အကျိုးရှိမယ့် အားလပ်ရက်များ

ပို့စ်တင်ချိန် - 3/23/2014 05:48:00 PM


Written by  လဲ့ရည်မြင့်
Print Email
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ပြီးသွားပါပြီ။ တစ်နည်းအားဖြင့် ၁၁ နှစ်နီးပါး လေ့လာထားသော ပညာရေး အဆုံးအဖြတ်ခုံရုံး ပေါ်ထွက်ဆိုပြီးခဲ့ခြင်း ဖြစ်သည်။ အချို့က ဖြေဆိုနိုင်လို့ ပျော်ရွှင်ကြသည်။ အချို့က အားမလို အားမရ ဖြစ်နေကြသည်။ မည်သို့ပင်ဆိုစေ ၁၁ နှစ်စာအတွက် ရင်ဆိုင်ပြီးခဲ့ပြီ။

လာမည့် သုံးလနီးပါးအကြာတွင် စာစစ်ခုံရုံးက အဖြေထွက်မည်။ လူငယ်များအတွက် အောင်စာရင်း မထွက်မီကြား စဉ်းစားစရာ တက္ကသိုလ်အိပ်မက်များ ရှိသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းနှင့်အတူ ဘာသာစကား လေ့လာစရာ ရှိသည်။ တန်ဖိုးရှိသော အချိန်ဖြစ်ရန် လူမှုလုပ်အားပေးတွေ လုပ်နိုင်သည်။ စိတ်ဝင်စားသော ဘာသာရပ်များအကြောင်း ဟောပြောပွဲတွေက တစ်ဆင့်တစ်စိတ် တစ်ပိုင်း မှတ်သားနိုင်သည်။
“တက်ချင်တဲ့ သင်တန်းတွေတော့ အများကြီးပဲ။ စကားပြော သင်တန်းရော၊ ကွန်ပျူတာ သင်တန်းရော” ဟု တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသူ မခိုင်မွန်က ဆိုသည်။

တစ်ဦးနှင့်တစ်ဦး စိတ်ဝင်စားသော အကြောင်းအရာ မတူညီသည့်အပေါ် မြန်မာလူငယ်များအတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးချိန်နှင့် အောင်စာရင်း မထွက်မီကြား ရွေးချယ်စရာများစွာ ရှိသည်။ အထူးသဖြင့် မြို့ကြီးများတွင် အခွင့်အလမ်း ပိုများသည်။

သင်တန်းတက်မည်ဆိုလျှင် ရွေးချယ်စရာ သင်တန်းကျောင်းများစွာ ရှိသည်။ ဘာသာရပ်အလိုက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲများ ပုံမှန်ကျင်းပလျက် ရှိသည်။ ပြည်ပ ပညာရေး စိတ်ဝင်စားသူများအတွက် လစဉ် နိုင်ငံတကာ တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့် ဟောပြောပွဲများ ရှိသည်။

သို့သော် အခွင့်အလမ်းများကို ရှာလိုစိတ်လိုသည်။ အခွင့်အလမ်းရှိမည့် နေရာသိမှသာ အခြားသူများထက် တန်ဖိုးရှိသော အားလပ်ချိန် ဖြစ်နိုင်မည်။
နိုင်ငံခြားဘာသာ တက္ကသိုလ် တက်လိုသော မခိုင်မွန်ကမူ အောင်စာရင်း မထွက်မီ အင်္ဂလိပ်နှင့် ဂျပန်ဘာသာ သင်တန်းများ ကြိုတက်မည်ဟု ဆုံးဖြတ်ထားသည်။

ကြားခံဘာသာစကား အခွင့်အလမ်း

မြန်မာလူငယ်များအကြား ကိုရီးယား၊ တရုတ်ယဉ်ကျေးမှု လွှမ်းမိုးမှု ကြီးမားသော်လည်း စိတ်အဝင်စားဆုံး ဘာသာစကား စာရင်းတွင် အင်္ဂလိပ် ဘာသာစကားက ထိပ်ဆုံးမှာ ရှိနေဆဲပင်။ နိုင်ငံတကာသုံး ဘာသာစကား ဖြစ်သလို တက္ကသိုလ် ဆက်တက်မည် ဆိုလျှင်လည်း ရှောင်လွှဲမရသောကြောင့် ယခုလို အားလပ်ချိန်များတွင် အင်္ဂလိပ်ဘာသာ သင်တန်းကို အများဆုံး တက်ကြသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကလည်း အင်္ဂလိပ်ဘာသာ တတ်ကျွမ်းသူကိုသာ ဦးစားပေး အလုပ်ခန့်သည့်အတွက် ငယ်ရွယ်စဉ်မှာ ဘာသာစကား သင်ထားခြင်းက မမှားနိုင်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ထောက်ခံကြသည်။

သို့သော် ပြည်ပနိုင်ငံတွင် အခြေချမည့်သူများ၊ ပြည်ပတက္ကသိုလ် တစ်ခုခုတွင် ကျောင်းတက်မည့် သူများအတွက် အင်္ဂလိပ် ဘာသာစကားအပြင် သက်ဆိုင်ရာ နိုင်ငံ၏ အသုံးအများဆုံး စကားအနည်းငယ် သင်ထားသင့်သည်။ အထူးသဖြင့် ဂျပန်နိုင်ငံတွင် တက္ကသိုလ် ဆက်တက်မည့်သူ ဖြစ်ပါက ဂျပန်ဘာသာစကား စာမေးပွဲ ဖြေဆိုရန် လိုအပ်သည်။

ပြည်တွင်း တက္ကသိုလ်သာ ဆက်တက်မည် ဆိုလျှင်တော့ အင်္ဂလိပ်ဘာသာ လေ့လာရေးအတွက် သင်တန်းကျောင်းများ စိတ်ကြိုက် ရွေးချယ်ပြီး တက်ထားနိုင်သည်။ ယခုနောက်ပိုင်း ပညာဒါနကျောင်း များစွာလည်း ပေါ်လာပြီး စာအုပ်စာတမ်းကြေးသာ ပေးသွင်း၍ တက်ရောက်နိုင်သည်။

ဘာသာရပ်သင်တန်း ရေစီးကြောင်း

အိုင်စီတီ နည်းပညာခေတ်တွင် လူငယ်များက ကွန်ပျူတာ Software နှင့် Hardware သင်တန်းများထက် Networking နှင့် ဂရပ်ဖစ်ဒီဇိုင်းများကို ပိုနှစ်သက်လာကြသည်။ ဂိမ်းများကို ကိုယ်တိုင် ရေးဆွဲသလို ကာတွန်းပုံရိပ်များကို အသက်သွင်းလိုသူ များလာသည်။ အခြေခံကွန်ပျူတာ သင်တန်း ဆိုသည်မှာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက်သာ ဖြစ်လာသည်။

ထိုနည်းတူ LCCI ကဲ့သို့ စာရင်းအင်းသင်တန်းများ၊ အင်ဂျင်နီယာ ဘာသာရပ် သင်တန်းများ၊ abe ကဲ့သို့ စီမံခန့်ခွဲရေး သင်တန်းများ၊ ပြည်ပတက္ကသိုလ် ဝင်ခွင့်အတွက် SAT၊ IELTS နှင့် TOEFL သင်တန်းများကလည်း အာရုံစိုက်ခံရသော သင်တန်းများ ဖြစ်သည်။

အထူးသဖြင့် ဘာသာရပ်သင်တန်း အများစုသည် အလုပ်အကိုင် အခွင့်အလမ်းပေါ် မူတည်ရွေးချယ်ကြပြီး နှစ်အလိုက် ပြောင်းလဲမှု ရှိနိုင်သည်။ နိုင်ငံ၏ လိုအပ်နေသော လူသားအရင်းအမြစ် ရေစီးကြောင်းအလိုက် ခေတ်စားသော အသက်မွေးဝမ်းကျောင်း သင်တန်းများသာ ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရာတွင် မိမိစိတ်ဝင်စားသော ဘာသာရပ်ကို ရွေးချယ်ပြီးသော်လည်း လက်တွေ့သင်ကြားရာ၌ စိတ်ဝင်စားမှုမရှိ ဖြစ်နေတတ်သည်။ ယင်းကြောင့် ဘာသာရပ်ဆိုင်ရာ ပြင်ပသင်တန်းများကို အခြေခံမှစ ကြိုတင်သင်ယူထားမည်ဆိုရင် မိမိနှင့် ကိုက်ညီမှုရှိ၊ မရှိ ဆုံးဖြတ်သွားနိုင်မည်။ အနည်းဆုံး လေးနှစ်နီးပါး အချိန်ပေးရမည့် တက္ကသိုလ်ပညာရေးကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်စေသော ကြိုတင် ပြင်ဆင်မှု ဖြစ်သည်။

လူမှုအခြေပြုစိတ် မွေးပေးပါ

လူငယ်ဟူသည် အနာဂတ်ခေါင်းဆောင်ဟု ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များက ဆိုထားပြီးသားပါ။ ယင်းအတွက် ငယ်ရွယ်သော အချိန်တွင် လူမှုပတ်ဝန်းကျင်ကို ဂရုစိုက်သောသူ၊ လူမှုအခြေပြု လုပ်ငန်းကို စိတ်ဝင်စားသူ ဖြစ်လာရန် ပျိုးထောင်ပေးရန် လိုအပ်သည်။

ရပ်ရွာအခြေပြု အဖွဲ့အစည်းများတွင် လုပ်အားပေး ပါဝင်ကူညီရန် တိုက်တွန်းသင့်သည်။ အရပ်ဘက် အဖွဲ့အစည်းများက သင်ကြားပို့ချပေးသော လူငယ်စွန့်ဦးတီထွင် သင်တန်းများ၊ လုပ်အားပေး အဖွဲ့များနှင့် အကူလိုက်ကာ ဒေသန္တရ ဗဟုသုတနှင့် လူသားချင်း စာနာထောက်ထား စိတ်မွေးမြူရန် အားပေးသင့်သည်။
“လူငယ်တွေနဲ့ ကင်းကွာနေတာ ကြာပြီ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကနေ မသိလိုက် မသိဘာသာနဲ့  ပျောက်သွားတာတွေ ပြန်ဖော်ထုတ်ရမယ်” ဟု ပညာရေး အတိုင်ပင်ခံ တစ်ဦးဖြစ်သူ ဦးဇော်မင်းထွန်းက သတိပေး ပြောကြားသည်။

လူမှုရေး လုပ်ငန်းများကတစ်ဆင့် လူငယ်အချင်းချင်း အမြင်ချင်း ဖလှယ်ခြင်းဖြင့် ပညာရှာဖွေနိုင်သည်။ ဘုန်းတော်ကြီး ကျောင်းများတွင် ဖွင့်လှစ် သင်ကြားနေသော ယဉ်ကျေးလိမ္မာ သင်တန်း များကလည်း ထိုရည်ရွယ်ချက်ကိုသာ အခြေခံထားခြင်း ဖြစ်သည်။

ယင်းကြောင့် ပညာရှာမှီးရာတွင် ကျောင်းစာထဲတွင်သာ မရှာဖွေဘဲ ပတ်ဝန်းကျင်မှတစ်ဆင့် သင်ယူပါ။ စာပေဟောပြောပွဲ၊ ဘာသာရပ် ဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ များကိုလည်း လက်လှမ်းမီသလောက် ရှာဖွေသင့်သည်။

ထို့အပြင် နိုင်ငံတကာ တက္ကသိုလ်များက ပညာသင်ဆု ပေးရာတွင် ဒေသအကျိုးပြု လူငယ်များကိုသာ ရွေးချယ်သည့်အတွက် ယင်းလုပ်ငန်းများက တစ်ဆင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသေးသည်။ ပညာသင်ဆု လျှောက်ထားပေးသော အေဂျင်စီ များကလည်း NGO၊ INGO များတွင် လုပ်အားပေး သင်တန်းများခေါ်လျှင် လူငယ်များ ဝင်ရောက် လျှောက်ထားသင့်ကြောင်း အကြံပြုကြသည်။

အားလပ်ချိန်တွင် တက်ရောက်မည့် စိတ်ဝင်စားသည့် ဘာသာစကား သင်တန်းများကို မည်သည့် သင်တန်းကျောင်းတွင် တက်ရမည်ကို ဝေခွဲမရသေးကြောင်း မခိုင်မွန်က ညည်းတွား ပြောဆိုလိုက်သည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးထားသော လူငယ်တိုင်းတွင် သုံးလကြာ ကာလတစ်ခုကို စိတ်ကြိုက်စီမံ သုံးစွဲခွင့် ရှိသည်။ သို့သော် သုံးစွဲသူအပေါ် မူတည်ပြီး အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ တန်ဖိုးများလည်း အမျိုးမျိုး ပြောင်းလဲသွားပေဦးမည်။ ယင်းသို့ သုံးစွဲရန် ရွေးချယ်မှုကပင် နောက်ထပ် ထပ်မံလုပ်ဆောင်သွားရဦးမည့် ရွေးချယ်မှုများအတွက် အစပင်ဖြစ်သည်။

The Voice