သုံးသိန်းကျော် ပေးရန်မလို

ပို့စ်တင်ချိန် - 3/23/2014 10:11:00 PM


သမ္မတကြီး ဦးသိန်းစိန်က သုံးသိန်းအထက် လက်ဆောင်ယူလျှင် လာဘ်ပေးလာဘ်ယူ အဖြစ် သတ်မှတ်ပြီး အရေးယူမည်ဟု အမိန့်ထုတ်လိုက်သည်။ ဝန်ထမ်းတွေက သမ္မတကြီးကို ကျေးဇူးတင်ကြသည်။ သူတို့ ရင်ထဲက အလုံးကြီး ကျသွား၍ ဖြစ်သည်။ စိတ်ထဲလည်း ပေါ့သွားကြသည်။ တော်ပါသေးရဲ့ဟုလည်း ရေရွတ်ကြသည်။

အခုမှ ဂဏန်းငြိမ်သွားသည်။ သုံးသိန်းအောက် ဆိုလျှင် အရေးမယူဘူးဟု ကိုယ့်ဘာသာ တွေးထင်လိုက်ကြသည်။ လက်ပေးလက်ယူ၊ ခြေထောက်ပေး ခြေထောက်ယူသည့် ကိစ္စက ဟိုးအရင်ခေတ် တစ်လျှောက်လုံး စွဲခဲ့ပြီးသွားပြီ။ ဖျောက်ဖျက်ရန် ခက်သည်။ ဝန်ထမ်းတွေကလည်း ကြိုက်ကြသည်။ ပြည်သူများကလည်း ခိုက်ကြသည်။ ဝန်ထမ်းတွေက လက်ဖက်ရည်ဖိုးလေးမှ မတောင်းလိုက်ရလျှင် စိတ်ထဲ ခိုးလုလု ဖြစ်တတ်သလို ပြည်သူတွေကလည်း မုန့်ဖိုးလေးမှ မပေးလိုက်ရလျှင် စိတ်ထဲမကောင်း။ “အို...အားနာစရာကြီး” ဟု ရေရွတ်ကြသည်။

ခေတ်ပြောင်းခါစမှ ယခု အချိန်အထိ ဝန်ထမ်းတွေခမျာ ကျီးလန့်စာစား ဖြစ်ခဲ့ရသည်။ ဘယ်အချိန်များ လာဘ်စားတယ် ဆိုပြီး အရေးယူ ခံရမလဲဟု တွေးလန့် နေကြရသည်။ အစကတော့ သိပ်မဆိုးသေး။ နောက်ပိုင်းတော့ လွှတ်တော်က လူကြီးတွေ အိပ်ရာမှ နိုးပြီး လာဘ်ပေးလာဘ်ယူ ဥပဒေတွေ၊ ဘာတွေ ပြဋ္ဌာန်းလာကြသည်။ ဟိုကော်မရှင်၊ ဒီကော်မရှင်တွေကလည်း တရားရုံးတွေ၊ မတရားရုံးတွေ လိုက်စစ်သည်။ ထို့ကြောင့် ဝန်ထမ်းတွေ ကျီးလန့်စာစား ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ စစ်အစိုးရခေတ် ဆိုလျှင် ဒါမျိုးမဖြစ်ဟု ဆိုကာ အရင်ခေတ်ဟောင်းကို ပြန်တမ်းတသည့် ဝန်ထမ်းတွေလည်း များလှသည်။ ခေတ်ပြောင်းပြီးနောက် ဝန်ထမ်းတွေခမျာ လက်ဆောင်နှင့် ငွေကြေးကို ပုံမှန် ဖောက်သည်တွေဆီကပဲ ယူရဲတော့သည်။ ဒါတောင် ခပ်လန့်လန့် ဖြစ်သည်။ မတော်လို့ တိုင်လိုက်လျှင် ပြုတ်သွားနိုင်သည်။ အရင်တုန်းက လက်ဖက်ရည်ဖိုးနှင့် စေတနာကြေး ပေးနေကြ လူများကလည်း ခေတ်ပြောင်းပြီးနောက် လူပါးဝလာသည်။ တောင်းတိုင်း မပေးတော့။ တိုင်မည်တောမည် လုပ်ပြီး ညစ်တတ်လာကြသည်။

ဟိုးအရင်ခေတ်ကလို ဘယ်လောက်ပေးမှ လုပ်ပေးနိုင်မယ်လို့လည်း မပြောရဲ။ ဂျာနယ်တွေထဲ ပါမှာလည်း ကြောက်ရသေးသည်။ စေတနာ ရှိသလောက်သာ ပေးပါဟု ပြောရသည်။ အချို့ကလည်း တော်တော် စေတနာရှိသည်။ အချို့ လူတွေကလည်း စေတနာ နည်းသည်။ ဒါကြောင့် ရုံးခန်းများတွင် “စေတနာသည် ကံ” ဟူသော စာတန်းကို ချိတ်ထားရခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အခုတော့ အေးအေးဆေးဆေး ဖြစ်သွားပြီ။ ပေါ်တင် တောင်းရဲပြီ။ သုံးသိန်း မပြည့်အောင် တောင်းလျှင် ဘယ်သူ့ကိုမှ တိုင်လို့မရ။ တိုင်ချင်ရာတိုင် ငါတောင်းတာတောင် သုံးသိန်း မပြည့်ဘူးဟု ခါးကော့ ရင်မော့ကာ ပြောနိုင်ပြီ။ အရင်ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တစ်ခါဝင်လျှင် ၂၀၀ ကျပ် ပေးရသည်။ ယခုဆိုလျှင် ဝင်ကြေး ဈေးတက်သွားမည် ထင်သည်။ တစ်ခုခု ဖြစ်လာလျှင် သုံးသိန်းမပြည့်ဟု စောဒက တက်လိမ့်မည်။ သုံးသိန်း မတောင်းဘဲ နှစ်သိန်းလောက် တောင်းသည့် ဝန်ထမ်းကိုပင် ကျေးဇူးတင်စရာ ကောင်းမည့် ပုံစံဖြစ်သည်။

ကမ္ဘာတွင်တော့ မြန်မာနိုင်ငံက လာဘ်ပေးလာဘ်ယူမှု အများဆုံး နိုင်ငံအဖြစ် စာရင်းပေါက်သည်။ နောက်ဆိုလျှင် ထိုစာရင်း ပျောက်သွားတော့မည်။ မြန်မာနိုင်ငံတွင်တော့ သုံးသိန်းအောက်က လာဘ်ပေးလာဘ်ယူမှု မမြောက်ကြောင်း သမ္မတကြီး ကိုယ်တိုင်က အမိန့်စာ ထုတ်ပြီး သက်သေပြလိုက်ပြီဟု ယူဆနေကြသည်။ နောက်ဆိုလျှင် နိုင်ငံတကာက လူတွေ မြန်မာနိုင်ငံမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်ချင် လာလိမ့်မည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့လာဘ်ပေးမှု အများဆုံး နိုင်ငံအဖြစ်မှ လျော့ကျသွားတော့မည် ဖြစ်သည်။ သုံးသိန်းအထိသည် လာဘ်ပေးမှု မမြောက်သောကြောင့် ဖြစ်သည်။ သမ္မတကြီး အမြော်အမြင်ကြီး လွန်းသည်ဟု စိတ်ထဲမှ ကျိတ်ကာ ညတိုင်း ထိုင်ကန်တော့ကြသည်။

တကယ်တော့လည်း သုံးသိန်း အထက်က ကြီးကြီးပိုင်းတွေမှာသာ အဖြစ်များသည်။ အငယ်ပိုင်းတွေ ကတော့ သောင်းကြီးပိုင်း လောက်နဲ့သာ ပြီးတာ များသည်။ ဒီအမိန့် သက်ရောက်မှုက အကြီးပိုင်းတွေကိုသာ ထိခိုက်နိုင်သည်ဟု ထင်စရာ ရှိသည်။ ဒါပေမဲ့ အကြီးပိုင်းတွေက နပ်သည်။ ပါးသည်။ ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံတွေ ရှိသည်။

ဟိုးအရင် နယ်မြို့ကြီး တစ်မြို့တွင် ပြည်သူ့ဝန်ထမ်း အရာရှိကြီး တာဝန် ထမ်းဆောင်သည်။ ထိုအရပ်တွင် လောင်းကစား ကိစ္စတွေ ဖြစ်ထွန်းသည်။ လောင်းကစား ဒိုင်များက အရာရှိကြီးကို လာဘ်ထိုးသည်။ မရ။ အရာရှိကြီးက မယူ။ တစ်ခွန်း နှစ်ခွန်းပဲ ပြန်ပြောသည်။
“ဒီတစ်ပတ် ပေါက်မယ့် အကွက် ၁၀၀၀ ဖိုး ထည့်ထားလိုက်” ဆိုသော စကားနှင့် “ဒီနေ့ည နိုင်မယ့်အသင်း တစ်သိန်းဖိုးလောက် ထည့်ထားလိုက်ကွာ” ဆိုသည့် စကားများသာ ဖြစ်သည်။
ထိုအရာရှိကြီး အပတ်တိုင်း၊ ညတိုင်း နိုင်လေသည်။ ဒါကြောင့် ယခု သုံးသိန်းအထက် လက်ဆောင်ယူလျှင် လာဘ်စားသည်ဟု သတ်မှတ်မည် ဆိုတော့ အခြား နည်းလမ်းများကို ရှာလိမ့်မည်။ နည်းလမ်းများလည်း ရှိသည်။

တစ်ခါက လူကြီးတစ်ဦး ကားရှိုးရွန်းသို့ သွားရောက် လည်ပတ်သည်။ ရှိုးရွန်း ပိုင်ရှင်ကလည်း ထိုလူကြီးနှင့် ပတ်သက်မှု ရှိနေသည်။ လူကြီးက “ဒီကားလေး လှလိုက်တာ။ ဘယ်လောက်လဲကွ” ဟု သိန်းရာထောင်ချီ တန်သည့် ကားကြီးကို ကြည့်ရင်း မေးလိုက်သည်။ ရှိုးရွန်း ပိုင်ရှင်က “အဘအတွက်ဆိုရင် ဒီကားကို တစ်သိန်းနဲ့ ရောင်းပေးပါမယ်” ဟု ပြောလိုက်သည်။ လူကြီးက “ဒါဆို လည်း နှစ်သိန်းပေးမယ်။ ဒီကားမျိုး နှစ်စီး ငါ့အိမ်ကို ပို့ထားလိုက်” ဟု ပြောသွားသည်။

အချို့ကလည်း ဂေါ့ဖ်ရိုက်ရင်း အရှုံးပေးလိုက်ကြသည်။ အချို့ကလည်း သုံးသိန်းအောက် ဆိုတော့ ၂၉၉,၉၉၉ ကျပ်ကို အကြိမ်ကြိမ် ခွဲပေးမည်ဟု စဉ်းစားကြသည်။

လာဘ်ထိုးနည်းက သူ့နည်းနှင့် သူရှိသည်။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းငယ်တွေ အတွက်တော့ အသက်ရှူ ချောင်သွားသည်။ ဒါပေမဲ့ စည်းကမ်း လိုက်နာမှ ဖြစ်မည်။ သုံးသိန်းတော့ ကျော်လို့ မဖြစ်။ လက်ဆောင်ပေးမည့် လူများကိုလည်း တိုးတိုးတိတ်တိတ် မှာထားရမည်။ နှစ်သိန်းကိုးသောင်း ကိုးထောင့်ကိုးရာ ကိုးဆယ့်ကိုးကျပ် တန်လောက်သာ လုပ်ပါဟု ပြောရမည်။
နောက်ဆိုလျှင် ဆောင်ပုဒ်တွေ ဘာတွေတောင် ပြောင်းလာနိုင်သည်။

“လာဘ်ပေးရန်မလို” ဟူသော စာသားအစား “သုံးသိန်းကျော် ပေးရန်မလို” ဟူသော စာသား ပြောင်းချိတ်လိမ့်မည်။ အခုတောင် ဆိုင်းဘုတ် အပ်ပြီးလောက်ပြီ ထင်သည်။

ဝန်ထမ်းများကတော့ အခု အမိန့်သည် သမ္မတကြီးက ဝန်ထမ်းများ၏ ဘဝကို မြှင့်တင်ခြင်း ဖြစ်သည်ဟု ထင်လိမ့်မည်။ ယခုတော့ သောင်းပိုင်းလောက် ရနေသော ဝန်ထမ်းတွေ ဈေးတက်သွားပြီ။ သုံးသိန်းတန်တွေ ဖြစ်သွားပြီ။ ဝန်ထမ်းတွေကတော့ “သြော်...သမ္မတကြီးက ငါတို့ လခတွေ မလောက်မင ဖြစ်နေတာကို ကူညီတာပဲ” ဟု တွေးကာ ကျေးဇူးတင်သည်။ “သမ္မတကြီး စေတနာကို အသိအမှတ် ပြုသောအားဖြင့် ၂၉၉,၉၉၉ လောက် တောင်းလိုက်ဦးမှပါ” ဟုလည်း တွေးကြသည်။

အချို့ လူတွေကတော့ ငါတို့ အစိုးရဝန်ထမ်း မလုပ်မိတာ နာလေခြင်းဟု တွေးကြသည်။ ပြည်သူတွေ ကတော့ ဖိုးပေးချင်များ ဖြစ်သည်။ အစစအရာရာ ကြပ်တည်းသည့် ခေတ်များကို ဖြတ်သန်းလာခဲ့ရသဖြင့် ကိုယ့်ကိစ္စ တစ်ခုခု အောင်မြင်သွားလျှင် ဆောင်ရွက်ပေးသည့် ဝန်ထမ်းကို ကျေးဇူးတင်သည်။ အမှန်တော့ ဝန်ထမ်းကလည်း ဝန်ထမ်းအလုပ် လုပ်ခြင်းသာ ဖြစ်သည်။ လုပ်ငန်း အောင်မြင်သဖြင့် ဝန်ထမ်းတွေကို လက်ဆောင်ကြီးငယ် ပေးခဲ့ကြသည်။ ဝန်ထမ်းများကလည်း တစ်ခါ ရဖူးသွားလျှင် အရူးအမဲသား ကျွေးမိသလို လုပ်ပေးတိုင်း တောင်းတော့သည်။ စီးပွားရေးသမား အချို့လည်း စီးပွားရေးအကွက် အကွင်းမြင်သည်။ ၁၈၀၀ ကျပ်တန် ဆိုင်တွေ ရှိသလို သုံးသိန်း မကျော်သော ဆိုင်တွေ ဖွင့်ဖို့ ပြင်ဆင်နေကြသည်။ လက်ဆောင်ပစ္စည်း သီးသန့် ရောင်းလိမ့်မည်။ အချို့ပစ္စည်းများ သုံးသိန်းကျော်နိုင်သော်လည်း ဘောက်ချာတွင် လျှော့ရေးလိမ့်မည်။ ဈေးကိုတော့ ပိုယူမည့် သဘောမျိုး ဖြစ်သည်။

နောက်ဆိုလျှင်တော့ ၂၉၉,၉၉၉ ကျပ်နှင့် ပတ်သက်သည့် သတင်းတွေ ကြားလာရနိုင်သည်။ ဂျာနယ်များ၏ ထုံးစံအတိုင်း ၂၉၉,၉၉၉ ကျပ် မပေးနိုင်လို့ ထောင်ကျသူတို့၊ ၂၉၉,၉၉၉ ကျပ်ကြောင့် ဒုက္ခ ရောက်သွားသူများတို့ ခေါင်းစဉ် တပ်ကြလိမ့်မည်။ ဝတ္ထုတွေ ရေးကြမည်။ ဝတ္ထုထဲတွင် ဝန်ထမ်းဖြစ်နေသော မင်းသားက ၂၉၉,၉၉၉ ကျပ်တန် လက်ဆောင်ထင်၍ ယူလိုက်ပြီးမှ စစ်ဆေးရေး ဝင်သောအခါ ဈေးတက်သွားပြီး သုံးသိန်းကျော်နေသဖြင့် အရေးယူ ခံလိုက်ရသော ဇာတ်လမ်း။ ထိုဇာတ်လမ်းကို ရုပ်ရှင်တွေ ရိုက်ကြမည်။ ပြည်သူတွေက ဝန်ထမ်းကို သနားကြ။ မျက်ရည် ဘူးသီးလောက်ကျ။ အကယ်ဒမီတွေ ဘာတွေရ။ ကံကောင်းလျှင် နိုင်ငံတကာအထိ ပေါက်ပြီး မြန်မာ့နည်း မြန်မာဟန် ၂၉၉,၉၉၉ ကျပ်တန် လက်ဆောင်ကိစ္စလည်း ကမ္ဘာကျော် သွားနိုင်သည်။
ဘာပဲဖြစ်ဖြစ် ယခု အချိန်ကတော့ အစိုးရ ဝန်ထမ်းများ ကံဇာတာ အမြင့်ပိုင်းသို့ ရောက်နေလေပြီ။
အားကျစရာ ကောင်းလှပါဘိတောင်း။

စိုပြေ (သံချောင်းပါတီ)
The Voice Weekly