ဘယ်ဂျီယမ်နိုင်ငံသူတစ်ဦး ပုဂံအလိုတော်ပြည့်ဘုရားအနီးတွင် ပစ္စည်းလုယက်ခံရပြန်

ပို့စ်တင်ချိန် - 3/23/2014 04:53:00 PM



ရှေးဟောင်းမြို့တော်ပုဂံတွင် စက်ဘီးနှင့်လှည့်လည်သွားလာနေသော ခရီးသွားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးကြည့်ရှုနေစဉ်(ဓာတ်ပုံ-ငြိမ်းချမ်း)
ပုဂံရှေးဟောင်းမြို့ အလိုတော်ပြည့်ဘုရားအနီးတွင် စက်ဘီးဖြင့် လှည့်လည်နေသော ဘယ်ဂျီယမ်နိုင်ငံသူထံမှ ပစ္စည်းလုယူမှု မတ်လ ၁၅ ရက်က ဖြစ် ပွားခဲ့ပြီး ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မသင်္ကာသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း ပုဂံမြို့ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အလိုတော်ပြည့်ဘုရားအနီးတွင် စက်ဘီးဖြင့် လှည့်လည်နေသော ဘယ်လ်ဂျီယမ်နိုင်ငံသူထံမှ ဒေါ်လာ ၆၀၀နှင့် ကင်မရာတစ်လုံး၊ စာရွက်စာတမ်းများ စသည်တို့ လုယူခံခဲ့ရသည်ဟု ပုဂံမြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဂံသို့လာရောက် လည်ပတ်သော နိုင်ငံခြားခရီးသွားများထံမှ ပစ္စည်းလုယူခံရမှုဖြစ်စဉ် သည် ၂၀၁၄ ခုနှစ်တွင် ပထမဆုံးဖြစ်စဉ်ဖြစ်ပြီး၂၀၁၃ ခုနှစ်က ကိုးကြိမ်ထိ ဖြစ်ပွားခဲ့သည်။

‘‘ဘယ်ဂျီယမ်နိုင်ငံသူ ပစ္စည်းလုယူခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့လူတစ်ယောက်ကို ဖမ်းထားပါတယ်။ စစ်ဆေးနေတုန်းပါ။ မတ် ၁၅ ရက် ညနေ ၄ နာရီအချိန် လောက်မှာ အလိုတော်ပြည့်ဘုရားနားမှာဖြစ်တာပါ’’ ဟု ပုဂံမြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှ သြဂုတ်အထိ ပုဂံမြို့သို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများထံမှ ပစ္စည်းလုယူခံရမှု ကိုးကြိမ်ဖြစ်ပွားခဲ့ရာမှ သုံးကြိမ်သာ တရားခံဖမ်းမိသည်ဟု ညောင်ဦးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဖြစ်စဉ်တိုင်းတွင် စက်ဘီးဖြင့်လှည့်လည်သော ခရီးသွားများထံမှ ပစ္စည်းများလုယူခံရကြောင်း တရားခံဖမ်းမိသော ဖြစ်စဉ်သုံးခုတွင် အသက် ၂၀ အရွယ် လူငယ်များ ဖြစ်နေကြောင်း ပစ္စည်းလုယူခံရသော နိုင်ငံခြားသားများက ပြောကြားကြသည်။

‘‘အရင်ဖြစ်တာတွေက နေ၀င်ချိန်ကြည့်ပြီးပြန်တဲ့အချိန်တွေ ဖြစ်တာများတယ်။ အခုဖြစ်တဲ့အချိန်က လေးနာရီလောက်ဆိုတော့ ရဲတပ်ဖွဲ့တွေသတိမထားတဲ့အချိန်ကို လုပ်သွားတာ။ ပုဂံမှာလည်း ပျံကျသမားတွေရော၊ ဘယ်ကနေလာမှန်းမသိတဲ့သူတွေရော လူစုံနေပြီ။ ဒေသခံတွေလုပ်တာတော့ မဖြစ်နိုင်ဘူး’’ဟု ပုဂံဒေသတွင်း ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောသည်။

ပုဂံညောင်ဦးမြို့တွင် ၂၀၁၃ ခုနှစ် မတ်လအတွင်းက ခရီးသွားစောင့်ရှောက်ရေးရဲတပ်ဖွဲ့ (၃၂) ဦး ချထားပေးခဲ့ရာ ရဲတပ်ဖွဲ့အင်အားမလုံလောက်မှုကြောင့် ဇူလိုင်လ ၁၀ ရက်က ခရီးသွားစောင့်ရှောက်ရေးရဲတပ်ဖွဲ့ (၂၂)ဦး ထပ်မံ တိုးမြှင့်ချထားပေးခဲ့သည်။

လက်ရှိ ပုဂံညောင်ဦးဒေသတွင် စုစုပေါင်းရဲတပ်ဖွဲ့အင်အား (၆၄)ဦး ရှိနေသည်။

အဆိုပါခရီးသွားစောင့်ရှောက်ရေးရဲတပ်ဖွဲ့တွင် အမျိုးသမီး ရဲမေ (၃၂)ဦး ပါဝင်သည်။

7day daily