ကိုယ့်ကိုယ်ကို ကာကွယ်ပါ

ပို့စ်တင်ချိန် - 3/14/2014 08:19:00 PM


        Protecting oneself, one protects others; protecting others, one protects oneself.
       ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟာ အခြားသူတွေကိုလည်း ကာကွယ်စောင့်ရှောက် ရာရောက်ပါတယ်။
        အခြားသူတွေကို ကာကွယ်စောင့်ရှောက်ခြင်းဟာလည်း ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက် ရာရောက်တယ်။
        ဘုရားရှင် မိန့်ကြားတော်မူတဲ့စကားပါ။ ဘုရားရှင်က ကျွမ်းဘားသမားဇာတ်လမ်းလေးနဲ့ ပြောပြ တယ်။
        "တစ်နေ့မှာတဲ့ ကျွမ်းဘားသမားတစ်ယောက်ဟာ ၀ါးလုံးတိုင်ကို စိုက်ပြီး သူ့အလုပ်သင် တပည့်လေး ကို ပြောတယ်။ "ချစ်လှစွာသော မေဒကထလိက၊ လာပါ။ ၀ါးလုံးတိုင်ပေါ်ကို တက်ပါ။ ပြီးရင် ငါ့ပုခုံးပေါ်မှာ ရပ်ပါ။"
"ဟုတ်ကဲ့ဆရာ"
        အလုပ်သင် လူငယ်လေးဟာ ဆရာပြောတဲ့အတိုင်း တက်ပြီး ပုခုံးပေါ်မှာ ရပ်နေပါတယ်။ ဆရာ ကျွမ်းဘားသမားက ဆက်ပြောတယ် "ချစ်သူငယ်လေး၊ မင်း ငါ့ကို ကာကွယ်စောင့်ရှောက်ဦးနော်၊ မင်းကို လည်း ငါ ဘေးမဖြစ်အောင် စောင့်ရှောက်မယ်။ အဲလို တစ်ယောက်နဲ့ တစ်ယောက် ကာကွယ်ခြင်းဖြင့် ငါတို့ ရဲ့ ကျွမ်းဘားအစွမ်းကို လူတွေကို ချပြမယ်။ ရတဲ့ အသပြာတွေကို စုမယ်။ ငါ့တို့ရဲ့ ပြကွက်ကို ဘေးကင်းစွာ နဲ့ ပြီးဆုံးစေမယ်"
        လူငယ်ကပြောတယ် "မဟုတ်သေးဘူးဆရာ၊ ဆရာပြောတာ နည်းမမှန်သေးဘူး။ ဆရာကိုယ့်ကိုယ် ကို သတိထားဂရုစိုက်ပါ။ ကျွန်တော်လည်း ကိုယ့်ကိုယ့်ကို ဂရုစိုက်ပါ့မယ်။ ဒါဟာ အချင်းချင်းကာကွယ်ပေး တာပါပဲ။"
        မှတ်သားစရာပါ။ ဘုရားရှင်ကလည်း အလုပ်သင်လူငယ်လေးပြောတဲ့စကားကို လက်ခံတယ်။ ကိုယ့် ကိုယ်ကို သတိထားလုပ်ဆောင်ခြင်း၊ ပြုမှုပြောဆိုခြင်းဟာ ကိုယ့်ကိုယ်ကို ကာကွယ်နေခြင်းဖြစ်သလို သူ များတွေကိုလည်း ကာကွယ်ပေးတာပါပဲ။ ဒါကြောင့် သတိတရားဟာ အရေးကြီးပါတယ်။ သတိဆို ပိုသည် မရှိပါ။ ကိုယ်လုပ်တဲ့အလုပ်ကို သေချာအာရုံစိုက်ပြီး သတိထားလုပ်ပါ။ ဘေးကင်းပါတယ်။
        အခြားသူတွေကို ကာကွယ်ခြင်းဟာ ကိုယ့်ကိုယ်ကို ကာကွယ်တာပဲ။ အခြားသူတွေကို ဘယ်လိုကာ ကွယ်မလဲ။ ဘုရားကပြောပါတယ်။ အခြားသူတွေကို သည်းခံခြင်း၊ မညှင်းဆဲခြင်း၊ မေတ္တာထားခြင်း၊ သနား စာနာခြင်းဟာ အခြားသူတွေကို ကာကွယ်ပေးတာပါပဲ။ အဲလို အခြားသူတွေကို ကာကွယ်ခြင်းဟာ ကိုယ့် ကိုယ်ကိုလည်း ကာကွယ်ရာရောက်ပါတယ်။ ကိုယ်က အထက်ပါ စိတ်ကောင်းနှလုံးကောင်းတွေ ရှိနေတော့ အခြားသူတွေက ကိုယ့်ကို လာပြီး ဒုက္ခမပေးပါဘူး။ ပိုတောင် လေးစားပါမယ်။
        ဒါကြောင့် စာဖတ်သူအားလုံး ကိုယ့်ကိုယ်ကို သတိထားလုပ်ဆောင်ပါ။ သူများကိုလည်း သည်းခံစိတ် ထား။ မညှင်းဆဲနဲ့။ မေတ္တာထားပါ။ စာနာစိတ်ထားပါ။ မိမိရော သူတစ်ပါးရော ဘေးကင်းပါလိမ့်မယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ