လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ တိုက်ခန်း၊ စက်မှုဇုန်မြေကွက် ငှားရမ်းမှုများအပေါ် ၀င်ငွေခွန် စနစ်တကျ ကောက်မည် ၊ လုံးချင်းတိုက်ငှားသူများ တစ်လုံးလျှင် တစ်နှစ် ကျပ်သိန်း ၇၀၀ ကျော်မှ ကျပ်သိန်း ၃၀၀၀ ကျော်အထိ ငှားရမ်းခရနေ

ပို့စ်တင်ချိန် - 5/01/2014 08:35:00 AM

ငှားရမ်းခ ဈေးအများဆုံးဖြစ်သည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ ရွှေတောင်ကြားအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

Written by: မာန်သူရှိန်၊ ဆန်းထူးအောင်



လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ တိုက်ခန်း၊ စက်မှုဇုန်မြေကွက်ငှားရမ်းမှုများအပေါ် ၀င်ငွေခွန်ကို ယခုထက်စိစစ်ကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူး ဦးထွန်းသန်းက “ဥပဒေအရ ၀င်ငွေခွန်ပေးဆောင်ရမယ့် ၀င်ငွေရှိသူတိုင်း အခွန်ဆောင်ရမှာပါ။ အခုအိမ်ခြံမြေ ငှားရမ်းမှုကရတဲ့ အခွန်ပေးဆောင်ထိုက်တဲ့ ၀င်ငွေရှိသူတွေကို ပစ္စည်းကရတဲ့ ငွေခေါင်းစဉ်အောက်က ၀င်ငွေအဖြစ် သတ်မှတ်ပြီးကောက်တာပါ။ ဒါပေမဲ့ အိမ်ခြံမြေ ငှားရမ်းမှုက အခွန်ပေးဆောင်တဲ့သူ တစ်ကယ်ငှားနေတဲ့ ပမာဏထက်စာရင် အများကြီး နည်းနေတယ်။ ဒီထက်ကြပ်မတ်စိစစ်ပြီး ကောက်ဖို့ စီစဉ်ထားပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်မြို့တွင် ကွန်ဒို၊ တိုက်ခန်း၊ လုံးချင်းနှင့် မြေကွက်၊ စက်မှုဇုန်မြေကွက်များကို လူအနည်းစုကသာ ၀ယ်ယူချုပ်ကိုင်ထားပြီး နှစ်စဉ် ငှားရမ်းခဈေးများကို အဆမတန် တိုးမြှင့်တောင်းခံပြီး ကျပ်ဘီလျံပေါင်းများစွာ ၀င်ငွေရရှိနေကြပြီး ငှားရမ်းရသူများမှာ နှစ်စဉ် ပိုမိုစိုက်ထုတ်နေကြရသည်။

သို့သော်လည်း ထိုသို့ငှားရမ်းခမှ ရသည့် ၀င်ငွေအပေါ် အခွန် လာရောက်ပေးဆောင်သူမှာ နည်းပါးလွန်းပြီး မဖြစ်မနေ ဥပဒေအရ မြှုပ်နှံသူများမှ တံဆိပ်ခေါင်းဖြင့် စာချုပ်ချုပ်ဆိုရသည့်အပေါ်တွင်သာ အနည်းအကျဉ်း ရရှိခြင်းဖြစ်ရာ နိုင်ငံအနေဖြင့် အခွန်များစွာ နစ်နာလျက် ရှိနေသည်။

ရန်ကုန်မြို့တွင် နေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းမှုများ ပြုလုပ်ရန် တရားဝင်ဂျာနယ်များမှတစ်ဆင့် ကြော်ငြာထည့်သွင်းမှုသည်ပင် တစ်ပတ်လျှင် ကွန်ဒို၊ တိုက်ခန်း၊ မြေကွက်၊ စက်မှုဇုန်၊ လုံးချင်းတိုက် စုစုပေါင်း ၁၄၀၀၀ ကျော်အထိ ရှိနေသည်။

ယင်းပမာဏမှာ အပတ်စဉ်ဂျာနယ်၊ နေ့စဉ်ထုတ် သတင်းစာများတွင် ကြော်ငြာထည့်သွင်းကာ ငှားရမ်းရောင်းချလိုကြောင်း ကြော်ငြာသည့် အရေအတွက်ဖြစ်ပြီး တရားဝင်ကြော်ငြာမှုမရှိဘဲ မိမိကိုယ်ပိုင်အဆက်အစပ်ဖြင့် ငှားရမ်းနေမှုမှာ ၎င်းပမာဏထက် ၁၀ ဆမက ရှိနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

ထိုသို့ဆိုလျှင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ငှားရမ်းနေမှုများကို ပေါင်းလိုက်လျှင် တစ်နှစ်လျှင် နေထိုင်မှုအတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လည်းကောင်း ငှားရမ်းမှုများသည် အရေအတွက်အားဖြင့် တစ်သန်းဝန်းကျင်အထိ ရှိနေမည်ဟု ခန့်မှန်း တွက်ချက်ထားကြသည်။

ငှားရမ်းခများကို တွက်ချက်ကြည့်လျှင်လည်း လုံးချင်းတိုက်တစ်လုံး၏ တစ်လငှားရမ်းခ ရရှိငွေမှာ ကျပ်သိန်း ၆၀ (ငှားရမ်းမှုသွက်သည့်ဧရိယာ)မှ ကျပ်သိန်း ၂၉၀ ၀န်းကျင်အထိ ရရှိနေသည်။

လုံးချင်းတိုက်တစ်လုံး ပိုင်ဆိုင်သူသည် ငှားရမ်းခအဖြစ် တစ်နှစ်ကျပ် သိန်း ၇၂၀ မှ ကျပ်သိန်း ၃၀၀၀ ကျော်အထိ ၀င်ငွေရလျက် ရှိသည်။

လုံးချင်းတိုက်များကို အမေရိကန်ဒေါ်လာဖြင့် အများဆုံးငှားရမ်းနေကြပြီး အငှားသွက်နေရာများဆိုပါက အနည်းဆုံးအမေရိကန်ဒေါ်လာ ၆၀၀၀ မှ ဒေါ်လာ ၃၀၀၀၀ အထိ ရရှိသူများ ရှိနေသည်။

ကွန်ဒို ပိုင်ဆိုင်သူများအနေဖြင့်လည်း အငှားသွက်သည့်နေရာများတွင် တစ်ခန်းလျှင် တစ်လအနည်းဆုံးကျပ် ၁၀ သိန်း(တစ် နှစ်သိန်း ၁၂၀)မှ ကျပ် ၆၅ သိန်း(တစ်နှစ် ကျပ် သိန်း ၇၈၀အထိ)အထိ ၀င်ငွေရှိနေသည်။

စက်မှုဇုန် မြေကွက်များဆိုလျှင်လည်း ဂိုဒေါင်အပါ တစ်ဧကကွက် တစ်ကွက်ငှားရမ်းလျှင် တစ်လကျပ် ရှစ်သိန်း(တစ်နှစ်ကျပ် သိန်း ၁၀၀ နီးပါး)မှ ကျပ်သိန်း ၇၀ (တစ် နှစ်ကျပ်သိန်း ၈၄၀ အထိ) အထိ ၀င်ငွေရရှိနေကြခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအတွက် တိုက်ခန်းများ ငှားရမ်းရာတွင်လည်း စီးပွားရေးဆိုင်ရာ ဧရိယာများအတွင်းရှိ မြေညီထပ်တိုက်ခန်းများဆိုလျှင် တစ်လ ကျပ်သိန်း ၂၀ (တစ်နှစ်ကျပ်သိန်း ၂၄၀)မှ ကျပ် သိန်း ၄၀ (တစ်နှစ် ကျပ်သိန်း ၄၈၀)အထိ ရရှိနေကြသည်။

လက်ရှိပေးဆောင်ရမည့် အခွန်နှုန်းအရ လုံးချင်း၊ ကွန်ဒို၊ မြေကွက်၊ စက်မှုဇုန် မြေကွက်နှင့် မြေညီထပ် တိုက်ခန်းများ ငှားရမ်းရာတွင် အများစုသည် ငှားရမ်းခရငွေ၏ ၂၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည် ဖြစ်သည်။

စက်မှုဇုန်မြေကွက်များဆိုလျှင် ကိုယ်တိုင်လည်း အလုပ်မလုပ်ဘဲ ဦးအောင် ဖျာခင်းထားသူများ၏ လက်ဝယ်တွင် အများအပြားရှိနေပြီး ၎င်းတို့မှ ယခုအခါ နှစ်စဉ်ဈေးတိုးတောင်း၍ ငှားရမ်းနေခြင်းဖြစ်ပြီး လုံးချင်း၊ မြေကွက်၊ ကွန်ဒို အများအပြားပိုင်ဆိုင် ငှားရမ်းနေသူများမှာလည်း ထိုသို့ပင်ဖြစ်သည်။ –

အများပြည်သူအနေဖြင့် လိုအပ်ချက်အရ မဖြစ်မနေ ၎င်းတို့ခေါ်သည့်ဈေးဖြင့်ပေးကာ ငှားရမ်း လုပ်ကိုင်နေရခြင်းပြီး ၎င်းတို့အနေဖြင့်မူ ရသည့်ဝင်ငွေအပေါ်ပြန်လည် အခွန်မဆောင်သည့်အတွက် နိုင်ငံလည်း နစ်နာ ငှားရမ်းရသူ ပြည်သူသည်လည်း နှစ်စဉ်ဈေး တိုးတောင်းသည့်ဒဏ်ကြောင့် ရုန်းကန်ရလျက် ရှိသည်။

ဥပမာ-လုံးချင်းတိုက် တစ်လုံးကို ငှားသူတစ်ဦးထံမှပင် ငှားရမ်းခ ရငွေပေါ်ဝင်ငွေ ကောက်မည်ဆိုလျှင် အနည်းဆုံး အခွန်ငွေ ကျပ်သိန်း ၁၈၀ မှ ကျပ်သိန်း ၇၅၀ နှင့်အ ထက်အထိ ရရှိမည်ဖြစ်သည်။

နှစ်စဉ် သန်းဖြင့်ချီသည့် အရေအတွက်ကို ငှားရမ်းသုံးစွဲနေမှုအပေါ်တွင်သာ စနစ်တကျ ကောက်ခံမည်ဆိုပါက နိုင်ငံအတွက် ကျပ်ဘီလျံပေါင်းများစွာ ရရှိမည်ဖြစ်သည်။

ယခုမူ နှစ်စဉ်တိုးတောင်းမှုကြောင့် ငှားရမ်းသူပြည်သူများလည်း မသက်သာ၊ နိုင်ငံလည်း အခွန်ဆုံးရှုံးပြီး ခေတ်အဆက်ဆက် လက်ဦးမှုယူကာ မြေ၊ တိုက်တာများ ရယူချုပ်ကိုင်ထားသူများသာ အခွင့်အရေးကောင်းလျှက် ရှိနေခြင်းဖြစ်သည်။

လက်ရှိမြေတစ်ဧက ပေါက်ဈေးမှာလည်း ကျိုက်ဝိုင်းဘုရားလမ်း၌ပင် ကျပ် ၁၂ သိန်း အထိ ပေါက်နေသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင်မြေဈေးကို မည်မျှကစားခဲ့ကြသည်ကို လည်းကောင်း၊ အဆိုပါမြေတန်ဖိုး အမှန်ပေါ်တွင် အခွန်ကောက်ခံပါက အခွန်ငွေ မည်မျှရမည်ကိုလည်းကောင်း တွက်ဆနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ အိမ်ခြံမြေငှားရမ်းခြင်းအပေါ် ၀င်ငွေခွန်ကောက်မည်ဟုဆိုသော်လည်း တစ်လ ကျပ် ၂၀၀၀၀ ၀န်းကျင်ဖြင့် ငှားရမ်းနေသူများ ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး အိမ် ခြံမြေကို ချုပ်ကိုင်ထားပြီး စီးပွားဖြစ် ဈေးဆွဲတင် ငှားရမ်းနေသူ လက်ကြီးသမားများသာ ပေးဆောင်ရမည်ဖြစ်၍ အခြေခံလူတန်းစားများ ငှားရမ်းနေထိုင်မှုအပေါ် သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။ –
Eleven Media