စင်ကာပူနိုင်ငံမှ မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာကြသော MAI လေကြောင်းလိုင်း မန်နေဂျာနှစ်ဦး အပါအဝင် အမျိုးသားငါးဦးကို အမှုဖွင့်

ပို့စ်တင်ချိန် - 5/01/2014 06:06:00 PM


ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လွန်ခဲ့သော သုံးလကျော် (ဇန်နဝါရီလ ၁၅ ရက်နေ့) က MAI လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံမှ ကျပ်သိန်း သုံးထောင်ဖိုးရှိ မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို တရားမဝင် သယ်ဆောင်လာမှုနှင့် ပတ်သက်၍ MAI လေကြောင်းလိုင်း Cargo ဌာနခွဲနှင့် လုံခြုံရေးဌာနတို့မှ မန်နေဂျာနှစ်ဦး အပါအဝင် အမျိုးသားငါးဦးကို မင်္ဂလာဒုံမြို့မ ရဲစခန်း၌ ဧပြီလ ၂၉ ရက်နေ့က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီးစဉ်အမှတ် 8M-232 လေယာဉ်ဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၃ နာရီက စင်္ကာပူနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာစဉ် ကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာမှ ငွေကျပ် သိန်းသုံးထောင်ခန့် ရှိသော Samsung အမျိုးအစား ဟန်းဆက်များ အပါအဝင် မိုဘိုင်းလ်ဖုန်း ၆၂၅ လုံး၊ 16 GB Memory Card ၂၇၃ ခု၊ 8 GB Memory Card ၁၀၀၀ ခုနှင့် Bluetooth နားကြပ် အခု ၅၀ တို့ကို ခရီးဆောင်အိတ်နှင့် စက္ကူပုံးများထဲမှ ဖမ်းဆီး ရမိခဲ့ခြင်းကြောင်း၊

ယင်းအမှုနှင့် ဆက်စပ်၍ မန်နေဂျာနှစ်ဦး အပါအဝင် လူငါးဦးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) မှ ဦးစီးအရာရှိ တစ်ဦးက တရားလိုပြုကာ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

MAI လေကြောင်းလိုင်းဖြင့် တရားမဝင် သယ်ဆောင်လာသော မိုဘိုင်းလ်ဖုန်းများ ဖမ်းဆီးရမိမှုကို စသုံးလုံးက စုံစမ်းစစ်ဆေးခဲ့ရာ MAI လေကြောင်းလိုင်း Cargo ဌာနခွဲ မန်နေဂျာနှင့် လုံခြုံရေး မန်နေဂျာတို့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ Mobile Mother Co., Ltd. မှ မန်နေဂျင်း ဒါရိုက်တာနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

“စင်ကာပူမှာက ဒီမှာလို ထိန်းချုပ်ထားတဲ့ ဥပဒေ မရှိတော့ Customer မှာတဲ့အတိုင်း လေယာဉ်ပေါ် ပစ္စည်းတွေ တင်ပေးလိုက်တာ။ ဒီမှာက တရားဝင် ခွင့်ပြုချက် မရှိဘဲ ပြည်တွင်းကို သယ်ခွင့်မရှိဘူး။ ကုန်ပစ္စည်းတွေ လက်ခံစစ်ဆေးတဲ့ Cargo ဌာနခွဲနဲ့ လုံခြုံရေး ဌာနတွေကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေပါတယ်။

ခုလို မိုဘိုင်းလ်ဖုန်းတွေ အဖမ်းခံရပြီး နောက်ပိုင်း MAI လေကြောင်းလိုင်းဘက်က တာဝန်ရှိသူတွေက ကျန်တဲ့ ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ဘယ်နိုင်ငံကနေ ပစ္စည်းတင်တင် လက်မခံတဲ့ ပစ္စည်းမျိုး နောက်တစ်ကြိမ် လေယာဉ်ပေါ် မတင်ဖို့ မှာထားတယ်” ဟု MAI လေကြောင်းလိုင်းမှ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။

ကျပ်သိန်းသုံးထောင်ခန့်ရှိ မိုဘိုင်းလ်ဖုန်းများ တရားမဝင် သယ်ဆောင်မှုကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စစ်ဆေးခဲ့ရာ Mobile Mother Co., Ltd. မှ မန်နေဂျင်း ဒါရိုက်တာနှင့် MAI လေကြောင်းလိုင်း Cargo ဌာနခွဲနှင့် လုံခြုံရေးဌာနတို့မှ မန်နေဂျာတို့ ပူးပေါင်းကာ ၂၀၁၃ ခုနှစ် ဇွန်လခန့်မှစ၍ တစ်လလျှင် သုံးကြိမ်ခန့် မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို စင်ကာပူနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ တရားမဝင် တင်သွင်းမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု မင်္ဂလာဒုံ မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တရားမဝင် သယ်ဆောင်လာသော ငွေကျပ် သိန်းသုံးထောင်ခန့်ရှိ မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၏ ပိုင်ရှင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူ Mobile Mother Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာနှင့် ရန်ကုန်လေဆိပ်၌ ပစ္စည်းသယ်ယူ ပို့ဆောင်ရေးဌာနတွင် လုပ်ကိုင်သူ အမျိုးသားတို့ နှစ်ဦးကို စုံစမ်းလျက်ရှိပြီး MAI လေကြောင်းလိုင်း Cargo ဌာနခွဲနှင့် လုံခြုံရေးဌာနမှ

မန်နေဂျာ အမျိုးသားနှစ်ဦး အပါအဝင် Custom Agent အမျိုးသားတို့ကို အထူးစုံစမ်းရေးဦးစီးဌာနက ဖမ်းဆီး စစ်ဆေးခဲ့ကာ မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် (ပ) ၁၈၈/ ၁၄၊ ပို့ကုန်/ သွင်းကုန် ဥပဒေပုဒ်မ ၈/ ၁၀ ဖြင့် အမှုဖွင့် အရေးယူပေးရန် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

မြန်မာနိုင်ငံအတွင်းသို ပြည်ပမှ ကျပ်သန်းနှင့်ချီသော မှောင်ခို ဝင်ရောက်နေမှုကြောင့် တရားမဝင် တင်သွင်းသည့် လမ်းကြောင်းများကို ဖော်ထုတ်နိုင်ရန် ပြည်ပမှ ဟန်းဆက်များ တရားဝင် တင်သွင်းခွင့် ရရှိထားသည့် ပြည်တွင်းမိုဘိုင်းလ် ကုမ္ပဏီကြီးများကို အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က မတ်လ ၃၁ ရက်နေ့က ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် ဇန်နဝါရီလထိ သွင်းကုန်ဌာနမှာ လိုင်စင် လျှောက်ထားတဲ့ ဟန်းဆက် အရေအတွက်က ရှစ်သောင်းကျော်ပဲ ရှိတယ်။ ချထားပေးတဲ့ ဆင်းကတ် အရေအတွက်က ခြောက်သန်းကျော် သွားပြီမို့ လိုင်စင် လျှောက်ထားသူနဲ့ ဟန်းဆက်အရေအတွက် ချိန်ကြည့်လိုက်ရင် ၉၉ ရာခိုင်နှုန်းက မှောင်ခိုဟန်းဆက်တွေ
ဖြစ်နေတာကို တွေ့နေရတယ်။

ပြည်ပက မှောင်ခို သွင်းယူနေမှုတွေကြောင့် အစိုးရက အခွန်ငွေ မရသလို ပြည်သူ့ဘဏ္ဍာငွေလည်း ဆုံးရှုံးနေရတာကြောင့် တာဝန်ရှိသူတွေက ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးစေချင်တယ်” ဟု ၎င်းက တိုက်တွန်း ပြောကြားသည်။

The Voice Weekly