စဥ့်ကိုင်းမြို့နယ်၌ မိုးသက်လေပြင်းများကျရောက်

ပို့စ်တင်ချိန် - 5/01/2014 06:37:00 PM


မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်တွင် ဧပြီ ၂၈ ရက် ည ၁၀နာရီ ၅ မိနစ်မှ ည ၁၁ နာရီ ၃၅မိနစ်ခန့်အထိ မိုးသက်လေပြင်းများကျရောက်ခဲ့ကြောင်း သိရသည်။

လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးမုန်တိုင်းများ ကျရောက်ခြင်း တို့ကြောင့် စဥ့်ကိုင်မြို့နယ် လက်ဝဲကျေးရွာအုပ်စု ကုန်းနီကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ရွှေစကားမြတ်စွာဘုရားဟု ဘွဲ့တော်ရသော စေတီတော် ထီးတော်မြေခခဲ့ကြောင်း၊ဓမ္မာရုံဇရပ်ကြီးမှ ခေါင်မိုးများလွင့်ထွက်ခဲ့ကြောင်း၊

ကျောင်းဝင်း အတွင်းမှ သစ်ပင်ကြီးများ ကျိုးကျမှုကြောင့် ကျောင်းဝင်းအတွင်းသွယ်တန်းထားသော လျှပ်စစ် ဆားဗစ်ကြိုးနှင့် မီတာဘောက်များပြုတ်ထွက်ပြတ်ကျခဲ့ကြောင်း၊

ကုန်းနီကျေးရွာ၏ အနောက်ဘက်ကျေးလက် ဖွံ့ဖြိုးရေး လမ်းမကြီးတစ်လျှောက် သွယ်တန်းထားသောဓာတ်အားလိုင်းမှ ကွန်ကရစ်ဓာတ်တိုင်ကြီး ခုနစ်တိုင် ဆက်တိုက်ကျိုးကျလဲပြိုသွားကြောင်း၊

ဓာတ်တိုင်နှစ်တိုင်မှာ ကျိုးပြတ်ကျခြင်းမရှိသော်လည်း နာသွားကြောင်း၊ အလားတူ ကုန်းနီကျေးရွာအနီးရှိပုဂ္ဂလိကငါးကန်များမှ ပုဂ္ဂလိကပိုင်လျှပ်စစ် ထရန်စဖော်မာအိုးတစ်လုံးလဲပြို မှုဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မန္တလေးကားလမ်းဘေး ဘယ်လင်းကျေးရွာအနီးတွင်လည်း သစ်ပင်များလဲပြိုခြင်း၊ သစ်ကိုင်းကြီးများ ပြတ်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊

စဥ့်ကိုင်မြို့ပေါ်တွင် သစ်ကိုင်းများပြတ်ကျခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း လူနှင့် အိမ်မွေးတိရစ္ဆာန်များ သေပျောက်မှုမရှိကြောင်း၊ ကျေးငှက်အချို့ကို မြေပြင်ပေါ်တွင် သေဆုံးလျက်တွေ့ရကြောင်း၊ သက်ဆိုင်ရာမှ အပျက်အစီးများ ရှင်းလင်းရေးနှင့်လျှပ်စစ်မီးများ အမြန်ပြန်ပေးနိုင်ရေးတို့အတွက် အပူတပြင်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်မင်း(စဥ့်ကိုင်)
MOI Webportal Myanmar