အုပ်စုလိုက် တုတ်ဖြင့်ရိုက် ဓားထောက်ကာ ငွေနှင့်လက်စွပ် လုယူမှု ဖြစ်ပွား

ပို့စ်တင်ချိန် - 3/14/2014 01:20:00 PM


မန္တလေး ၊ ၁၄-၃-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး ၊ အမရပူရ မြို့နယ် ၊ ရွှေဂဲရပ်ကွက် နေ ကျော်ကျော် ၃၅ နှစ်အား မတ် ၁၁ ရက် နံနက် ၃ နာရီခန့်က ၄င်း၏ ရည်းစား မသင်းသင်းအေး က ချမ်းမြသာစည် မြို့နယ် ၊ သိပ္ပံလမ်း နှင့် ၅၆ လမ်းထောင့် သို့ လာရောက်ရန် ဖုန်းဆက် ချိန်းဆိုသဖြင့် ဆိုင်ကယ်ဖြင့် သွားရောက် ခဲ့ပြီး သိပ္ပံလမ်း နှင့် ၅၆ လမ်းထောင့်သို့ ရောက်ရှိ၍ ဆိုင်ကယ်ရပ် ဖုန်းပြော နေစဉ် ဆိုင်ကယ် နှစ်စီးဖြင့် အမည်မသိ အမျိုးသား ၅ ဦး ရောက်ရှိ လာပြီး ၄င်း ဆိုင်ကယ် နောက်မှ လိုက်ပါလာသူ ၃ ဦးသည် ကျော်ကျော်ထံ လာရောက်ကာ " ဒီလမ်းက သိပ္ပံလမ်းလား .. " ဟု မေး၍ တစ်ဦးက ၀ှက်ယူလာသော သစ်သားတုတ် ဖြင့် ကျော်ကျော် ၏ ဦးခေါင်းကို တစ်ချက် ရိုက်ကာ နောက်မှ ချုပ်ထားပြီး ဓားဖြင့် ဗိုက်ကို ထောက်၍ " အော်လျှင် သတ်ပစ်မည် ..." ဟု ခြိမ်းခြောက် ပြောဆိုကာ ကျန် ၂ ဦးက ကျော်ကျော် ၀တ်ဆင် ထားသော အလေးချိန် ၉ ပဲခန့်ရှိ ပတ္တမြား လက်စွပ် တစ်ကွင်း တန်ဖိုးငွေကျပ် ၄၅၀၀၀၀ ခန့် ၊ ပိုက်ဆံအိတ် အတွင်းမှ ငွေကျပ် ၂ သိန်းခန့် ၊ Huawei အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး နှင့် ယာဉ်မောင်း လိုင်စင် တို့ကို ယူဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ပြန်လည် ထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ် နှင့် ပတ်သက်၍ အောင်ပင်လယ် နယ်မြေ ရဲစခန်း မှ (ပ) ၁၀၁ /၂၀၁၄ ၊ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်ပြီး တရားခံများ ဖမ်းဆီး ရမိရေး စုံစမ်း စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (မောင်ပြည်သူ)

#Themyawadydaily