ဟံသာဝတီအဝိုင်း မီးပွိုင့်စနစ် ပြောင်းရန် နှစ်လတိုး စစ်တမ်းကောက်မည်

ပို့စ်တင်ချိန် - 4/27/2014 01:44:00 PM


ရန်ကုန်၊ ဧပြီ ၂၆

လှည်းတန်းခုံးကျော်တံတား စတင်အသုံးပြုချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆိုမှု များပြားနေသော ဟံသာဝတီအဝိုင်းကို ဖျက်သိမ်း၍ မီးပွိင့်စနစ် ပြောင်းလဲရန် ယာဉ်သွားလာမှု စစ်တမ်းကောက်ယူခြင်းကို နှစ်လထပ်တိုး ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

ဟံသာဝတီအဝိုင်း အနီးတစ်ဝိုက်တွင် ယာဉ်သွားလာမှု အစီးရေ ကောက်ခံခြင်း လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကာ သုံးလကြာ ကောက်ခံခဲ့သော်လည်း အချက်အလက်များ ပိုမိုခိုင်မာစေရန် နှစ်လ ထပ်တိုးကောက်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဇန်နဝါရီက ဧပြီအထိ ကောက်တဲ့အခါမှာ ကျောင်းပိတ်ရက်တွေ၊ ရုံးပိတ်ရက်တွေ များနေတော့ ယာဉ်သွားယာဉ်လာ ပုံမှန်နှုန်းထားကို ခန့်မှန်းရခက်တယ်။ ဒါ့ကြောင့် အချိန်နှစ်လ ထပ်တိုးပြီးတော့ အချက်အလက် ထပ်စုဆောင်းတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အဝိုင်းနေရာတွင် မီးပွိုင့် အစားထိုးခြင်းကို စစ်တမ်းကောက်ခံမှုမှ ရရှိလာသော အချက်အလက်များပေါ် မူတည်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

“ယာဉ်သွားယာဉ်လာ အရမ်းများတဲ့ လမ်းဆုံဆိုရင် မီးပွိုင့်ထားတာ ကောင်းပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုပေါ် မူတည်ပြီး မီးပွိုင့်အချိန်ကို လိုသလို ပြောင်းလဲဖို့တော့ လိုပါတယ်။ ယာဉ်သွားယာဉ်လာ နည်းတဲ့ နေရာဆိုရင်တော့ အဝိုင်းအတိုင်းပဲ ထားတာ ကောင်းပါတယ်” ဟု အင်ဂျင်နီယာလုပ်သက် ခြောက်နှစ်ကျော်ရှိ မြို့ပြအင်ဂျင်နီယာ တစ်ဦးက ထောက်ပြပြောဆိုသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတား ခုံးကျော်တံတား သုံးစင်းကို ၂၀၁၃ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly