အခြေခံလုပ်ခလစာ နှစ်ကုန်ပိုင်းတွင် သတ်မှတ်မည်

ပို့စ်တင်ချိန် - 4/25/2014 08:59:00 AM

အခြေခံလုပ်ခလစာရရှိရေးနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်အတွင်းက သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေသော အလုပ်သမားများကို တွေ့ရစဉ်

ရန်ကုန်၊ ဧပြီ ၂၃

အလုပ်သမားများ၏ အခြေခံ လုပ်ခလစာ သတ်မှတ်ချက်ကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်သူများကို ချပြမည်ဟု အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧပြီလ ၂၃ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““တိုင်းဒေသကြီး အစိုးရအဖွဲ့အလိုက် သူ့ဒေသကိုသူ စစ်တမ်းကောက်ယူမှုတွေ လုပ်နေကြပါပြီ။ ဒီကိစ္စက အရမ်းသိမ်မွေ့တဲ့ ကိစ္စရပ်ပါ။ ခက်လည်း ခက်ခဲပါတယ်။ ဒီနှစ်မကုန်ခင်အချိန်မှာ အဖြေတစ်ခုထွက်နိုင်ဖို့ ရအောင် ကြိုးစားနေတယ်။ အလုပ်သမားတွေရဲ့လိုလားချက်ကလည်း အခြေခံ လုပ်ခလစာ သတ်မှတ် နိုင်ရေးပါ””ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်(ILO) ၏ ထုတ်ပြန်စာရင်း၌ အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံ၏ လုပ်ခလစာသည် အနိမ့်ဆုံး အခြေအနေတွင် တည်ရှိနေသည်ဟု ဖော်ပြထားပြီး အိမ်နီးချင်း နိုင်ငံများ၏ လုပ်ခလစာကို အမေရိကန် ဒေါ်လာဖြင့် တွက်ချက်ကာ ထိုင်းနိုင်ငံတွင် အထည်ချုပ် လုပ်သားတစ်ဦး ရရှိငွေသည် တစ်လလျှင်၂၄၃ ဒေါ်လာ၊ မလေးရှားနိုင်ငံတွင် ၂၄၇ဒေါ်လာ၊ ဖိလစ်ပိုင်တွင် ၁၄၈ ဒေါ်လာ၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၈၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၇၀ ဒေါ်လာနှင့် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်သား အကူသင်ကာလတွင် အခြေခံလစာက ၂၀၀၀၀ ကျပ်ခန့်နှင့် ကျွမ်းကျင်အဆင့်တွင် ၄၀၀၀၀ ကျပ် အသီးသီး ရရှိထားသည်ဟု ဖော်ပြထားသည်။

လှိုင်သာယာစက်မှုဇုန် ၄ တွင် လုပ်ကိုင်နေသော အထည်ချုပ်လုပ်သား မသူဇာက ““ကျွန်မတို့က အခြေခံလစာ သတ်မှတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုက အခြေခံလစာ ၃၀၀၀၀ ကျပ်လောက်ပဲ ရတယ်။ ကျန်တဲ့ အချိန်ပိုတွေ၊ ရက်မှန်စတာတွေပေါင်းမှ ၈၀၀၀၀ ကျပ်လောက်ပဲ ရတာ။ အခုဆိုရင်အစိုးရက အခြေခံ လစာလည်း မသတ်မှတ်နိုင် သေးဘဲ သူတို့ဝန်ထမ်းတွေကျတော့ လစာတိုးဖို့ လုပ်နေသလို ကုန်ဈေးနှုန်းကလည်း နောက်က လိုက်တက်နေတယ်””ဟု ပြောသည်။

လုပ်ငန်းရှင်များနှင့် အလုပ်သမားများ လုပ်ခလစာ သတ်မှတ်နိုင်ရေး တွေ့ဆုံမှုများတွင် အလုပ်သမား ခေါင်းဆောင်များက တစ်ရက်လုပ်ခ ၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်ကြား တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များကလည်း အစိုးရထံမှ စက်မှုဇုန်များကို လျှပ်စစ်မီးအပြည့် အ၀မပေးနိုင်ကြောင်း၊ ကုန်ကြမ်း ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း စသည့် အကြောင်းပြချက်များကြောင့် လုပ်ခလစာ ဆွေးနွေးမှုများတွင် နှစ်ဖက်ကြား ပြေလည်မှု မရရှိခဲ့ပေ။

ပွင့်လင်းအဖွဲ့မှ အလုပ်သမားအရေး ဆောင်ရွက်သူ မသက်သက်အောင်က ““အခြေခံလုပ်ခလစာ မသတ်မှတ် နိုင်ရင်တော့ အလုပ်သမားတွေက လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေဦးမှာပဲ။ အရင်က အစိုးရက ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ် ပေးမယ်လို့ ကတိပေး ပြောကြားမှုတွေ ပြုလုပ်နေပေမယ့် ယနေ့ထိ အကောင်အထည် မဖော်နိုင်သေးဘူး။ အဓိကဖြစ်နေတာ အလုပ် သမားတွေ အနိမ့်ဆုံး တစ်ရက်လုပ်ခ တောင်းဆိုမှုနဲ့ လုပ်ငန်းရှင်ပေးနိုင်တဲ့ တစ်ရက်လုပ်ခ ကွာဟနေမှုကို အစိုးရက မထိန်းပေးနိုင်ဘူး။ အခြေခံလစာ သတ်မှတ်ဖို့ ကြန့်ကြာနေရင်တော့ အလုပ်သမားထုကြီးက စုပေါင်းပြီး တောင်းဆိုမှုတွေ ဖြစ်လာနိုင်တယ်””ဟု ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် အလုပ်သမား လုပ်ခလစာ နည်းပါးမှုကြောင့် ဆန္ဒပြ တောင်းဆိုမှုများ ၂၀၀ ကျော်ခန့်ရှိခဲ့ပြီး ခုံသမာဓိကောင်စီအထိ ဖြေရှင်းရသလို အမှုပေါင်း ၅၆ ခုကို ဖြေရှင်းနိုင်ခဲ့ပြီး အဖွဲ့ပေါင်း ၁၀၆ ဖွဲ့ကို နေပြည်တော် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ကျော်စိုးဦး

မြန်မာသံတော်ဆင့်ဂျာနယ်