ကလေးငယ်တစ်ဦး၏ ခွဲစိတ်ကုသမှုကုန်ကျစရိတ်ကို ရော်နယ်လ်ဒို ကျခံပေး

ပို့စ်တင်ချိန် - 3/14/2014 08:55:00 AM



အာရုံကြောဆိုင်ရာ ရောဂါတစ်ခုကို ဆိုးရွားစွာ တွေ့ကြုံနေရသော အဲရစ်ခ်အော်ဇစ်ခရုဇ်သည် တစ်နေ့လျှင် အကြိမ်(၃၀)မျှ ခေတ္တမေ့မြောသွားလေ့ရှိသော အခြေအနေမျိုးကို ဖြတ်သန်းနေရသည်

ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် (၁၀)လအရွယ် ကလေးငယ် တစ်ဦးအတွက် များပြားသော ဆေးကုသမှု စရိတ်စကများကို အကုန်အကျခံ ကူညီပေးခဲ့ကြောင်း သိရှိရသည်။ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုကို ဆိုးရွားစွာ တွေ့ကြုံနေရသော အဲရစ်ခ်အော်ဇစ်ခရုဇ်သည် တစ်နေ့လျှင် အကြိမ်(၃၀)မျှ ခေတ္တမေ့မြောသွားလေ့ရှိသော အခြေအနေမျိုးကို ဖြတ်သန်းနေရသည်။ ကျန်းမာရေး ပညာရှင်များက အဲရစ်ခ်အတွက် တစ်ခုတည်းသော ရွေးချယ်စရာ နည်းလမ်းမှာ ခွဲစိတ်ကုသမှု ခံယူခြင်းပင် ဖြစ်ကြောင်း အကြံပြုခဲ့သည်။

သို့သော်လည်း အဲရစ်ခ်၏ မိသားစုသည် ယူရို(၆၀၀၀၀)မျှ ကုန်ကျမည့် ခွဲစိတ်မှုအတွက် ငွေကြေး မတတ်နိုင်ခဲ့ချေ။ အဲရစ်ခ်လေးအတွက် တစ်ကြိမ်စစ်ဆေးမှု ခံယူပြီး ဆေးရုံတက်လျှင်ပင် ယူရို(၆၀၀၀)မျှ ကျသင့်နေရာ မိသားစုအတွက် ငွေရေးကြေးရေး အကျပ်ရိုက်နေခဲ့ရသည်။ ထိုသတင်းကို ကြားသိရသည့်နောက် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်က အဲရစ်ခ်ကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။

ရော်နယ်လ်ဒိုသည် ကနဦးတွင် ၎င်း၏ ဖိနပ်အချို့နှင့် အင်္ကျီတစ်ထည်ကို လေလံတင်ရောင်းချပြီး ရန်ပုံငွေ ရှာဖွေရန် ပေးအပ်ခဲ့သည်။ နောက်ပိုင်းတွင်မူ ကလေးငယ်၏ ခွဲစိတ်ကုသမှု စရိတ်ကိုပါ တာဝန်ယူပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။ ရော်နယ်လ်ဒိုသည် ယခုနှစ် အစောပိုင်းကလည်း ၎င်းရရှိသည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orကို ယူဆောင်ကာ စပိန်မှ သွေးကင်ဆာ ဝေဒနာသည် ကလေးငယ် အချို့နှင့်အတူ စုပေါင်းအောင်ပွဲခံခဲ့သေးကြောင်း သိရှိရသည်။

Planet