အိန္ဒိယအစိုးရ ဆန့်ကျင်သောင်းကျန်းသူများကို မြန်မာ့မြေတွင် လက်ခံမည်မဟုတ်ဟု သမ္မတသတိပေး

ပို့စ်တင်ချိန် - 3/05/2014 08:23:00 PM


ရန်ကုန်၊ မတ် ၎

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများတွင် ခြေကုပ်ယူထားကြသည့် အိန္ဒိယအစိုးရ ဆန့်ကျင် သောင်းကျန်းသူများကို မြန်မာ့မြေတွင် လက်ခံထားမည် မဟုတ်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းနှင့် မတ်လ ၃ ရက်နေ့က တွေ့ဆုံရာတွင် ကတိပေး ပြောကြားခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

“အိန္ဒိယအစိုးရကို ဆန့်ကျင်မယ့် ဘယ်လို လုပ်ရပ်မျိုးမဆို မြန်မာ့ နယ်မြေအတွင်း ဆောင်ရွက်ခွင့် မပြုဘူးလို့ သမ္မတကြီးက ကတိပြု ပြောကြားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန်အတွက် မတ်လ ၃ ရက်နေ့က ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ထံ သမ္မတဦးသိန်းစိန်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက် နှစ်နိုင်ငံ စလုံးက နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ ချစ်ကြည်ရေးက အရေးကြီးပါတယ်” ဟု အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားထားသည်။

အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေးအတွက် အစိုးရကို ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အချို့သည် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသအတွင်း၌ စစ်သင်တန်းများ ဖွင့်လှစ်၍ စစ်ပညာ သင်ကြားပေးနေကြောင်း အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယ မီဒီယာအချို့တွင် ဖော်ပြထားသည်။

အဆိုပါ နယ်စပ် သောင်းကျန်းသူများကို နှိမ်နင်းရန်နှင့် နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှစ်နိုင်ငံအစိုးရက ညှိနှိုင်း ဆောင်ရွက်နေပြီ ဖြစ်ပြီး၊ မကြာမီ ကာလအတွင်း ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး အစီအစဉ်များကို နှစ်နိုင်ငံအစိုးရတို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန်က အိန္ဒိယ ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာအစိုးရ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုကို အပြည့်အဝ ထောက်ခံကြောင်း ပြောကြား ခဲ့သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ အစိုးရ ပူးပေါင်း၍ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးနှင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စများ ပူးတွဲဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံကို သတင်းအချက်အလက် နည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာ အကူအညီများ ပိုမို ပံ့ပိုးပေးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းသည် ၂၀၁၂ ခုနှစ် မေလအတွင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ် ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။

The Voice Weekly