မဲမသမာမှု မဖြစ်စေရန် အမေရိကန် အကူအညီဖြင့် ရွေးကောက်ပွဲ မဟာဗျူဟာ ရေးဆွဲ

ပို့စ်တင်ချိန် - 3/14/2014 01:34:00 PM



ရန်ကုန်၊ မတ် ၁၃

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိခဲ့သည်ဟု စွပ်စွဲ ခံထားရသည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့် ရွေးကောက်ပွဲ များတွင် ကြိုတင်မဲ ရှုပ်ထွေးမှုများ ထပ်မံ မဖြစ်ပွားစေရန် အမေရိကန် အစိုးရ၏ USAID အကူအညီဖြင့် ရွေးကောက်ပွဲ မဟာဗျူဟာကို အပြီးသတ် ရေးဆွဲပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦတင်အေးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မီကာဆာ ဟိုတယ်တွင် မတ်လ ၁၃ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲ တရားမျှတရေး အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲ မဟာဗျူဟာကို အပြီးသတ် ရေးဆွဲရန်အတွက် USAID ထောက်ပံ့မှုဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ နိုင်ငံတကာ ဖောင်ဒေးရှင်း IFES နှင့် ပူးပေါင်းကာ ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက စတင် ရေးဆွဲခဲ့ကြောင်း ဦးတင်အေးက ပြောကြားသည်။

“ဒီစီမံကိန်းက အကောင်းဆုံး လမ်းညွှန် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပေမယ့် စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ရွေးကောက်ပွဲ မဟာဗျူဟာတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လုပ်ဆောင်ရမည့် စီမံကိန်းများ ပါဝင်ပြီး ပင်မအခန်း ၁၂ ခန်း ပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

အဆိုပါ စီမံကိန်းများတွင် ပါဝင်သော အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်မှု အခန်းကဏ္ဍ သည်လည်း အရေးကြီးလာသောကြောင့် အလုပ်ရုံ ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ရွေးကောက်ပွဲတွင် တရားမျှတရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံသည့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ပအရပ်ဘက် လူ့အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် ပြည်တွင်းအရပ်ဘက် လူ့အဖွဲ့အစည်း ၃၃ ဖွဲ့ တက်ရောက်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိစေရေး အတွက် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း ထိန်းညှိရန်နှင့် မဲဆန္ဒရှင်များ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ရန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြိုတင်မဲများ၊ မဲမသမာမှုများ ရှိသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီများက ဝေဖန် ပြောဆိုခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်း များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက မဲဆန္ဒနယ် အများစု အနိုင်ရခဲ့သည်။

The Voice Weekly