သားဖြစ်သူက ဖခင်အား ထိုးကြိတ်နေမှုကို ဝင်ရောက် ဖျန်ဖြေသောမိခင် ကတ်ကြေးဖြင့်ထိုးခံရ

ပို့စ်တင်ချိန် - 3/23/2014 05:33:00 PM



ရန်ကုန်၊ မတ် ၂၂

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၈၈) ရပ်ကွက်၊ ရတနာမြိုင်လမ်းတွင် မတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်က နေအိမ်တွင် မူးယစ်ရမ်းကားနေသော သားက ဖခင်ကို ထိုးကြိတ်နေစဉ် ဝင်ရောက် ဖျန်ဖြေသော မိခင်ကိုပါ ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

အဆိုပါ အရက်မူးနေသော အသက် ၂၆ နှစ်အရွယ် ကိုကြည်မင်းဟန်သည် ယင်းနေ့ညက အရက်သေစာ သောက်စားပြီး နေအိမ်ပြန်လာစဉ် မိခင်ဖြစ်သူ ခူးကျွေးသောထမင်း ပန်းကန်အတွင်း ထည့်ပေးသည့် ဟင်းမှာ နည်းသည်ဟုဆိုပြီး ပန်းကန်များ ရိုက်ခွဲနေသောကြောင့် ဖခင်က ဆက်မလုပ်ရန် ဟန့်တားစဉ် “ခင်ဗျားကြီးကို သတ်ပစ်မယ်” ဟုဆိုပြီး ထိုးကြိတ်သောကြောင့် မိခင်က ဝင်ရောက် ဖျန်ဖြေခဲ့ရာမှ အဆိုပါမိခင်ကို ကတ်ကြေးဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း အရက်မူးပြီး ရန်ရှာခံခဲ့ရသော မိဘနှစ်ပါး၏ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားချက်များအရ သိရှိရသည်။
“စက်ဘီးနဲ့ အပြင်က ပြန်လာကတည်းက တော်တော်မူးလာတာ။ ထမင်းစားတော့ ဟင်းနည်းလို့ ပန်းကန်တွေ ရိုက်ခွဲနေလို့ ဆက်မလုပ်ဖို့ပြောတဲ့ ဖအေကို လုံးထွေးသတ်ပုတ်ပြီး ဝင်ဆွဲတဲ့ မအေကို မီးဖိုချောင်က ကတ်ကြေးနဲ့ ထိုးပြီး အိမ်ထရံတွေကိုပါ ရိုက်ဖျက်ခဲ့တာ” ဟု ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကတ်ကြေးဖြင့် ဘယ်ဘက်နားအောက်သို့ ထိုးခံရသော အသက် ၅၆ နှစ်အရွယ် မိခင်ဖြစ်သူမှာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး မတ်လ ၂၀ ရက်နေ့က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းတွင် သားဖြစ်သူကို အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အဆိုပါ မြို့မရဲစခန်းထံမှ သိရှိရသည်။

အရက်မူးကာ မိဘနှစ်ပါးကို ရန်ရှာခဲ့သော သားဖြစ်သူမှာ အရက်အမြဲ သောက်သုံးကာ မကြာခဏ မိသားစုဝင်များကို ပြဿနာရှာပြီး အော်ဟစ်သောင်းကျန်းကာ နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးတတ်လေ့ ရှိကြောင်း ယင်းရပ်ကွက်တွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ကိုကြည်မင်းဟန်ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက (ပ)၉၉/၁၄၊ ပုဒ်မ- ၃၂၆/၄၂၇ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice Weekly