ယခင် MIC ဥက္ကဋ္ဌလက်ထက် ခွင့်ပြုပေးခဲ့သည့် London စီးကရက်ကုမ္ပဏီ ဥပဒေချိုးဖောက်နေမှုကို မတ် ၃၁ ရက် နောက်ပိုင်း စစ်ဆေးမည်ဟု MIC တာဝန်ရှိသူ ပြောကြား

ပို့စ်တင်ချိန် - 3/23/2014 09:22:00 AM


Written by:
မာန်သူရှိန်


မြန်မာနိုင်ငံတွင် စီးကရက် ထုတ်လုပ်ရန်အတွက် ခွင့်ပြုပေးထားသော British American Tobacco Myanmar Limited သည် ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ သတ်မှတ်ထားသည့် ပြည်ပတင်ပို့ရမည်ဟူသော စည်းကမ်းချက်ကို မတ် ၂၀ ရက်အထိ လိုက်နာမှုမရှိဘဲ ပြည်တွင်း၌သာ ရောင်းချနေမှုအပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ၏ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် အမိန့် ကြော်ငြာစာ ၁/၂၀၁၃ အရ မြန်မာနိုင်ငံတွင် စီးကရက်ထုတ်လုပ်ခြင်းအား ရင်းနှီးမြှုပ်နှံမည်ဆိုပါက “ပြည်ပသို့ ရာခိုင်နှုန်း ၉၀ တင်ပို့ရမည်”ဆိုသော စည်းမျဉ်းစည်းကမ်းကို  သတ်မှတ် ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

အဓိကအားဖြင့် ပြည်တွင်း၌ ၁၀ ဘူး ရောင်းချလျှင် ပြည်ပသို့ ဘူး ၉၀ တင်ပို့ရန် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဖြစ်သည်။

သို့သော် London အမှတ်တံဆိပ် စီးကရက်ကို ထုတ်လုပ်ဖြန့်ဖြူးနေသော British American Tobacco Myanmar Limited သည် ၂၀၁၄ ခုနှစ် မတ် ၂၀ ရက် ရောက်သည်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်ပင် ပို့ကုန်လိုင်စင် လာရောက်ရယူထားခြင်း မရှိသေးကြောင်း၊ ပြည်တွင်း၌မူ နိုင်ငံအနှံ့ဖြန့်ဖြူး ရောင်းချလျက်ရှိရာ ဥပဒေပါ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာ ရောက်နေခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “ British American Tobacco Myanmar Limited အမည်၊ London အမည်နဲ့ ပြည်ပတင်ပို့ဖို့ လိုင်စင်ယူထားတာ မတ် ၂၀ ရက်အထိတော့ မရှိသေးပါဘူး”ဟု ပြောကြားခဲ့သည်။

British American Tobacco Myanmar Limited သည် ပြည်တွင်း၌ ရောင်းချရန်အတွက် London စီးကရက် ပုံးပေါင်း ၁၁၄၀၀၀ အတွက် အခွန်တံဆိပ်ခေါင်းများ ယူထားသည်ဟု ပြည်တွင်းထုတ် ဂျာနယ်တစ်ခုတွင် ဖော်ပြထားခဲ့သည်။

အကယ်၍ အဆိုပါ ပုံးပေါင်း ၁၁၄၀၀၀ အထိ ပြည်တွင်း၌ ဖြန့်ဖြူးခဲ့သည်ဆိုပါက ပုံးပေါင်းတစ်သန်းကျော်ကို ပြည်ပသို့တင်ပို့ရမည် ဖြစ်သည်။

စီးကရက်တစ်ပုံးတွင် ဘူးငယ်ပေါင်း ၅၀၀ ပါဝင်သည့်အတွက် ဘူးငယ်ပေါင်း သန်း ၅၀၀ အထိ ပြည်ပ တင်ပို့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ မတ် ၃၁ ရက်မှာ ဘဏ္ဍာနှစ် ကုန်ပါမယ်။ ဥပဒေအရ ၉၀ ရာခိုင်နှုန်း ပြည်ပပို့ရမယ်လို့ သတ်မှတ်ထားပါတယ်။ အကောက်ခွန်စာရင်း၊ စီးပွားကူးသန်းစာရင်းတွေ အပါအ၀င် သက်ဆိုင်တဲ့ဌာနတွေက စာရင်းဇယားတွေနဲ့ တိုက်ပြီး စစ်ဆေးသွားမှာပါ။ စည်းမျဉ်းစည်းကမ်းနဲ့ မညီရင် အရေးယူသွားပါမယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်၌ စီးကရက် ထုတ်လုပ်သည့်လုပ်ငန်း၊ အရက်ဘီယာလုပ်ငန်းများကို ဆက်တိုက်နီးပါး ခွင့်ပြုပေးခဲ့ပြီး စီးကရက်စက်ရုံ အနည်းဆုံးနှစ်ရုံနှင့် အရက်ဘီယာစက်ရုံ အနည်းဆုံး ခုနစ်ရုံအထိ ချထားပေးခဲ့ခြင်း ဖြစ်သည်။

London အမှတ်တံဆိပ် စီးကရက်ကို ထုတ်လုပ်ဖြန့်ဖြူးနေသော British American Tobacco Myanmar Limited အပါအ၀င် စီးကရက်၊ အရက်၊ ဘီယာစက်ရုံကို ထုတ်လုပ်ရောင်းချခွင့် ပြုရာတွင်လည်း ယခင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌလက်ထက်တွင် အများဆုံး ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

News Eleven