ဆေးယဉ်ပါး တီဘီ လူနာများအတွက် အမေရိကန်ဒေါ်လာ ၁၉ သန်း 3MDG ထောက်ပံ့မှု ယခုနှစ်စမည်

ပို့စ်တင်ချိန် - 3/23/2014 10:06:00 AM




ရန်ကုန်၊ မတ် ၂၂

မြန်မာနိုင်ငံတွင်းရှိ ဆေးယဉ်ပါး တီဘီ လူနာများအတွက် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG) က ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၉ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း 3MDG ၏ မတ်လ ၂၁ ရက် ထုတ်ပြန်ချက် အရ သိရှိရသည်။

ယင်းထောက်ပံ့မှုဖြင့် ဆောင်ရွက် အကောင်အထည်ဖော်မှုကို ယခုနှစ် စတင်မည်ဖြစ်ရာ စတင်မည့် အချိန်ကိုမူ မသိရှိရသေးပေ။ ယင်းထောက်ပံ့မှု အတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် 3MDG တို့ မတ်လ ၂၄ ရက်တွင် လက်မှတ် ရေးထိုးဖွယ် ရှိကြောင်းကိုမူ NGO အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင်းရှိ ရိုးရိုးတီဘီ ရောဂါရှင်များအတွက် အဆိုပါ အဖွဲ့က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၂ သန်း ထောက်ပံ့မည် ဖြစ်ပြီး ယင်းထောက်ပံ့မှု အတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG) တို့ မတ်လ ၂၄ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့တီဘီရောဂါနေ့တွင် ငွေကြေးဆိုင်ရာ သဘောတူညီချက် အတွက် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်းနှင့် ဧပြီလတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း 3MDG ထံမှ သိရသည်။

ဆေးယဉ်ပါး လူနာများအတွက် စီမံကိန်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်မည် ဖြစ်ရာ ဆေးယဉ်ပါး တီဘီလူနာ ၁၈၀၀ ကို ဆေးကုသမှု ပေးခြင်း၊ လူနာရှာဖွေခြင်း၊ အာဟာရ ထောက်ပံ့ခြင်း၊ ခရီးစရိတ် ထောက်ပံ့ခြင်းတို့တွင် အသုံးပြုမည် ဖြစ်ကြောင်း 3MDG ထံမှ သိရှိရသည်။

“အဓိက ဆေးယဉ်ပါးတီဘီ ဖြစ်တာက လူနာက ကျန်းမာရေး အသိပညာ အားနည်းတဲ့အတွက် ဆေးကို မှန်မှန် မသောက်ဘူး။ ဝန်ထမ်းတွေက အိမ်တိုင်ရာရောက် ဆေးပေးတာ နည်းတဲ့အတွက် ဆေးရဖို့ ခက်ခဲတယ်။ ဝန်ထမ်းကရော ဘယ်လောက်ထိ လိုက်ပို့ပေးနိုင်မှာ မို့လို့လဲ။ ဆေးရုံဆေးခန်း ကြောက်တာအပြင် သွားဖို့ ခရီးစရိတ် မတတ်နိုင်ကြတာကြောင့်လည်း မကုနိုင်ဘဲ အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်တာတွေလည်း ရှိတယ်။ တီဘီရောဂါနဲ့ ပတ်သက်ပြီး လူတွေ သေသေချာချာ သိအောင် ထိရောက်တဲ့ အသိပညာပေးခြင်းကို လုပ်စေချင်တယ်” ဟု ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်လှစ်ထားသည့် အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

အဆိုပါ ရန်ပုံငွေကို မြို့နယ်ပေါင်း ၃၂၀ ရှိ စာရင်းမဝင်သည့် တီဘီလူနာများ ရှာဖွေခြင်း၊ ဝေးလံပြီး သွားလာရန် ခက်ခဲသော ဒေသမှ ငွေကြေးချို့တဲ့သူ လူနာများနှင့် တီဘီရောဂါ ဖြစ်နှုန်း မြင့်မားနိုင်သည့် နေရာများ အတွက် ရွေ့လျားတီဘီ ရောဂါရှာဖွေ ကုသရေး အဖွဲ့များဖြင့် ကွင်းဆင်း ရောဂါ ရှာဖွေခြင်းများနှင့် တီဘီရောဂါ ရှိသော မိခင်နှင့် ကလေးငယ်များကို ထောက်ပံ့ခြင်းတို့တွင် သုံးစွဲမည် ဖြစ်ကြောင်း 3MDG ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ကိုးထောင်နီးပါးသည် ဆေးယဉ်ပါး တီဘီရောဂါ ကူးစက်ခံနေရသော်လည်း ဆေးယဉ်ပါး လူနာ ၈၀၀ ကျော်ကိုသာ ဆေးဝါးထောက်ပံ့မှု ပေးနိုင်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပသော ဆေးယဉ်ပါး တီဘီ ရောဂါတိုက်ဖျက်ရေး ဆွေးနွေးပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကျန်းမာရေး ဝန်ကြီးဌာနက ဆေးယဉ်ပါး တီဘီရောဂါ စီမံကိန်းမြို့နယ် ၃၈ ခုနှင့် တီဘီ၊ HIV လူနာများအတွက် ၂၈ မြို့နယ် ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကလေး သေဆုံးနှုန်းကို လျှော့ချရန်၊ မိခင်များ၏ ကျန်းမာရေး တိုးတက် ကောင်းမွန်ရန်၊ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါများကို တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ပံ့ပိုး ကူညီပေးသွားမည် ဖြစ်ကြောင်း၊ ယင်းရန်ပုံငွေကို သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ နော်ဝေ၊ ဆွီဒင်၊ ဗြိတိသျှနှင့် အမေရိကန် ပြည်ထောင်စုတို့က ပံ့ပိုးကူညီထားပြီး United Nations Office for Project Services (UNOPS) က အဓိက စီမံခန့်ခွဲမည် ဖြစ်ကြောင်း 3MDG ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

The Voice Weekly