ခရီးသည်တင်ယာဉ်ရှေ့ဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/14/2014 11:49:00 PM



မတ်လ (၁၄) ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ရေတာရှည်မြို့နယ် သာဂရမြို့တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်း၌ ပျဉ်းမနားမှ တောင်ငူသို့ ထွက်ခွာလာသည့် ခရီးသည်တင်ဒိုင်နာယာဉ် ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် (၁၇) ဦး ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ဘိုတောက်ထိန်လမ်း၊ မြို့ဦးမင်္ဂလာရပ်နေ အောင်အောင် (၃၂) နှစ်မောင်းနှင်သော ပျဉ်းမနား-တောင်ငူ ခရီးသည်တင် TOYOTA ၆က/------- ဒိုင်နာယာဉ်သည် ခရီးသည်များ တင်ဆောင်၍ တောင်ငူသို့ မောင်းနှင်လာစဉ် သာဂရမြို့တောင်ဘက် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၂၀၁/၇ နှင့် ၂၀၃ /၀ အကြားတွင် ရှေ့ ၀ဲဘက်ဘီးပေါက်သွားရာမှ ကားလမ်းအရှေ့ဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် စပယ်ယာ အပါအ၀င် ခရီးသည် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁၃)ဦး ဒဏ်ရာရရှိ သွားခဲ့သဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။ '' ဘယ်လိုဖြစ်မှန်းတောင် မပြောတတ်ဘူး၊ ကားက တစ်ပတ်လည်ပြီး ရမ်းထွက်သွားတာ အထဲက ခရီးသည်တွေကတော့ ဇီးဖြူသီးလိမ့်နေတာ ကျနေတာပဲ'' ဟု ဒါဏ်ရာရရှိထားသော သာဂရမြို့ တုံးခေါင်းကျေးရွာနေ မချယ်ရီစိုး ကပြောပြသည်။ ယာဉ် မတော်တဆမှုအား သာဂရနယ်မြေရဲစခန်းက ယာဉ်(ပ)၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar