AIDS ရဲ့ ဂယက် (၂)

ပို့စ်တင်ချိန် - 3/14/2014 11:47:00 PM


AIDS Discrimination Unit New York City Commission on Human Rights “နယူးယောက်မြို့ လူမှုရေး၊ အခွင့်အရေး ကောမရှင် AIDS ရောဂါကြောင့် လူလူချင်း ခွဲခြားမှုယူနစ်” မှ ဖော်ပြချက်အရ - ဟေတီကလေးတွေဟာ ကျောင်းမှာ အရိုက်အနှက် ခံရတယ်။ ဟေတီဆိုင်ပိုင်ရှင်တွေဟာ အရောင်းအဝယ်မဖြစ်လို့ အရင်းတွေ ဆုံးပြီး မွဲကုန်ကြတယ်။ ဟေတီမိသားစုတွေကိုလည်း အိမ်ရှင်တွေက နှင်ချကြတယ်တဲ့။ ဒီလိုပဲ နောက် နာမည် ပျက်ခံရတာကတော့ အာဖရိက ဖြစ်တယ်။

၂ နေရာစလုံးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်နေတယ်။ ဟေတီကျွန်းသားအမှုအခင်း အမေရိကန်မှာ ဖြစ်ရတဲ့ အချိန်လောက်မှာပဲ ဘယ်(လ)ဂျီယံနဲ့ ပြင်သစ် ဆရာဝန်တွေကလည်း ဒီလိုလက္ခဏာမျိုးနဲ့ အာဖရိကတိုက်သား လူနာတွေကို တွေ့နေကြတယ်။ သူတို့တတွေက ဘယ်(လ)ဂျီယံနဲ့ ပြင်သစ်ကို ရောဂါ လာကုကြသူတွေပါ။ ဒီတော့ ဆရာဝန်တွေက ဒီရောဂါဟာ အာဖရိကမှာ ရှိနေပြီး လူတွေမသိဖြစ်နေတာများလားလို့ သံသယ ဖြစ်စပြုတယ်။ ဒါလည်း အရင်ကဒီလိုပဲ ဖြစ်ခဲ့ကြတာတွေလည်း ရှိခဲ့တာကိုး။ အပူပိုင်းဖုံရောဂါ တွေဟာ အပူပိုင်းကနေ ဖွံ့ဖြိုးပြီး နိုင်ငံတေါကို ကူးသွားတဲ့ သာဓကတွေက ကျန်းမာရေး လောကသမိုင်းမှာ ရှိခဲ့တယ်။

ဒီလို ဆရာဝန်တွေ ထင်ယောင်ယောင် ရှိနေတာကို ထုံးစံအတိုင်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသစ်အဆန်း သတင်း ငတ်နေကြသူ စာနယ်ဇင်း သမားတွေက ရေးကြီးခွင့်ကျယ် သတင်း တစ်ခုအဖြစ်နဲ့ ထည့်လိုက်တော့ ပြဿနာ တက်စရာ ဖြစ်လာတာပေါ့။ နောက်တစ်ခါပိုပြီး အထင်မှားစရာ ဖြစ်လာတာကတော့ AIDS ရောဂါပိုး သွေးစစ်သုတေသနက တွေ့ရှိချက်ပဲ။ အဲဒီ အချိန်လောက်မှာ AIDS ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်လို့ရလာတယ်။ ဒီလို စစ်တဲ့အထဲမှာ အာဖရိကက အရင်အခြား သုတေသနတွေအတွက် ထုတ်ယူထားတဲ့ သွေးနမူနာ အဟောင်းတွေယူပြီး AIDS ဗိုင်းရပ်စ်ပိုး စစ်ကြည့်တယ်။

(အထက်မှာ ဖော်ပြပြီးအတိုင်း ဗိုင်းရပ်စ်ကို စစ်လို့ရတာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်ကြောင့် ကိုယ်တွင်းဖြစ်လာတဲ့ ပဋိပစ္စည်းကို ရှာလို့ရတာ။) ဒီသွေးနမူနာတွေဟာ ကင်ညာ ယူဂန်ဒါ တို့မှာ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ရထားတဲ့ သွေးတွေဖြစ်တယ်။ အဲဒီအထဲက ရာနှုန်းတော်တော် များများမှာ တွေ့နေပါလေရော တချို့မှာဆိုရင် ၅၀%-၆၀% တောင် တွေ့ရတယ်။ ဒီတော့ AIDS ဟာ အာဖရိကမှာ ကျယ်ကျယ် ပြန့်ပြန့် ရှိနေတာ နှစ်အတော်ကြာ ကတည်းကပဲလို့ ထင်ကြတာပေါ့။

ဒါကြောင့် AIDS ဟာ အာဖရိကမှာ အရင်ဖြစ်ပြီး အမေရိကကို နောက်မှ ကူးတာဖြစ်ရမယ်လို့ ထင်ကြတယ်။ AIDS ဗိုင်းရပ်စ်ကို ရှာတွေ့သူ တစ်ဦးဖြစ်တဲ့ Dr. Robert Gallo ကတောင် “AIDS ဗိုင်းရပ်စ်ဟာ အာဖရိက အလယ်ပိုင်းမှာရှိနေတာ အချိန်အတော်ကြာသွားပြီလို့ ကျွန်တော်ယုံတယ်” လို့ ဆိုတယ်။ တကယ်တော့ ဒီစစ်နည်းတွေဟာ ပေါ်စအသစ်ဆိုတော့ သိပ်ပြီး ပီပီပြင်ပြင် တိတိကျကျ မရှိသေးဘူး။ ဒီတော့ အမှားတွေပါတယ်။ (False positive) ပိုး မရှိသူကလည်း စစ်နည်းမှာ အရှိပြနေတယ်။ နောက်ပိုပြီး မှန်ကန်တဲ့ နည်းတွေနဲ့ စစ်ကြည့်တော့ အာဖရိက သွေးတွေမှာလည်း ဒီရောဂါ မရှိခဲ့ကြောင်း သိရတယ်။ အာဖရိကကို ယိုးစွပ်ဖို့အတွက် ဖြစ်ြလာတဲ့ နောက်အကြောင်း တစ်ခုလည်း စောစောပိုင်းက ဖြစ်ခဲ့သေးတယ်။

ဒါကတော့ အနောက် အာဖရိကမှာ “အစိမ်းရောက်မျောက်” တစ်မျိုး ရှိတယ်။ သူတို့မှာလည်း ရောဂါတစ်မျိုးဟာ ကိုယ်တွင်ခုခံအား ကျဆင်ပြီး လူမှာဖြစ်တဲ့ AIDS ရောဂါနဲ့ ဆင်တူယိုးမှား လက္ခဏာတွေ ဖြစ်တယ်။ ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုလည်း သိထားတယ်။ SIV (Simian Immuno deficiency Virus) လို့ ခေါ်တယ်။ အဲဒီ ဗိုင်းရပ်စ်ကို မျောက်မှာတွေ့ပြီး (Senegal) ဆီးနီဂဲ တိုင်းပြည်က လူတစ်ယောက် ဆီမှာလည်း တွေ့တယ်လို့ ဆိုတယ်။ ဒီတော့ မျောက်ကနေ လူဆီရောက်၊ အဲဒီနောက် အခြားပြန့်သွားတာလို့ တွက်လာကြပြန်တယ်။

ဒီတော့လည်း အာဖရိက တိုင်းပြည်တွေက စိတ်ဆိုးစိတ်နာပြီး မခံခရပ်နိုင် ဖြစ်ကြပြန်တယ်။ အခုတော့ ဒီသီဝရီဟာ လက်ခံနိုင်တဲ့ အခြေ မရှိဘူးဆိုတာ သိရပါပြီ။ SIV အက်စ်အိုင်ဗွီ ဗိုင်းရပ်စ်ကတော့ ရှိတာ အမှန်ပဲ၊ ဒါပေမယ့် သူက AIDS ဖြစ်စေတာတော့ မဟုတ်ဘူး။ သူဘယ်ကစလာသလဲဆိုတာလည်း မသိရဘူး၊ ဒီတော့ ဒါဟာလည်း မှားယွင်းပြီး အပြောခံရတဲ့ ကိစ္စပဲလို့ ဆိုရမှာပဲ။ ဒါပေမယ့် အရေးအထင်းကတော့ ဖြစ်လိုက်ရသေးတာမို့ မဖြစ်သင့်ပဲနဲ့ မပြေလည်မှုတွေ ဖြစ်လာခဲ့ရတယ်။

ဒီလို ဘေးဆိုးကြီးနဲ့ ကြုံနေတဲ့ အခိုက်မှာ မဖြစ်ထိုက်တာတွေ ဖြစ်နေမှုကို အားပေးဖို့ မကောင်းပါဘူး။ အထူး သတိဝီရိယ ထားပြီး ရှောင်ရမှာပါ။ ဒီမှာ ဇန်ဘီယားနိုင်ငံရဲ့ သမ္မတ ကဲနက်ကဝန်ဒါးရဲ့ မှတ်သားဖွယ် စကားကို တင်ပြရမယ်ဆိုရင် “ဒီရောဂါဟာ ဘယ်ကလာသလဲဆိုတာ သိဖို့ထက် အရေးကြီးတာကတော့ ဒီရောဂါ ဘယ်ကို သွားမလဲဆိုတဲ့ ကိစ္စဖြစ်တယ်၊ ဒီတော့ ဘာမှ ဖုံးကွယ်ဖို့ မကောင်းဘူး” တဲ့။ သူကတော့လည်း ခံစားချက်နဲ့ လူဆိုတော့ အမှန်ကို ပိုပြီး ထိထိမိမိ မြင်မှာပေါ့။ သူ့ရဲ့သားဟာ ဒီ AIDS ရောဂါနဲ့ ဆုံးခဲ့တယ်။

နောက် ယူဂန်ဒါက AIDS ကော်မတီဝင် တစ်ဦးကလည်း ဆိုပြန်တယ်။ “အိမ်ထဲမှာမြွေဆိုးရောက်နေတယ်၊ အဲဒါကို ထိုင်ကြည့်ပြီး ဒီမြွေ ဘယ်ကလာတာလဲလို့ မေးနေမှာလား” တဲ့။ ဒီလို စွပ်စွဲမှုတွေ အငြင်းပွားမှုတွေ အထူးသဖြင့် အနောက် နိုင်ငံက သတင်းစာတွေက အခြေအမြစ် မခိုင်လုံသေးတဲ့ သတင်းအချို့ကို စာလုံးမည်းကြီးတွေနဲ့ အထိတ်တလန့် ဖော်ထုတ်ခဲ့တာတွေရဲ့ အကျိုးဆက်ကတော့ AIDS ကာကွယ်မှုအတွက် လှုံ့ဆော်ရေး စီမံချက်တွေမှာ နှောင့်နှေးသွား ရခြင်းပဲ။ သုတေသန ပြုရာမှာလည်း တချို့အာဖရိက နိုင်ငံတွေ (ဥပမာ ဇန်ဘီးယား) က ပူးပေါင်း လုပ်ကိုင်ရာမှာ တွန့်ဆုတ်ချင်လာ ကြတယ်။ သွေးနမူနာတွေယူပြီး လုပ်ရမယ့် ကိစ္စမျိုးတွေဟာ ကြန့်ကြာကုန်တယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV Information for Myanmar