ပုဒ်မ ၃၇၇ စည်းဝိုင်းကြားက အချစ်နှင့် ခေတ်သစ်ဘဝ

ပို့စ်တင်ချိန် - 3/14/2014 07:48:00 PM



မတ်လ၂ရက်နေ့က မြန်မာ့လူ့အဖွဲ့အစည်းအကြားဂယက်ရိုက်သွားခဲ့သော
ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ (၁ဝ) နှစ်တိုင် အတူနေလာခဲ့သော
အမျိုးသားလိင်တူချစ်သူနှစ်ဦးက ၎င်းတို့၏ မင်္ဂလာသက်တမ်း ၁ဝ နှစ်ပြည့်အခမ်းအနားကို ရွှေဂုံတိုင်ရှိ Excel Treasure တွင် ခမ်းနားစွာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏မင်္ဂလာမှတ်တမ်းဓာတ်ပုံများကို ပြည်တွင်းထုတ်နေ့စဉ်သတင်းစာအချို့က မှတ်နှာဖုံးတွင် ဖော်ပြခဲ့ရာ ထိုကဲ့သို့လူသိရှင်ကြား ပွဲပြုလုပ်ခြင်းကို ထောက်ခံသူများရှိသလို ကန့်ကွက်သူများ၏ အသံတို့လည်း ကျယ်လောင်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သည် ကာမစပ်ယှက်မှု)နှင့် ညှိစွန်းကြောင်း ဝေဖန်ငြင်းခုန်သံများ ထွက်ပေါ်လာခဲ့သည်။ သို့ဖြစ်ရာ အဆိုပါကိစ္စရပ်အပေါ် ကာယကံရှင်များ၏ခံစားချက်နှင့် နယ်ပယ်အသီးသီးမှ
ကျွမ်းကျင်သူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးကျော်ဇေယျ
(တရားလွှတ်တော် ရှေ့နေ)

ရှေးရိုးစွဲ အယူနဲ့ယဉ်ကျေးမှုအရ ကြည့်မယ်ဆိုရင် ဒီကိစ္စကြီးက မဆီလျော်ဘူး၊ မတင့်တယ်ဘူးမအပ်စပ်ဘူး၊ အခုက ခေတ်ကပြောင်းသွားပြီး လူတွေ ရဲ့ စိတ်တွေက ပြောင်းတယ်။ သဘာဝတွေလည်း ပြောင်းသွားပြီ။ တခြားနိုင်ငံတွေမှာဆိုရင် ဒီကိစ္စကို တရားဝင်ခွင့် ပြုထားတယ်။ မုန်းတယ်ဆိုတာထက် ချစ်တယ်ဆိုတာ ပိုကောင်းတယ်။

ဒါနဲ့ပတ်သက်ပြီး အဖြေထုတ်တဲ့အပေါ်မှာ လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုအကျိုးပြုလည်းဆိုတာရယ်၊ အနှောင့်အယှက်ပေးမလားဆိုတာရယ် ကြည့် တာပေါ့။

ကြည့်တဲ့အခါမှာ တချို့ကဘာသာရေးအမြင်နဲ့ ကြည့်တာပေါ့။ ဘာသာရေးအမြင်ဆိုရင် ကိုယ်ကျင့်တရားလည်းပါမယ်။ တချို့က ဥပဒေအမြင်နဲ့ ကြည့်တာပေါ့။

ယောက်ျားချင်း ပေါင်းသင်းတယ်ဆိုတာက အခုခေတ်က တော်တော်လေး ဆန်းသွားတယ်။ အရင်ခေတ်က မိန်းမချင်းအချစ်တော် ထားတယ်။ အန်ကယ်တို့ နိုင်ငံမှာ အခု ကြားလာရ တာပေါ့။ ယောက်ျားချင်းပေါင်း သင်းတယ်။ လက်ထပ်ခွင့်တော့ မရှိဘူး။ ဥပဒေမှာတော့ လက်ထပ်ခွင့်ကို ခွင့်မပြုဘူး။ တရားရုံးမှာ သွားလက်ထပ်တာ ခွင့်မပြုဘူး။

တခြားဘာသာရေးအရ လက်ထပ်တာလည်း ခွင့်ပြုမယ်မထင်ဘူး။ အတူတူနေတာကတော့ သူတို့ရဲ့ လူ့အခွင့်အရေးပေါ့။ တချို့က ဒီကိစ္စကို အစာမကြေဘူး။ အစာ မကြေဘူးဆိုတာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၇ နဲ့ မငြိဘူးလားဆိုပြီး မေးလာစရာရှိတာပေါ့။ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်တဲ့ကိစ္စပေါ့။ အဲ့ ဒီမှာပါတာက

ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး တစ်ဦးနဲ့တစ်ဦးသော်လည်းကောင်း၊ တိရစ္ဆာန်သတ္တဝါနဲ့သော်လည်းကောင်း စပ်ယှက်ရင် ဓမ္မတာနဲ့ ဆန့်ကျင်တယ်လို့ ခေါ်တယ်။

အဲ့ဒီ ပုဒ်မမှာဘာပါလဲဆိုတော့ တစ်ဦးရဲ့လိင်အင်္ဂါကတစ်ဦးရဲ့ လိင်အင်္ဂါကို သွပ်သွင်းတာပေါ့။ မိန်းမချင်းကျတော့ အဲဒီလိုဖြစ်ဖို့ ခဲယဉ်းတယ်။ ယောက်ျားချင်းကျတော့ ဓမ္မတာနဲ့ ဆန့်ကျင်တဲ့နေရာကို သွပ်သွင်းရင် ၃၃၇ နဲ့ သွားငြိတယ်။ ဒါပေမဲ့ ဒီလို ပြုမူနေတာကို သက်သေပြဖို့ဆိုတာ အတော် ခဲယဉ်းတယ်။ လူမြင်ကွင်းမှာလုပ်လာပြီ
ဆိုရင်တော့ ရတယ်။ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းပါလာရင်လည်း ဥပဒေနဲ့ ငြိတယ်။ ဟိုတစ်လောက သတင်းမှာပါလာ တာ တိရစ္ဆာန်အမတို့၊ အမျိုးသမီးလူသေအလောင်းတို့နဲ့ ကာမစပ်ယှက်တာကျတော့ ဥပဒေနဲ့ ငြိတယ်။ အခု ကြားနေတဲ့ သတင်းအရ ဒီစုံတွဲကို ပုဒ်မ ၃၇၇ နဲ့ အရေးယူမယ်ဆိုရင် အထောက်အထားမှ မပြနိုင်တာ။

အရေးယူလို့မရနိုင်ဘူး။ သက်သေပြဖို့ ခက်တယ်။ ယောက်ျားချင်း ကာမစပ်ယှက်ရင်တော့ ပုဒ်မ ၃၇၇ နဲ့ငြိစွန်းတယ်။ ဟိုတလောက သိရတာတော့ နိုင်ငံခြားက ပိုက်ဆံရှိတဲ့ Gay တွေ မြန်မာနိုင်ငံကို လာပြီး ကောင်လေးချောချောလေးတွေကို ပိုက်ဆံပေးပြီး ကာမစပ်ယှက်တယ်။ တချို့ဆိုခေါ်သွားပြီး ဟိုမှာ ပျော်ပါးကြတယ်ပေါ့။ အဲဒီလိုဆိုရင်တော့ ဒီပုဒ်မ ၃၇၇ နဲ့ ငြိတာပေါ့။

ဦးအောင်မျိုးမင်း
( Equality Myanmar ဒါရိုက်တာ)

၃၇၇ ရဲ့ ပြဿနာကဘာလဲဆို တော့သဘာဝမကျတဲ့ လိင်ဆက်ဆံမှုဆိုပြီး အရမ်းကိုကျယ်ပြန့်တဲ့အဓိပ္ပာယ်သတ်မှတ်ထားတဲ့ဟာပဲ ဖြစ်ပါတယ်။ ဒီ ၃၇၇ ရဲ့ သဘောတရားအတိုင်းဆိုရင် တိရစ္ဆာန် နဲ့လိင်ဆက်ဆံတာလည်း ဖြစ်နိုင်တယ်။ အမျိုးသား၊ အမျိုးသမီးချင်း သဘာဝမကျတဲ့ပုံစံနဲ့ လိင်ဆက်ဆံလည်း ဖြစ်နိုင်တယ်။

လိင်တူချင်းဆက်ဆံတာလည်း အကျုံးဝင်တယ်။ ဘယ်သူ့ကိုမှ လုံခြုံမှု မပေးဘူးဗျ။ ၃၇၇ ဆိုတာ လိင်တူချင်းကို အန္တရာယ်ပေးသလို လိင်ကွဲဖြစ်တဲ့သူ တွေ ပုံသဏ္ဌာန်မမှန်ဘဲ ဆက်ဆံရင်လည်း ဖြစ်တယ်။ အဲဒါက လူတိုင်းကို ခြိမ်းခြောက်နေတာဖြစ်တယ်။ လူနဲ့တိရစ္ဆာန်ဆို တာမျိုးတော့ လက်မခံဘူး။ ဒါတွေက မဖြစ်သင့်ဘူး။

ဒါပေမဲ့လူလူချင်းအရွယ်ရောက်ပြီးတော့ နှစ်ဦးသဘောတူဆန္ဒနဲ့ဖြစ်တာတော့ ကျွန်တော်တို့က ဖိနှိပ်ကန့်သတ်တာမျိုး မဖြစ်စေချင်ဘူး။ ၃၇၇ ကို အဲဒီထက်ပိုပြီး တိကျတဲ့ပုံစံမျိုး ဖြစ်စေချင်တယ်။ သဘာဝမကျတဲ့ လိင်ဆက်ဆံမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွှမ်းခြုံပြီး ကန့်သတ်တာမျိုး မဖြစ်သင့်ဘူး။ ဒါကိုတော့ ကန့်သတ်သင့်တယ်။

လူ့အခွင့်အရေးကသတ်သတ်၊ လိင်တူချင်းချစ်တဲ့သူတွေက သတ်သတ်။ အဲလို မြင်လို့မရဘူး။ လိင်တူချင်းချစ်တဲ့သူရဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေးတစ်ရပ် ပဲဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသမီးအခွင့်အရေးဟာလည်း အတူတူပါပဲ။ အမျိုးသမီးအခွင့်အရေး သတ်သတ်၊ လူ့အခွင့်အရေးသတ်သတ် လုပ်လို့မရဘူး။ လိင်တူချင်းချစ်တဲ့သူရဲ့ အခွင့်အရေးကို သူများထက်သီးသန့်တောင်းတာမဟုတ်ဘဲ တန်းတူခံစားခွင့်ရအောင် တောင်းတာဖြစ်ပါတယ်။ လိင်တူချင်း ချစ်တဲ့အပေါ်မှာ ခွဲခြားအကြမ်းဖက်မှု တွေရပ်ဖို့ကလည်း လူ့အခွင့်အရေးကိစ္စပါပဲ။

ဒေါ်ညိုညိုသင်း
(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

အန်တီ့အနေနဲ့ ဒီပုဒ်မကို ပြောရမယ်ဆိုရင် ပုဒ်မ ၃၇၇ က အရေးယူဖို့ အရမ်းခက်တယ်။ ဘာလို့လဲဆိုတော့ ဒီပုဒ်မက ဘယ်လိုကျူးလွန်တယ်ဆိုတာ သက်သေပြဖို့ ခက်တာပေါ့။ ဒီလိုကိစ္စမျိုးဆိုတာ လူကွယ်ရာမှာပဲ ကျူးလွန်တယ်။ တချို့တွေက မေးတယ်။ သူတို့နှစ်ယောက်စလုံးကို တရားရုံးကို ဆွဲခေါ်လို့မရဘူးလား။ ဆွဲခေါ်လို့ရလား။

ကာယရှင်တွေပဲ သိမှာလေ။ ဒီကိစ္စကို ဖမ်းမယ်ဆိုရင် တကယ်လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ အရမ်းခက်တယ်။ တကယ်လို့ လိင်တူတွေကို တားမြစ်မယ်ဆိုရင် အန်တီ့အနေနဲ့ကတော့ ပြည်သူတွေရဲ့ဆန္ဒကို အရင်မေးသင့်တယ်လို့ ထင်တယ်။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ပဲပြင်သင့်တယ်။

ဒီပုဒ်မ ၃၇၇ ကလည်း ၁၈ ရာစုကတည်းက ပြဋ္ဌာန်းခဲ့တာ ဆိုတော့ ပြင်သင့်နေပြီလို့ထင်တယ်။ ခေတ်ကလည်း ပြောင်းလဲ နေပြီဆိုတော့ အရေးယူမယ်ဆိုရင် ခေတ်နဲ့အညီ အရေးယူသင့်တယ်။ အများ
ပြည်သူဆန္ဒနဲ့ပေါ့။ အန်တီကတော့ ဒီကိစ္စကို သိမ်မွေ့တယ်လို့ထင်တယ်။

တချို့ဆို မိဘနဲ့ အဆင်မပြေလို့ အိမ်ပေါ်ကဆင်းပြီး သူငယ်ချင်းတွေနဲ့အတူ နေတာရှိတယ်။ ဒါက လူ့အခွင့်အရေးပဲလေ။ လူတစ်ယောက်က သူနှစ်သက်တဲ့ လူနဲ့ အတူနေထိုင်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဟိုတစ်ရက်ကလုပ်သွားတဲ့ ပွဲကို မသွားဖြစ်လို့ မသိဘူး။ သူတို့က သူတို့
ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်ဆို ပြီး တရားဝင်ထုတ်ဖော်ပြောလို့ ဒီပုဒ်မ နဲ့ ငြိတယ်ဆိုရင်တော့ အရေးယူလို့ရမှာပေါ့။

တင်ကိုကို
(King and Queen) အဖွဲ့

အဓိကလုပ်တာက ကျွန်တော်တို့ နှစ်ယောက် နေထိုင်လာတဲ့အတူနေ သက်တမ်း ၁ဝ နှစ် အထိမ်းအမှတ်တစ်ခုအနေနဲ့ ပွဲလုပ်လိုက်တာ ဖြစ်တယ်။ ကိုယ့်သူငယ်ချင်းတွေ အကုန်လုံးကို ဖိတ်ပြီး ပျော်စရာတစ်ခုအနေနဲ့ ဖန်တီးချင်လို့ လုပ်တာဖြစ်တယ်။ နာမည်ကြီးချင်လို့၊ ဟော့ဖြစ်ချင်လို့ အဲဒီလိုပုံစံမျိုး ဘာတစ်ခုမှမပါဘူး။ ဂျာနယ်တွေ အနေနဲ့
လည်းရေးမယ်ဆိုရင် သူ့လည်း မထိခိုက်အောင် ကိုယ့်လည်းမထိခိုက်အောင် လူ့အခွင့်အရေး ရှုထောင့်က ကြည့်ပြီးရေးစေချင်တယ်။ ခုရေးလိုက် တာတွေက
ကျွန်တော်တို့အတွက်အများကြီး ထိခိုက်မှုတွေ ရှိလာတယ်။ နောက်တစ်ချက်က ရဲတွေက ဖမ်းမယ်ဆိုတဲ့နေရာမှာ သတင်းစာတစ်စောင်က ဖော်ပြလိုက်တော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တောင် ဖြစ်သွားတယ်။

''ဒီမင်္ဂလာအခမ်းအနားနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်'' လို့ပါလာတော့ ဒီဥစ္စာက ကိုယ်က မကောင်းတဲ့ဟာတစ်ခုကို လုပ်နေသလို ပုံစံမျိုး ဖြစ်သွားတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် မလုံခြုံသလို ဖြစ်လာတယ်။ ကိုယ်တွေက ဒီနိုင်ငံသား၊ ဒီနိုင်ငံရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်နဲ့ နေတယ်။ ဒီနိုင်ငံမှာ
မွေးကတည်းက နေလာတဲ့လူ တစ်ယောက်ဖြစ်ပြီး ကိုယ့်အတွက် မလုံခြုံတော့ဘူးလားလို့ ဖြစ်လာမိတယ်။ အဲ့ဒီပွဲလုပ်ပြီး တစ်ရက်နှစ်ရက်အတွင်း အရမ်းခံစားခဲ့ရတယ်။ ၂၄ နာရီလုံး လူမှာစိတ်ဖိစီးမှုတွေ ဖြစ်ခဲ့တယ်။ သူ ငယ်ချင်းတွေကြားပျော်ချင်လို့ လုပ်တဲ့ အခမ်းအနားကနေ ပျော်စရာမဟုတ်ဘဲ ဝမ်းနည်းစရာတွေနဲ့ပဲ ကြုံတွေ့လိုက်ရတယ်။

အဲ့ဒီပွဲမှာလည်း မီဒီယာတွေကို မဖိတ်ဘူး။ မလုပ်ပါနဲ့။ ဓာတ်ပုံတွေ မရိုက်ပါနဲ့ဆိုပြီး သေချာပြောတယ်။ မှတ်တမ်းရိုက်ဖို့ ခွင့်ပြုပေးထားတဲ့သူကလွဲရင် ပေးမဝင်ပါဘူးလို့ ပြောတဲ့ကြားကနေ အခန်းထဲမှာ လူတွေက အုံနေတယ်။ အဝတ်စားလဲတဲ့ အခန်းမှာကို လူတွေနဲ့ ပြည့်နေတယ်။ ဘယ်လောက်ပဲ တားခဲ့တားခဲ့ မီဒီယာသမားတွေက ရအောင် သတင်းဝင်ယူတယ်။ လမ်းလျှောက်တာတောင် လျှောက်မရဘူး။ ဒီပွဲမှာ ကျွန်တော်တို့အတွက် ပျော် ရွှင်မှုမရရှိအောင် အဓိကလုပ်လိုက်တာက မဖိတ်ဘဲ ရောက်လာတဲ့ မီဒီယာတွေ ရဲ့ နှောင့်ယှက်မှုကြောင့်လို့ ကျွန်တော် ပြောချင်တယ်။

လူတွေက ၃၇၇ ကို ဂေးတွေ အတွက်လို့ပဲသွားမြင်နေကြတယ်။ ဒီ ဥပဒေဆိုတာနဲ့ ဂေးတွေနဲ့ ဆိုင်တယ်ဆိုတာပဲ။ ဒီကိစ္စဖြစ်ပြီးမှာ ပျံ့နှံ့လာတာ က ၃၇၇ ဆိုတာ ဂေးတွေ မှ မဟုတ်ဘူး။ ယောက်ျားတွေရော၊ မိန်းမတွေရော အကုန်လုံးနဲ့သက်ဆိုင် နေတယ်ဆိုတာ သိသွားတယ်။ ဒီပုဒ်မကြီးက ကိုယ်တွေဆီမှာ ချမှတ်ထားတယ် ဆိုပေမယ့် အိန္ဒိယက
ဆင်းသက်လာတာ။ ဗြိတိသျှလက်ထက်ကတည်းက ရေးဆွဲထားတဲ့ ဥပဒေကြီးဖြစ်တယ်။ ဗြိတိသျှနိုင်ငံမှာတောင် မရှိတော့ဘူး။ ဒါကြီးကို ကျွန်
တော်တို့နိုင်ငံမှာထားသင့်လား။ကိုက်ညီမှုရောရှိရဲ့လား ပြန်လည်သုံးသပ်ပြီး
ဖြစ်နိုင်မယ်ဆိုရင် ဒီဥပဒေပုဒ်မကြီး ဖျက်သိမ်းပစ်လိုက်တာ အကောင်းဆုံးပဲလို့ ကျွန်တော်မြင်တယ်။

မျိုးမင်းထက်
( Aye Nyein Myitta -CBO )

ကျွန်တော်ကတော့ အဓိက ပြောချင်တာက မီဒီယာတွေကိုစိတ်တိုသွားတာပေါ့။ သိပ်တော့အများကြီး မပြောချင်ပါဘူး။ ဘာလဲဆိုတော့ ကျွန်တော်တို့ က မင်္ဂလာဆောင်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာရှိတဲ့ လူတွေနဲ့အတူတူ ပျော်ပွဲရွှင်ပွဲ ဧည့်ခံပွဲလုပ်တာ။ ဘယ်သတင်းမီဒီယာမှလည်း မဖိတ်ထားပါဘူး။

ဒါပေမဲ့ ပထမဆုံးမျက်နှာဖုံးတွေ တက်လာတဲ့ သတင်းဂျာနယ်တွေကြောင့် တော်တော်များများ အပြစ်ပြောကြတယ်။ နောက်ပိုင်း ပြည်တွင်းက ဒေးလီးတစ်စောင်က တောက်လျှောက်ဖော်ပြတဲ့အခါမှာ ကျွန်တော် ပြောချင်တာက ကာယကံရှင်ကိုပဲ ကျွန်တော်တို့ကို လာမမေးဘဲ ရေးတဲ့အတွက်
အမှားဖော်ပြထားတယ်လို့ပဲ ယူဆတယ်။ စိတ်ခံစားချက် ဘာမှမရှိဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောချင်တာက ကျွန်တော်က ကျန်းမာရေးနဲ့ပဲ ပတ်သက်ပြီး လုပ်နေတာဆိုတော့ Gender အကြောင်းကို ခဏခဏ ထည့်ပြီးပြောရမယ်။

Gender မှာက တချို့က ရှေးရိုးစွဲတွေ ရှိတယ်။ Gender အကြောင်း ခေတ်လူငယ်တွေ ကို ပိုပြီးပေးရတယ်။ လူငယ်တွေကမှ တစ်ဆင့်မိဘတွေဆွေမျိုး အသိုင်းအဝိုင်းတွေကို ပြောရတယ်။ ဂေးဆိုရင် လူတွေက အရမ်းမျက်မုန်းကျိုးကြ တယ်။ ဒါပေမဲ့ အဲဒါကသူ့ရဲ့
လိင်စိတ်ခံယူမှုပဲ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျား/မ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ဒါကလည်းထည့် ပြီး ပြောဖို့ လိုအပ်နေပြီလို့ ထင်တယ်။

သုတလင်း၊ ဇေဝေယံ
Popular Myanmar News Journal