မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှု ဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး

ပို့စ်တင်ချိန် - 6/02/2014 08:25:00 AM


နေပြည်တော် ဇွန် ၁

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ဝင်ရောက် လှုပ်ရှားလျက် ရှိကြောင်း သတင်း ရရှိသည့် အတွက် မိမိနယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူ အဖွဲ့မှဟု ယူဆရသော လက်နက် ကိုင်ဆောင်ထားသူ နှစ်ဦးသည် မိမိနိုင်ငံ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အဝါရောင် ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း တစ်လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် စစ်သံရုံး (ရန်ကုန်)မှ အကြောင်းကြားချက်အရ ၎င်းတို့ နယ်ခြားစောင့် တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်း တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့ တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်း ထားရှိပါက ပြန်လည် လွှဲပြောင်း ပေးစေလိုကြောင်း၊ သေဆုံးပါကလည်း အလောင်းကို ပြန်လည် ပေးအပ်စေလိုကြောင်း ညှိနှိုင်း အကြောင်းကြား လာခဲ့သည်။ မိမိဘက်မှလည်း အဝါရောင် ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း တစ်လောင်းကို နယ်စပ် မှတ်တိုင် (၅၂)အနီး၊ မိမိနိုင်ငံ နယ်မြေ အတွင်းတွင် တွေ့ရှိထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အလောင်း မှန်ကန်ပါက ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နယ်စပ် မှတ်တိုင်(၅၂)အနီးတွင် ပြန်လည် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည်။

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ကာရပ်ဖ်ဦးစီးအဖွဲ့ နယ်စပ်မှတ်တိုင် (၅၂)အနီးသို့ ရောက်ရှိလာခဲ့ရာ မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများက ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သေဆုံးသူ အလောင်းကို စိစစ်ခဲ့ရာ အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ၎င်းတို့တပ်ဖွဲ့ဝင် ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ်အဆင့်ရှိ မာဇမ်ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံးသွားခဲ့သူ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ဒေသတွင် လိုက်နာ လုပ်ဆောင်ရမည့် အချက်များကို ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ဝင်ရောက်သွားစဉ် လုံခြုံရေး အဖွဲ့များနှင့် ထိတွေ့ပြီး ယခုကဲ့သို့ဖြစ်စဉ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ဘယ်လိုမှ စိတ်ထဲမှာ မထားကြောင်း၊ မြန်မာဘက် အနေဖြင့်လည်း စိတ်ထဲတွင် မည်သို့မျှ မထားရန်နှင့် ယခုကဲ့သို့ အပြည့်အဝ ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့ အထက်ဌာနမှလည်း ကျေးဇူးတင်နေပါကြောင်း၊ ၎င်းတို့ဘက်တွင် အခြား ပြဿနာများရှိပါက ပြောကြားရန်နှင့် လိုအပ်ပါက ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူကလည်း ဖြစ်စဉ်နေရာကို လိုက်လံပြသခြင်း၊ ဖြစ်စဉ် ဖြစ်ပွားပုံကို ရှင်းလင်း ပြောကြားခြင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ စောင့်ထိန်း လိုက်နာရမည့် အချက်များကို အလေးထား ဆောင်ရွက် ပေးစေလိုကြောင်း ပြန်လည် ပြောကြားခဲ့ပြီး ရုပ်အလောင်းကို စနစ်တကျ လက်မှတ်ရေးထိုး လွှဲပြောင်း ပေးအပ်ခဲ့သည်။

ညနေ ၅နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များသည် ရုပ်အလောင်းကို လက်ခံယူပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် RSO သောင်းကျန်းသူများ အခြေမခံနိုင်ရေး၊ မလိုလားအပ်သော နယ်စပ် ပြဿနာများ မပေါ်ပေါက်စေရေးတို့ အတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအလံတင် အစည်းအဝေးကို မကြာမီ ရက်ပိုင်းအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar