ပညာရေးဌာနမှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုသည့်ဝန်ကြီးက ယင်းကိစ္စကို ဖြေကြားလိုခြင်းမရှိ

ပို့စ်တင်ချိန် - 6/02/2014 03:45:00 PM


ရန်ကုန်၊ မေ ၃၁- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ပါးက ပညာရေးဌာန မှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုခြင်းနှင့် ပတ်သက်၍ အ ကြောင်းစုံကို ဖြေကြား ပေးလိုသည့် ဆန္ဒမရှိကြောင်း အဆိုပါဝန်ကြီးက ဖလားဝါး နယူးစ်ဂျာနယ်သို့ ပြောသည်။
”ကျွန်တော် ခရီးထွက်နေလို့ပါ၊ ဘာမှမမေးပါနဲ့”ဟု ယင်းကပြောသည်။
ဖလားဝါးနယူးစ်ဂျာနယ်မှ အဆိုပါဝန်ကြီးအား မေ ၃ဝ ရက်က ပညာရေး ဌာနမှ ဆရာများအား ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုများဖြစ်သည်ဆိုခြင်းကို သိလိုသည်ဟုမေးမြန်းခဲ့ရာ ယင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီး တစ်ပါးသည် မေ ၂၇ ရက်တွင် ယင်း၏ရုံးခန်းသို့ ပြည်နယ်ပညာရေး ညွှန်ကြားရေး မှူးတာဝန်ကို ခေတ္တတာဝန်ယူထားသူ ဆရာတစ်ဦးနှင့် လက်ထောက်ကြီးကြပ်ရေး မှူးတစ်ဦးတို့ကိုခေါ်ယူပြီး မူလတန်းပြဆရာ၊ ဆရာမ အပြောင်းအရွှေ့ကိစ္စများနှင့် စပ်လျဉ်း၍ ချက်ချင်းအမိန့်ထုတ်ပေးရန်နှင့် ယင်း၏ရှေ့တွင် လက်မှတ်ထိုးခိုင်း ခဲ့ရာ ယင်းပြည်နယ်ပညာရေးညွှန်မှူးတာဝန်ကိုယူထားသူ ဆရာက မိမိအနေဖြင့် အမိန့်ကို ချက်ချင်းထုတ်ပြန်ပေး၍မရကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်ကို ခေတ္တစောင့်ဆိုင်းပေးပါရန် ပြောဆိုခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးက ခိုင်းတာကို မလုပ်ပေးရကောင်းလားဟုဆိုကာ ပညာရေးညွှန်မှူး၏ မျက်နှာကိုလက် သီးဖြင့်ထိုးရာ ဘေးနားတွင်ရှိသော လက်ထောက်ကြီးကြပ်ရေးမှူးက ဝင်ပြောသည့် အတွက် ယင်းကိုပါ ထပ်ပြီး ပါးရိုက်လိုက်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ပညာရေး မှူးရုံးမှ ဆရာတစ်ဦးက ဆိုသည်။

”မူလတန်းပြ ဆရာ၊ ဆရာမ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ ရုံးကို ခေါ်ပြီး ချက်ချင်းအမိန့်ထုတ်ခိုင်းတယ်။ လက်မှတ်ပါ တစ်ခါတည်းထိုးခိုင်းတော့ ဆရာက မထိုးဘူး။ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို စောင့်ရပါမယ်။ နှစ် ရက်လောက်စောင့်ပါဆိုတော့ သူခိုင်းတာကို မလုပ်ရကောင်းလားဆိုပြီးတော့ လက် သီးနဲ့ထိုးတယ်။ ဘေးနားကဆရာက ဝင်ပြောတော့ သူ့ကိုပါ ပါးရိုက်တယ်”ဟု ယင်း ပညာရေးမှူးရုံးမှ ဆရာက ဆိုသည်။
အဆိုပါဝန်ကြီးသည် ပြီးခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲက ပြည်ခိုင် ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး တပ်မတော်တွင်လည်း ဒုတိယ ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။

မင်းအောင်ခိုင် ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၁)
Yangon Media Group