ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ စစ်တပ် တိုက်ပွဲ ပြန်လည် ဖြစ်ပွား

ပို့စ်တင်ချိန် - 5/01/2014 02:24:00 PM


ဖနိဒါ

ချင်းမိုင်၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နယ်မြေအတွင်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များနှင့် ယနေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီမှ ညနေ၆ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA ၏ အရပ်ဘက် ပြည်သူစစ်တပ်ဖွဲ့ဝင်
တဦးက ပြောသည်။

“ဒီနေ့က ဘန်ဆိုင်း ဖိုင်ကောင်နားမှာ ဒီနေ့မနက်ပိုင်းက ဖြစ်တယ်။ ညနေပိုင်းတွေလည်း နမ်တောင်းနဲ့ ကောင်းခါးရွာကြား လမ်းမှာ ပြန်ဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ တိုက်ကြတယ် ဆိုတော့ ကျွန်တော်တို့ဘက်ကတော့ ကျတာ မရှိဘူး။ အစိုးရဘက်ကတော့ တော်တော်ထိမယ်ထင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရစစ်တပ်၏ ပန်ဆိုင်းမြို့နယ်ခွဲ နမ်အွမ်နှင့် မုန်ဘော်အကြား ကောင်းခါးကျေးရွာအနီး ရောက်လာသော အစိုးရ၏ ယာဉ်တန်းကားများ တက်လာသဖြင့် KIA ၏ တပ်ရင်း ၃၆ တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

ဧပြီ ၃၀ရက်၌ပင် မူဆယ် ၁၀၅ မိုင် ကားလမ်းဘက်မှ မုန်ဘော်ဘက်သို့ အစိုးရစစ်တပ်အင်အား ၁၀၀ ကျော် လှုပ်ရှားလာပြီး မုန်ဘော်ကျေးရွာတွင် ရောက်ရှိနေပြီ ဖြစ်သလို၊ ကွတ်ခိုင်မြို့နယ် မုန်းဟောမ်ကားလမ်း၊ မွန်းလာ၊ မွန်ဂိုဘက်တွင်လည်း အစိုးရ စစ်ကြောင်းများ တိုးမြင့်လာကာ ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာနေရာဘက်သို့ ဦးတည်နေ
သဖြင့် နောက်ရက်များတွင်လည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်သည်ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ကချင်လွတ်မြောက်ရေးတပ်မတော် KIAက အစိုးရနှင့် မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ ယမန်နေ့ (ဧပြီ ၂၉ရက်)ကပင် စာပို့ထားခဲ့သည်။

Mizzima Burmese