့် ကွင်းမြင်ကွင်း မကောင်းခြင်းများ ဖြစ်ပေါ်ခဲ့ရသည့် အပြင် ပြာမှုန်များ ကျဆင်းမှုကြောင့် မျက်စိကျိန်းခြင်း၊ အသက်ရှုကျပ်ခြင်းများ ကြုံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ဒီအချိန်ဆို တောင်ယာတွေ မီးရှို့တယ်၊ တောမီးလည်း လောင်တယ်၊ နှစ်စဉ် ဖြစ်နေကျ ဆိုပေမယ့် ဒီနှစ်က မီးခိုး ပိုများသလိုပဲ။ တစ်နေကုန် မျက်စိစပ်နေတယ်” ဟု မိုင်းတုံမြို့ခံ ဒေါ်နန်းမိုခမ်းက ဆိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဒေသခံ တိုင်းရင်းသား များသည် မြေသြဇာ ကောင်းမွန်စေရန်နှင့် ယာကွက် ဖြစ်ပေါ်စေရန်နှင့် တောကောင် လိုက်ခြင်းကြောင့် တောမီးရှို့သည့် အလေ့အထ ရှိခြင်း၊ နွေရာသီ ရာသီဥတု ပူပြင်းမှုကြောင့် တောမီးလောင်ကျွမ်းခြင်း တို့ကြောင့် တောမီးလောင်ရာမှ ထွက်ပေါ်သည့် မီးခိုးများနှင့် ပြာမှုန်များကြောင့် မြန်မာ-ထိုင်း နယ်စပ် ဒေသတစ်လျှောက် နေထိုင်သူများမှာ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ၊ လေကြောင်းခရီးစဉ် နှောင့်နှေးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်စေနိုင်သည့် အတွက် နိုင်ငံတော် အစိုးရက ရွှေ့ပြောင်းတောင်ယာ စနစ်ကို ခွင့်မပြုဘဲ အခြား စိုက်ပျိုးနည်းများကို လုပ်ကိုင်ရန် ပညာပေးထားကြောင်း၊ ရွှေ့ပြောင်းတောင်ယာ စနစ်ကြောင့် တောမီးလောင်မှု ၅၀ ရာခိုင်နှုန်း ရှိပြီး သားကောင်လိုက်ရန် အတွက် မီးရှို့မှုနှင့် သဘာဝအရ တောမီးလောင်ကျွမ်းမှုမှာ ၅၀ ရာခိုင်နှုန်း ရှိကြောင်း မိုင်းတုံမြို့နယ် မြေစာရင်း ဦးစီးဌာနမှူးထံမှ သိရှိရသည်။

The Voice Weekly