ကမ္ဘာတိုင်မယ့် မဟာဂနိုင်

ပို့စ်တင်ချိန် - 3/23/2014 04:50:00 PM


ဂျက်ကွမ်းခြံကုန်း

(တစ်)
တောလုံး အုန်းအုန်း ကျွက်ကျွက်ဆိုတာ ဒါမျိုးထင်ပါ ရဲ့။ ခြေလေးချောင်းတွေရော၊ ခြေနှစ်ချောင်းတွေရော၊ တွားသွားတွေရော၊ ရေထဲမိုးထဲမှာမှ ပျော်ပါးတဲ့အကောင်တွေရော အစုံအစုံ။ တစ်ကောင်တစ်မြီးမှမကျန် စုံနံ့သာမြိုင်ယံတစ်ခုလုံး ရုံးရုံးစုစုဖြစ်တဲ့နေ့လို့ပဲ ဆိုလိုက်ကြပါစို့ရဲ့။

‘‘စုံနံ့သာမြိုင်.. တစ်ခေတ် ဆန်းခဲ့ပါပြီ အဆွေတို့’’

အဲသဟာ မြေခွေးရဲ့မိန့်ခွန်း ကို စ,စချင်းဖွင့်လိုက်တဲ့ နှုတ်ခွန်း ဆက်စကားပါပဲ။ ခွေးအ လေးငါး ခြောက်ကောင်က သဘောကျ လွန်းလို့ထင်ပါရဲ့။ အူလိုက်တာ များဆိုတာ သံရှည်ကြီးကိုဆွဲလို့။ သြော်.. စုံနံ့သာမြိုင်တစ်ခေတ် ဆန်းပြီတဲ့။ ဟုတ်ကဲ့။ အနှီစကား ဟာဖြင့် မှားတော့လည်း မမှားပေ ဘူးပေါ့။ စုံနံ့သာမြိုင်လို တိရစ္ဆာန် တို့ကျက်စားနေထိုင်ကြရာ တော ကြီးအတွင်းကို မလှမ်းမကမ်း အရပ်တစ်ပါးဆီက လူသားဆိုသူတို့ရောက်ရှိလို့လာခဲ့ကြပေတာကိုး။ အဲသဟာကို တစ်ခေတ်ဆန်းပြီလို့ပြောမယ်ဆိုရင်လည်း  ပြော လောက်စရာပေပေါ့။  ဟုတ်ပ။ မြေခွေးပြောတဲ့အတိုင်း တစ်ခေတ်ဆန်းပြီလို့ ဆိုလိုက်ကြပါစို့။

အဲဒီနေ့က တိရစ္ဆာန်တွေကို အုပ်စုကြီးနှစ်စု ခွဲထားခဲ့တာခင်ဗျ။ တစ်စုက အသားစားသတ္တဝါများ တဲ့။ တစ်စုက အသားမစားသတ္တ ဝါများ။ အဲနီးမဲစတုဒိသာဆိုလား ဘာဆိုလား။ ကိုယ်ကြိုက်တာ ကိုယ်စား။ အသားစားသတ္တဝါများ အတွက်က တောဝက်သား၊ အမဲ သား၊ ဂျီသား၊ ဆတ်သား၊ ဒရယ် သား၊ သမင်သား၊ ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုးစုံနေလိုက်ပုံများ။ အသားမစားတဲ့အကောင်တွေ အတွက်ကတော့  ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ ပိန္နဲသီး၊ မာလကာသီး၊ ကြံ၊ ကန်စွန်းရွက်၊ မြက်၊ စပါး၊ ဂျုံ၊ မုန်လာ၊ မုန်ညင်း၊ ပုတတ်စာနဲ့ ငရုတ်သီးကလေး များတောင်ပါဝင်ပါသဗျ။ ကြိုက် တဲ့တိရစ္ဆာန်လာ။ အဝစား။ အဲနီး မဲ စတုဒိသာ။

အဲဒီ အဲနီးမဲ စတုဒိသာပွဲကြီး မှာ မြေခွေးက မိန့်ခွန်းမြွက်ကြား တာပါ။ စုံနံ့သာမြိုင်တစ်ခေတ် ဆန်းခဲ့ပါပြီတဲ့။ တောရဲဦးသျှောင် မြေခွေးမောင် စ,စချင်းပြောလိုက် တဲ့စကားပေါ့။

အဲနီးမဲ စတုဒိသာပွဲကြီးကို ဝှဲချီးဆင်ယင်ကျင်းပပေးတာက မလှမ်းမကမ်းအရပ်တစ်ပါးဆီက လူတွေ။ အသားဝါဝါနဲ့။ နှာခေါင်း တိုတိုနဲ့။ မျက်လုံးပိတ်ပိတ်နဲ့။

သူတို့က သစ်တောနဲ့ သစ် တောထွက်ပစ္စည်းရောင်းဝယ် ဖောက်ကားရေးလုပ်ငန်းအတွက် တစ်တောလုံးကို လေလံဆွဲထား တဲ့ လူတွေကိုး။ အဲသမှာ အနှီလူ တွေက တောတွင်းတိရစ္ဆာန်နဲ့ လူ တို့အပြန်ပြန်အလှန်လှန် ကူးလူး ဆက်ဆံ ရောင်းဝယ်ဖောက်ကားမှု မြန်ဆန်စေရန်ဟူသောအလို့ငှာ စုံနံ့သာမြိုင်တောကြီးကိုဖြတ်ကာ လမ်းမကြီးတစ်ခု ဖောက်ပေးချင် ပါသဗျာဟု အကြံပြုတိုက်တွန်း လာသောအခါ မြေခွေးက သူ့ အနားမှာ ဝန်းရံခနေတဲ့ ဝံပုလွေ များ၊ ခွေးအများ၊ ကမ္ဘာ့လိပ်ကြီး များ၊ ကျားများ၊ ဆင်များ၊ ခြင်္သေ့ များနဲ့ ဆွေးနွေးနှီးနှောကြည့်လိုက် တဲ့အခါ ဒါဟာ တိရစ္ဆာန်လောက တစ်ခေတ်ဆန်းဖို့ဖြစ်လာတာပဲဆိုတဲ့အဖြေကိုရကြသဗျ။  တိုတို ပြောရရင် စုံနံ့သာမြိုင်တောကြီး ကိုဖြတ်ကာ လမ်းဖောက်ကြစေ ဆိုပါတော့။ အဲသမှာ လောက ဓာတ်တစ်ဝန်းမှာဖြင့် တောတစ် ဇာတ်ဆန်းလေပြီဆိုတဲ့ အထိမ်း အမှတ်နဲ့အဆိုပါ လူသားတို့က အကုန်အကျခံပြီး အဲနီးမဲစတုဒိသာ တည်ခင်းဧည့်ခံကျွေးမွေးတာပါ တဲ့ခင်ဗျ။

အနှီပွဲမှာ တည်ဆဲခေါင်း ဆောင်ကြီး မြေခွေးက မိန့်ခွန်း မြွက်ဟခဲ့လေတာပါ။ ဘာတဲ့.. အခုနပြောခဲ့ပြီးပါပြီ။ မိန့်ခွန်းကို စ,တင်လိုက်ပုံက လှလိုက်တဲ့ စကား။ စုံနံ့သာမြိုင်တစ်ခေတ် ဆန်းခဲ့ပါပြီဟူလို။

(နှစ်)
‘‘ပတ္တမြားကိုဖြင့်

ရွှေကွပ်ခဲ့လေပြီ’’တဲ့။

သည်မှာ ဘက်နှစ်ပိုင်းတွေ ထဲမှာ  မြေခွေးတော်တော့ကို စကားတတ်လာတာကိုး။ အခု လည်းကြည့်။ မိန့်ခွန်းအစမှာ မြွက်ဟလာပုံက ရိုးရိုးစင်းစင်း ကြီးမဟုတ်။ အဆင်တန်ဆာနဲ့။ အလင်္ကာနဲ့။ ပတ္တမြားကို ရွှေနဲ့ ကွပ်ပြန်ပြီဆိုလား။ မြေခွေးမိန့် ခွန်းပြောနေတဲ့သစ်တုံးကြီးရဲ့ ပတ်ပတ်လည်မှာက လူတွေလူတွေ။ လက်နက်ကိုယ်စီနဲ့။ အယောက်လေးငါးခြောက်ဆယ်တစ်ရာဝန်းကျင်တော့ရှိမယ်ထင်ပါရဲ့။

‘‘ဘယ်တုန်းကမှ မရရှိဖူးတဲ့ လုံခြုံသမှုကို ကျွန်ုပ်တို့တောကြီး ရရှိခဲ့ပါပြီ.. အဆွေ.. တိရစ္ဆာန် အပေါင်းတို့.. တိရစ္ဆာန်နဲ့လူသား လွယ်ကူစွာ ရောင်းဝယ်ဖောက် ကားနိုင်ရန်အလို့ငှာ.. တောကို ဖြတ်ပြီး လူ့ရွာဆီလမ်းဖောက်ပေး ခဲ့ကြတဲ့.. ကျေးဇူးရှင်မဟာလူ သားတို့က လမ်းကိုအန္တရာယ်ရန် စွယ်.. မကျရောက်နိုင်စေရန်အလို့ ငှာ.. လက်နက်အစုံအလင်နဲ့ လမ်းကိုလုံခြုံရေးဆောင်ရွက်ပေး ပါတော့မယ်တဲ့ခင်ဗျ.. အဲသဟာ ကြောင့် ကျွန်ုပ်က တင်စားလိုက် ချင်ပါရဲ့.. ပတ္တမြားကို ရွှေကွပ်ခဲ့ ပြီ မဟုတ်တုံသလော.. မဟာ့ မဟာ.. အဟိတ်တိရစ္ဆာန်အပေါင်း တို့’’

မြေခွေးမင်းမိန့်ခွန်းမြွက်ဟ လို့အပြီး နောက်တစ်ရက်က စ,လို့ စုံနံ့သာမြိုင်ကို အူကြောင်း တည့်တည်ကနေဖြတ်သွားတဲ့ လူနဲ့တိရစ္ဆာန် အမြန်လမ်းမကြီး တစ်လျှောက်မှာ  လူလက်နက် ကိုင်တွေ ဖွေးဖွေးလှုပ်လို့။ ပတ္တမြားကို ရွှေကွပ်ခဲ့လေပြီထင့်။

(သုံး)
‘‘ရှင်ဘုရင့်ပုဆိုးနှယ် ပိုးတွေ ချည်းဖြစ်ကုန်ပါရော့’’

မြေခွေးကဖြင့် သူ့တောကို သူညွှန်းလို့ကို မပြီးနိုင်တော့ပါ ဘူး။ တစ်ခေတ်ဆန်းပြီလို့ပြော လိုက်၊ ပတ္တမြားကို ရွှေကွပ်ပြီလို့ ပြောလိုက်၊  ရှင်ဘုရင့်ပုဆိုးလို ပိုးတွေချည်းဖြစ်ကုန်ပြီလို့ပြော လိုက်။

အသားဝါဝါ၊ နှာခေါင်းတို တို၊ မျက်လုံးပိတ်ပိတ်နဲ့ ကျေးဇူး ရှင်လူသားတို့ ဖောက်ပေးထားတဲ့ လမ်းကြီးပေါ်ကနေ သစ်ပင်၊ သစ် လုံး၊ သစ်သား၊ သစ်ချောင်း၊ ဆင် စွယ်၊ ကျားသစ်အရေခွံ၊ ကျားရိုး၊ စပါးကြီးသည်းခြေ၊ မိကျောင်း အရေခွံ၊ ပျားရည်၊ ငှက်သိုက်၊ တောသား၊ တောင်သား လွတ် လွတ်လပ်လပ်ကြီး စီးဆင်းသွား နေလိုက်ကြရုံသာမက စုံနံ့သာ မြိုင်ရဲ့ စီးပွားရေးကို အဘယ်သူ တစ်ယောက်ကမှ မနှောင့်ယှက် နိုင်ရန်အလို့ငှာ လမ်းရဲ့လုံခြုံရေး ကိုပါ ယူပေးထားရုံနဲ့မပြီး မြေခွေး ရဲ့လုံခြုံမှုနဲ့ တောရဲ့လုံခြုံမှု အတွက်ကိုပါ အထူးလူသားတပ်ဖွဲ့များနဲ့ ဝန်းရံစောင့်ရှောက်ပေးပါရစေလို့ တောင်းဆိုလာပြန်တဲ့ အခါ စုံနံ့သာမြိုင်တောကြီးဟာ ရှင်ဘုရင့်ပုဆိုးလို ပိုးတွေချည်းဖြစ် ကုန်လေပြီလို့ မြေခွေးမင်းပြုံးပြုံး ကြီးနဲ့ မြွက်ဟလာခဲ့ပြန်လေတာ ပါ။

အဲ.. စုံနံ့သာမြိုင်ကို လုံခြုံ စိတ်ချရအောင် အစောင့် အရှောက်ပေးတော်မူပါလို့ လူ သားတို့ထံ မြေခွေးမင်းအပ်နှံသောနေ့ကလည်း အဲနီးမဲ စတုဒိသာပွဲကြီးတည်ခင်းပြီး လူတွေက တိရစ္ဆာန်တွေကို ကျွေးကြသေးသဗျ။

(လေး)
အခုဆို စုံနံ့သာမြိုင်ကနေ လူတွေဆီသွားတဲ့လမ်းမှာ ကား အစီးစီးက မတရားတဝှီးဝှီးရယ်ပေါ့။ လက်နက်ကိုင်လူတွေကလည်း တောလုံးရယ်မှ အနှံ့ရယ်သာပါ။

အဲနီးမဲစကူးလ် (Animal School)ကလေးတစ်ခုရှေ့ကနေ ဖြတ်လျှောက်မိတော့ တိရစ္ဆာန် ကလေးတွေ သီချင်းသံပြိုင်သီဆို နေကြလေသဗျ။ ကမ္ဘာမကျေနဲ့ ခပ်ဆင်ဆင်ရယ်ပါ။

‘‘ကမ္ဘာတိုင်...

မဟာဂနိုင်...

တို့ဘိုးဘွားအမွေတောမို့

တို့သာပဲဆိုင်...

တို့တောကို

တို့သဘောနဲ့

တို့နေမယ်အပိုင်’’တဲ့။

သြော်.. တိရစ္ဆာန်ကလေး တွေ။ သီချင်းထဲမှာဖြင့် အားနဲ့ မာန်နဲ့ပါပဲကလား။။

(ဖော်ပြပါ သရော်စာသည် စာရေး

သူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်

သာဖြစ်သည်)

7day daily