မင်းသားခေါင်းဆောင်းကျွတ်ပြီလား ...


၂၀၁၄ ဆိုတဲ့နှစ်သစ်ဟာ အပြောင်းအလဲအသစ်တွေနဲ့အတူ စိုးရိမ်စိတ်အသစ်တွေကိုပါ ပေါက်ဖွားရှင်သန်စေခဲ့ပါတယ်။ အဲဒီ့လိုစိုးရိမ်စိတ်တွေပေါက်ဖွားစေခဲ့တဲ့ အကြောင်းရင်းတွေအများကြီးထဲမှာမှ အဓိကကျတဲ့အကြောင်းအရင်းကတော့ ... နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နှစ်သစ်မိန့်ခွန်းထဲမှာပါဝင်တဲ့ နောက်ဆုံးအပိတ်စကားထဲက အသုံးအနှုံးတွေပါပဲ။ သူက ဒီလို ထည့်ပြောခဲ့ပါတယ်။

''အထူးပြောကြားလိုသည့် ကိစ္စကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိ နိုင်ငံရေးအခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေးအကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေ ရှိသည့် အခွင့်အရေးများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါသည်"

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အားလုံးက ကျယ်ကျယ်လောင်လောင်နဲ့ ဝိုင်းဝန်းတောင်းဆို နေကြတဲ့အချိန် အဲဒီ့လို ထည့်ပြောလိုက်တာဖြစ်ပါတယ်။ ကျနော် ရိုးရိုးလေးတွေးမိတာကတော့ ... ပြောင်းလဲပစ်ဖို့ အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံတစ်ခုထဲက ပြောင်းလဲမှုတွေကို အာသာငမ်းငမ်းဆာလောင်နေတဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံးနဲ့ နိုင်ငံရေးအင်အားစု တွေကို သိပ်လောဘမကြီးနဲ့ ပြဿနာရှိတယ်လို့ သတိပေးလိုက်သလိုပါပဲ။ ဒီစကားကို ထောက်ရှုခြင်းအားဖြင့် လက်ရှိနိုင်ငံရေး အခြေအနေမှာ အကန့်အသတ်တွေ၊ နောက်ကွယ်က မမြင်နိုင်သောကြိုးတွေ ရှိနေသေးတယ်ဆိုတာကိုလည်း မှန်းဆလို့ ရနိုင်ပါတယ်။ ကျနော်တို့နိုင်ငံဟာ အမှန်တကယ်မလွတ်လပ်သေး၊ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီကို တကယ်မရသေးပဲ ... အရင် အာဏာရှင်စနစ်၊ အာဏာရှင် ခေတ်နဲ့ ဆက်နွယ်ပတ်သက်နေသေးတဲ့ မမြင်နိုင်သော ကြိုးတွေ၊ ကန့်လန့်ကာနောက်ကွယ်က အခင်းအကျင်းတွေ အများကြီးရှိနေသေးတယ်ဆိုတာကို အစကတည်းက ရိပ်မိသိရှိခဲ့ပေမယ့် အပြောင်းအလဲကို တကယ် လိုလားတဲ့သူတွေ၊ ပြည်သူ့အကျိုးစီးပွားကို တကယ် ရှေးရှုတဲ့သူတွေ အနေနဲ့ အဲဒီ့ကြိုးတွေကိုဖြတ်နိုင်လိမ့်မယ်၊ အဲဒီ့ အရိပ်ဆိုးတွေထဲက ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးပါတယ်။ အခုတော့ ... ရှေ့ဆက်တိုးချင်သူတို့နဲ့ နောက်ပြန်ဆွဲချင်သူတို့ရဲ့ အားပြိုင်မှုမှာ နောက်ဆွဲတွေက အားသာခဲ့ဟန်တူပါတယ်။ သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိတောင်မဟုတ်တော့ပဲ ... အစွယ်ထုတ်ပြတဲ့အဆင့်အထိတောင်ရောက်လာခဲ့ ပါတယ်။ လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အရေးတွေတောင် ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့စကားကလည်း ... အရပ်စကားနဲ့ ပြောရရင် ပေါ်တင်ကြီးချဲသွားတဲ့စကားပါပဲ။ ပြည်သူလူထုအနေနဲ့ စိတ်ဓါတ်လေးတွေသိလိုက်ရတဲ့ အမြတ်တစ်ခုတော့ ထွက်ခဲ့ပါတယ်။

နောက်ထပ်သော အကြောင်းချင်းရာတစ်ခုကတော့ ... ကြံ့ဖွံ့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပယ်ဖျက်ဖို့၂၂ ချက် နဲ့ ပြင်ဆင် ဖြည့်စွက်ဖို့ ၅၂ ချက်ကို နှစ်မကုန်ခင်လေးထုတ်ပြန်ခဲ့ပြီး ပြည်သူတစ်ရပ်လုံးပြင်ဆင်ဖို့လိုလားနေတဲ့ ပုဒ်မ ၅၉(စ) နိုင်ငံတော်အကြီးအကဲ သမ္မတရဲ့ အရည်အချင်းတွေနဲ့ပတ်သက်လို့တော့ အဲဒီ့ပုဒ်မကို ဖြုတ်ပယ်တာမျိုးမဟုတ်ပဲ ... ဇနီး၊ ခင်ပွန်း၊ သားမက်၊ ချွေးမတွေ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့အချက်ကိုတော့ ဖယ်ပေးပြီး၊ သားသမီးတွေ နိုင်ငံသားဖြစ်ရမယ် ဆိုတဲ့အချက်ကိုတော့ ချန်ထားဦးမယ်လို့ပါဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ချင်တယ်ဆိုရင် သူမရဲ့သား နှစ်ယောက်ကို နိုင်ငံသားအဖြစ်ပြန်ခံယူလာအောင် စည်းရုံးပေါ့လို့လဲ အင်တာဗျူးတစ်ခုမှာ ပြောလာပါတယ်။ ကြံ့ဖွံ့ရဲ့ အဲဒီ့အကွက်နဲ့ သမ္မတရဲ့မိန့်ခွန်းထဲက စကားရပ်တို့ကိုတွဲဆက်ကြည့်တဲ့အခါ ... ပြည်သူ့ဆန္ဒကိုအသာထား ကန့်လန့်ကာနောက်ကွယ်က အချို့အချို့သောသူတွေရဲ့သဘောထားအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့အထိ ခွင့်မပြုနိုင်သေးဘူးဆိုတဲ့ အနေအထားကိုမြင်လာရပါတယ်။ ပုဒ်မ ၅၉(စ) နဲ့ပတ်သက်ပြီး ... လုံးဝမပြင်သင့်ဘူးဆိုတဲ့ အဆိုကို အမျိုးသားရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ သည်းသည်းမည်းမည်း တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေရှိလာသလိုပဲ၊ ၅၉(စ) ကိုပြင်ရင် တောခိုမယ်ဆိုတဲ့ စကားက အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြက်လုံးတစ်ခုလိုဖြစ်လာတာလဲရှိပါတယ်။ မင်းတို့ ဒီမိုကရေစီ ဒီမိုကရေစီလို့ ဘယ်လောက်ပဲပြောပြော၊ ပြည်သူ့ဆန္ဒ ပြည်သူ့ဆန္ဒလို့ ဘယ်လောက်ပဲအော်အော် ... ဒါကိုတော့ လုံးဝလာမထိနဲ့ဆိုတဲ့ သဘောထားမျိုးတွေ ဘူးပေါ်သလိုပေါ်လာပါတယ်။ NLD က ဖွဲ့စည်းပုံ ပြင်ပြင် မပြင်ပြင် ရွေးကောက်ပွဲ ဝင်မယ်လို့ ပြောတာကို ကာတွန်းဆရာတစ်ယောက်က ... ဝင်ဝင် မဝင်ဝင် မပြင်ဘူးဆိုတဲ့ တစ်ကွက်ထပ်ဖြည့်ပြီး ကာတွန်းရေးထားတာလေးကလည်း ခေတ်ရဲ့ အကျပ်အတည်းနဲ့ တစ်ထပ်တည်းလို့ ဆိုရမလိုပါ။ ဆိုတော့ကာ ... ဒီမိုကရေစီ နည်းလမ်းမကျတဲ့၊ အများသဘောဆန္ဒကို မထင်ဟပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ဆင်ဖို့ အားလုံးက သဘောတူညီမျှကြတယ်လို့ ဆိုပေမယ့် ... ဘာတွေကိုပြင်မလဲဆိုတဲ့ကိစ္စမှာတော့ သွားတို့ သွားထိလို့မရတဲ့ နတ်နေကိုင်းတွေ ရှိနေသေးတယ်လို့ ပြောရမလိုပါပဲ။ ရွာသားတွေကို ကြိုက်တဲ့အကိုင်းချိုး အဲဒီ့အကိုင်းကတော့ နတ်နေတဲ့အကိုင်းမို့လို့ မထိနဲ့ဆိုတာမျိုးပေါ့။ ဘယ်က နတ်လဲဆိုတာတော့ ကျနော်တို့လဲ မသိဘူးပေါ့ဗျာ ...။

ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ အာဏာရှင်ရဲ့အငွေ့အသက်တွေ ပြန်ပေါ်လာတာကို စပြီး သတိပြုမိလိုက်ရာက အခုနှစ်သစ်မှာတော့ ဖုံးမနိုင်ဖိမရနဲ့ ပေါ်လာတာတွေပိုပိုပြီး များလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာလဲ ... ဘီလူးခေါင်းတစ်စွန်းတစ်စကို ပြန်ပြီး မြင်ခဲ့ရပြန်ပါတယ်။ တည်းခိုခန်း ဘွတ်ကင်လုပ်ထားခဲ့ပေမယ့် ရောက်သွားမှ မရတော့ဘူးဆိုတဲ့ ကိစ္စတွေနဲ့ ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ မသွားရဘူး၊ သွားရင် ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်ဆိုတာမျိုးတွေ စတဲ့ စနစ်ဟောင်းက အကျင့်ဟောင်းတွေ ပြန်ပေါ်လာခဲ့တာပါ။ အာဏာရှင်စနစ်ကို မခွဲနိုင်မခွာရက် ပေကပ်ကပ်လုပ်နေကြသူတွေရဲ့ရန်ဟာ ... နှစ်သစ်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်မယ်ထင်ပါတယ်။ ၂၀၁၄ ရဲ့ နောက်ပိုင်းကာလတွေမှာ ၂၀၁၅ အတွက် ပြင်ဆင်လာမှုတွေနဲ့ တိုးတိုက်မိမှုတွေကို ထပ်မံကြုံတွေ့လာရဖွယ် ရှိနေပါတယ်။ အဲဒီ့ကာလတွေအတောအတွင်း ... ဖုံးထားဖိထားဟန်ဆောင်ထားတာတွေ ဘာတွေများထပ်ပေါ်လာမလဲ၊ ပြည်သူတွေ ဘယ်လောက်များထပ်ပျော်ကြရဦးမလဲ ဆိုတာကိုစောင့်ကြည့်ကြရပါဦးမယ်။ ပြည်သူတွေအနေနဲ့ကတော့ အစိုးရကို ရုပ်သေးရုပ်မဖြစ်စေချင်ကြပါဘူး၊ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးမဖြစ်စေချင်ကြပါဘူး။ နောက်ကွယ်က ဆွဲထားတဲ့ကြိုးတွေကို ဖြတ်ပြီး ကိုယ့်အားကိုယ့်အင်နဲ့ ကနိုင်တဲ့ မင်းသားဖြစ်စေချင်ကြပါတယ်၊ ဘီးလူခေါင်းကိုဖယ်ခွာပြီး ကိုယ့်မျက်နှာအမှန်နဲ့ ကိုယ်ကရဲတဲ့ မင်းသားဖြစ်စေချင်ကြပါတယ်။ ပြည်သူဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ပြည်သူချစ်သော ပြည်သူ့အစိုးရဖြစ်လာဖို့ ... ဆန္ဒပြုလိုက်ပါတယ်။
နေဘုန်းလတ်
၁၀-၀၁-၂၀၁၄
Dawnmanhon

အလုပ်ရပ်စဲနိုင်တဲ့ အစိုးရညွှန်ကြားချက် အလုပ်သမားအဖွဲ့ချုပ် ပယ်ချ


မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားတွေကို အလုပ်ကရပ်စဲနိုင်တဲ့ အချက် ၆ချက်ဟာ အလုပ်သမားတွေကို စာနာမှုမဲ့တဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အလုပ်သမားတွေအပေါ် ကာကွယ်စောင့်ရှောက်မှု ကင်းမဲ့နေတယ်လို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဇန်နဝါရီ ၁၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ငွေကြေးနဲ့ ကုန်ကြမ်းအခက်အခဲကြုံတဲ့အခါ၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြင်းမရှိတဲ့အခါ၊ အလုပ်သမား ငှားရမ်းထားတဲ့ စာချုပ်သက်တမ်းပြည့်တဲ့အခါ၊ စက်ပစ္စည်းတွေအစားထိုးခြင်းကြောင့် လူအင်အား လျှော့ချတဲ့အခါ၊ သဘာဝဘေးအန္တရာယ်ကြောင့်နဲ့ လုပ်ငန်းနေရာပြောင်းရွှေ့မှုတွေကြောင့် အလုပ်ရှင်တွေက အလုပ်သမားတွေကို အလုပ်က ရပ်စဲနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

သူတို့အနေနဲ့ အနိမ့်ဆုံး လုပ်ခလစာ ရေးဆွဲရေးကော်မရှင်နဲ့လည်း တွေ့ဆုံဖို့ရှိပြီး မြန်မာနိုင်ငံမှာ လုပ်ခလစာကို ခေါင်းပုံဖြတ်ပြီး အခြေခံအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ လုပ်ငန်းရှင်တွေ ရှိနေတာကြောင့် ပြဿနာတွေ ရှိနေရဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ အလုပ်ရပ်စဲမှုဆိုင်ရာ ညွှန်ကြားချက်ဟာ အလုပ်သမားဆိုင်ရာ အခွင့်အရေးတွေကို မျက်ကွယ်ပြုထားသလို ၂ဝဝ၈ ဖွဲ့စည်းပုံပါ အလုပ်သမားအခွင့်အရေးကိုလည်း ချိုးဖောက်ထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
Kamayut Media

ပန်းလှိုင်မြစ်ဘေး ကျုးကျော်တဲများဖယ်ရှားမှု အာဏာပိုင်များ အင်အားတိုးချဲ့ပြီ


တွံတေးမြို့နယ် ပန်းလှိုင်တံတားတဝိုက် သောင်ထွန်းနေတဲ့ မြေနုကျွန်းတွေပေါ်က ကျုးကျော်တဲပေါင်း ၇ထောင်ကျော်ကို ရဲနဲ့စည်ပင်ဝန်ထမ်း အင်အား ၁ဝဝကျော်က စတင်ဖျက်စီးပြီးနောက်တစ်ရက် ဇန်နဝါရီ ၁၅ရက်နေ့မှာ ဝန်ထမ်းအင်အားကို ၅ဝဝအထိ တိုးမြှင့်ပြီး ဖယ်ရှားခဲ့ပါတယ်။

လှိုင်သာယာမှာ အိမ်ငှားနေရတဲ့ အခက်အခဲဖြစ်နေတဲ့ ဒေါ်မြင့်ထွေးက ပန်းလှိုင်မြစ်နံဘေး အိုးအိမ်မဲ့သူတွေ ယာယီနေထိုင်ခွင့်ပေးတယ်ကြားပြီး ပြောင်းရွှေ့နေတာ ရက်ပိုင်းပဲရှိသေးပြီး အခုတော့ သူပုန်ဝင်စီးသလိုမျိုး ဖျက်စီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ကျုးကျော်တဲတွေ ဖယ်ရှားပေးဖို့ တစ်ပတ်လောက်သာ ကြိုတင်အကြောင်းကြားခဲ့မယ်ဆိုရင် ကိုယ်ပိုင်ပစ္စည်းလေးတွေ ထုပ်ပိုးသိမ်းဆည်းနိုင်မှာဖြစ်ပေမယ့် အခုတော့ အိမ်အသုံးအဆောင်ပစ္စည်းတွေအားလုံး မရှိတော့သလို ကျုးကျော်ဆောက်ဖို့ ချေးထားတဲ့ငွေပါ အကြွေးတင်ရပြီလို့ မအေးဝင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆီးဂိမ်းစတင်ချိန်မှာ လှိုင်သာယာက ကျုးကျော်တွေက စတင်ဖယ်ရှားခိုင်းခဲ့လို့ ပန်းလှိုင်မြစ်ရဲ့ တွံတေးဘက်အခြမ်း တံတားအောက်မှာ ကျုးကျော်တဲပေါင်း ထောင်နဲ့ချီ အလျှိုလျှိုပေါ်လာခဲ့ပါတယ်။ ကျုးကျော်အများစုဟာ ဧရာဝတီတိုင်း ဒေသခံတွေဖြစ်ပြီး နာဂစ်အပြီး ရန်ကုန်ကို ပြောင်းရွှေ့လာကြတဲ့ ကြုံရာကျပမ်း လုပ်ကိုင်စားသောက်သူတွေဖြစ်ပါတယ်။
Kamayut Media

မြန်မာ့အပူပိုင်းဒေသရှိ မိခင်နှင်ကလေးများ အာဟာရချို့တဲ့ မြင့်တက်ဟု စစ်တမ်းကဆို


မြန်မာနိုင်ငံ အပူပိုင်းဇုန်က မိခင်တွေ အာဟာရချို့တဲ့မှုနဲ့ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးလာတဲ့ကလေးဦးရေ သိသိသာသာ မြင့်တက်နေတယ်လို့ စားနပ်ရိက္ခာဖူလုံရေး စစ်တမ်းတစ်ခုက ဇန်နဝါရီ ၁၆ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ Save the Children နဲ့ မြန်မာအစိုးရတို့ပူးပေါင်းပြီး ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဒီလို အပူပိုင်းဒေသတွင်း အာဟာရချို့တဲ့မှုဟာ လက်ခံနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်နေတဲ့အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အပူပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်း ပြီးခဲ့တဲ့နှစ် ဇွန်နဲ့ ဇူလိုင်လအတွင်း ကောက်ယူခဲ့တာဖြစ်ပြီး မိခင်နဲ့ကလေး ကျန်းမာရေးအချက်အလက်ဟာ ဆက်နွယ်ပတ်သက်နေတာကြောင့် အာဟာရချို့တဲ့မှု သံသရာလည်နေတယ်လို့ ဆိုပါတယ်။

အာဟာရချို့တဲ့မှုကို တိုက်ဖျက်ဖို့နဲ့ အာဟာရပြည့်ဝမှုရှိရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်လုပ်ဆောင်ရမှာဖြစ်ပြီး အပူပိုင်းဒေသဟာ မြေပြန့်လွင်ပြင်နဲ့ တောင်တန်းဒေသနေ မိခင်နဲ့ကလေး အာဟာရပြည့်မှုထက် ဆိုးဝါးနေတာလို့ စစ်တမ်းက ဆိုပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ WFP ၊ Save the Children တို့နဲ့ အတူ လာမယ့် ဖေဖော်ဝါရီအတွင်း ရှမ်း၊ ကချင်၊ ချင်းပြည်နယ်တွေမှာလည်း စစ်တမ်းကောက်ယူသွားမယ်လို့ ဆိုပါတယ်။
Kamayut Media

ပျောက်ဆုံး ရဲတပ်ကြပ် အသက်ရှင်လျက် ရှိ မရှိ မသိရသေးဟု ရဲစခန်းပြော


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲရှိ ဒုချီးရတန်း အလယ်ရွာမှာ ကင်းလှည့်နေတဲ့ ရဲတွေကို ဘင်္ဂါလီရွာသားအုပ်စုက ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးကို ဆက်လက်ရှာဖွေနေပြီး အသက်ရှင်လျက် ရှိ/မရှိ မသိရသေးဘူးလို့ ရဲစခန်းက ပြောပါတယ်။

ဇန်န၀ါရီ ၁၃ ရက်နေ့က ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအ၀င် ရဲတပ်သား ၃ ဦးနဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပါဝင်တဲ့ ၅ ဦးအဖွဲ့ဟာ မောင်တောမြို့နဲ့ ၆ မိုင်လောက်အကွာမှာ တည်ရှိတဲ့ ဒုချီးရတန်းရွာကို လုံခြုံရေး ကင်းလှည့်ဖို့အသွား ဒေသခံရွာသားတွေရဲ့ ရန်မူ တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေတာပါ။

ပျောက်ဆုံး ရဲတပ်ကြပ်ကြီး အသက် ရှင်လျက် ရှိ/မရှိ အခြေအနေနဲ့ ပတ်သက်ပြီး မောင်တောရဲစခန်း တာဝန်ရှိသူက “ဒါက ကျနော်တို့ ပြောရခက်ပါတယ်။ အတိအကျ အထောက်အထားတွေ မရသေးတဲ့အတွက်။ သေရင်လည်း အလောင်းပြန်ရဖို့၊ လက်နက်နဲ့ လူက ဘယ်မှာ ရှိနေတယ်ဆိုတာ အတိအကျ မသိရသေးဘူး ဖြစ်နေတယ်။”

အခုလက်ရှိအချိန်ထိတော့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းရဲ့ ပစ္စည်းအချို့ ပြန်လည်တွေ့ရှိထားတယ်လို့ ဆိုတယ်။

“မတွေ့သေးပါဘူးခင်ဗျာ။ ဆောင်ရွက်တုန်းကာလပဲ ရှိပါသေးတယ်။ လိုက်ရှာတဲ့ အချိန်ပဲ ရှိပါသေးတယ်။ လက်နက်တို့၊ သူ့ရဲ့ အတွင်းခံထားတဲ့ စပို့စ်ရှပ်ဆွယ်တာတို့ အတွင်းခံဘောင်းဘီတို့ အီကွေ့မန့်ကြိုးတို့ နောက် ကျည်ဘောက်တို့ သိမ်းဆည်းရမိထားပါတယ်။ သေနတ်တော့ မရသေးပါဘူး။”

သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ရွာလမ်းမတွေနဲ့ လယ်ကွင်းပြင်တွေမှာ တွေ့ရှိခဲ့တာလို့လည်း ဆိုပါတယ်။

တာဝန်ဝတ္တရားဆောင်ရွက်ရာမှာ အဟန့်အတားလုပ်မှု၊ မတရားချုပ်နှောင် ဖမ်းဆီးခေါ်ဆောင်မှု၊ အမှုဖွင့်ထားပြီး အခင်းဖြစ်ပွားရာ မြင်တွေ့သူတွေကို စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့အပေါ် ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောဆိုပါတယ်။

“သာမန်အားဖြင့် ဥပဒေစိုးမိုးမှုတွေက သူ့နေရာနဲ့သူ ရှိပြီးသားပါ။ နစက တွေကို ရုပ်သိမ်းဖို့ ဖိအားပေးတယ်။ နစကတွေကို ရုပ်လိုက်တယ်။ ရုပ်လိုက်တဲ့အခါမှာ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ပြီးတော့ တိုက်ခိုက်လာတယ်ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး တာဝန်ရှိသူတွေက ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ ထင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာ လကုန်ပိုင်းကလည်း စစ်တွေမြို့က တရုတ်သင်္ချိုင်း အုတ်ဂူတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဘင်္ဂါလီ ၆ ဦးကို တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်အန္တရာယ်ပြုခံခဲ့ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

မောင်တောမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ရာကအစ ရခိုင်ပြည်နယ်ထဲ ပဋိပက္ခတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခအတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်ထိ ပြည်နယ်ထဲ ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို ကူညီစောင့်ရှောက် ထားရပါတယ်။
DVB Burmese

Huawei Y511 ဖုန်းများတွင် မြန်မာစာထည့်သွင်းနိုင်သည့် Smart Zawgyi 2 ထွက်ရှိ


Huawei Y511 ဖုန်းများတွင် မြန်မာစာထည့်သွင်းနိုင်သည့် Smart Zawgyi 2 ထွက်ရှိလာပြီဖြစ်သည်။ ယင်း Huawei Y511 ဖုန်းများသည် မြန်မာစာဖောင့်ထည့်ရခက်သည်ဟု နာမည်ကြီးနေသည့်ဖုန်းတစ်လုံးဖြစ်ပြီး ယခုအခါ Developer ကိုကျော်စွာသွင်မှ အခမဲ့သုံးစွဲနိုင်သော Smart Zawgyi 2 အနေဖြင့်ထုတ်လုပ်ပေးလိုက်ခြင်းဖြစ်သည်။ ယခု Installer လေးကိုအသုံးပြု၍ Huawei Y511 ကိုသာမက အခြား Android ဖုန်းများကိုလည်း မြန်မာစာဖောင့်မှန်ကန်အဆင်ပြေစွာထည့်သွင်းပေးနိုင်မည်ဖြစ်သည်။ Smart Zawgyi 2 သည်ကွန်ပျူတာ Tool အမျိုးအစားဖြစ်ပြီး မြန်မာစာထည့်သွင်းလိုသော ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လုပ်ဆောင်ရမည်ဖြစ်သည်။ Smart Zawgyi 2 ကိုအောက်က link မှာရယူနိုင်ပါတယ်။

Smart Zawgyi 2 အားရယူရန်

ဘာမှမသွင်းပဲ Memory Full ဖြစ်ဖြစ်နေသူများအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်


ဖုန်းထဲမှာ ဘာမှ မသွင်းပဲ memory ပြည့်ပြည့်နေတာကို android ဖုန်းအသုံးပြုသော သူများမကြာခဏဆိုသလို ကြုံတွေ့ဖူးမှာဖြစ်ပါတယ်။ အဲ့ အတွက်ကို အကောင်းဆုံးဖြေရှင်းပေးနိုင်သော Andorid assistant application နောက်ဆုံး version လေးကို တင်ပေးလိုက်ပါတယ်။ Android assistant ဟာ Memory full ဖြစ်ခြင်းကို ရှင်းလင်းပေးနိုင်ရုံသာမကပဲ တခြား အသုံးတည့်သည့် အရာများစွားလည်း ပါဝင်သောကြောင့် ဥာဏ်ရှိသလို အသုံးပြုကြပါအလို့ငှာ .

Download လုပ်ပါ

MMAS နှင့် MMUG အတွက် အမြဲတမ်းပေးဆပ်နေမယ့် ကိုကိုကြပ်

ပိုစ့်ရေးသားသူ-ko Kyat Ka Lay(Myanmar Mobile Users Group)

Huawei G700-U00 နှင့် G700-T00 Firmwares


Huawei နောက်ပိုင်းထွက်လာတဲ့ Huawei G700-U00/G700-T00 Firmwares တွေပါ။ လိုချင်သူများဒေါင်းလုပ်ချနိုင်ပါပြီခင်ဗျာ . . .


ထိုင်းအစိုးရ ထောက်ခံသူများ ဆန္ဒပြ


အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ ဘန်ကောက်ကို ပိတ်ဆို့ရေး ဆန္ဒပြနေချိန်မှာပဲ အစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့တွေလည်း သူတို့ လွှမ်းမိုးထားတဲ့ နယ်မြေတွေမှာ ဆန္ဒပြနေကြပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ ဘန်ကောက်မြို့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ တရားရေးဝန်ကြီးဌာနအနီးမှာ စုရုံးနေကြပါတယ်။

တချို့က ယာယီတဲတွေကို ပြင်ထားကြသလို တချို့ကတော့ ပလတ်စတစ်ဖျာတွေကို ခင်းပြီး ထိုင်ကြပါတယ်၊ ၀ီစီတွေကို မှုတ်ရင်း ဆန္ဒပြကြပါတယ်။

ဆန္ဒပြသမားတွေကို ကျွေးမွေးနိုင်ဖို့ ယာယီစားဖိုဆောင်တွေကိုလည်း ပြင်ထားကြပါတယ်။

စားဖိုဆောင်ကို တာဝန်ယူတဲ့ ဦးပဉ္ဖင်းတပါးကတော့ အသား ၁ တန်နဲ့ ကြက်ဥ ၁ သောင်း၊ ဟင်းသီးဟင်းရွက်တွေကို ၁ ရက်အတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ရိက္ခာတွေ အားလုံးကို ဆန္ဒပြသမားတွေကို ထောက်ခံသူတွေက လှူဒါန်းထားကြတာ ဖြစ်ပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း ဆန္ဒပြသမားတွေကို စောင့်ရှောက်ပေးဖို့ အလုပ်တွေကို ပစ်ပြီး ဆန္ဒပြတဲ့နေရာကို ရောက်နေကြပါတယ်။

တချို့ဆန္ဒပြသမားတွေက သက်ဆင်ကို အစဉ်အလာ ထောက်ခံကြတဲ့ အရှေ့မြောက်ပိုင်းက လာကြပါတယ်။ စားသောက်ကုန်ဆိုင်ခန်း ပိုင်ရှင်တယောက်တော့ အရင်တုန်းက သက်ဆင်ကို ထောက်ခံခဲ့ပေမယ့် သက်ဆင်ရဲ့ အဂတိလိုက်စားမှု သတင်းဆိုးတွေ ထွက်ခဲ့တဲ့ နောက်ပိုင်းမှာ မဲပေးတဲ့အခါ ပယ်မဲဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြသမားတွေကလည်း ဘန်ကောက်ကနေ ကီလိုမီတာ ၈၀ လောက်ဝေးတဲ့ အယုဒ္ဓယ၊ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ခရိုင်တွေမှာ ဆန္ဒပြ နေကြပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ ပဋိပက္ခ မဖြစ်အောင်လို့ ဘန်ကောက်မှာ ဆန္ဒမပြတာပါလို့ ရှပ်နီအဖွဲ့ ဆန္ဒပြခေါင်းဆောင် တီဒါက ပြောပါတယ်။

ဆန္ဒပြသမားတွေကြားမှာ ပဋိပက္ခ ဖြစ်လို့ စစ်တပ်က ၀င်လာတာမျိုး မဖြစ်ချင်ဘူးလို့ ပြောပါတယ်။

ဘန်ကောက်မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့က ဆန္ဒပြပွဲတွေဟာ ငြိမ်းချမ်းခဲ့ပါတယ်။

အစိုးရကို ဆန့်ကျင်သူတွေနဲ့ ကန့်ကွက်သူတွေကြားမှာ ထိပ်တိုက်တွေ့တာမျိုး မဖြစ်ခဲ့ပါဘူး။
DVB Burmese

မြန်မာပြည်အနှံ့ စက်ဘီးဖြင့် အိပ်ခ်ျအိုင်ဗွီပညာပေးသူ ရှမ်းပြည်ရောက်ရှိ


မြန်မာပြည်အနှံ့ စက်ဘီးစီးပြီး အိပ်ခ်ျအိုင်ဗွီ ခုခံအားကျဆင်းရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ၊ အားပေးနှစ်သိမ့်မှုတွေ လိုက်လံ ဆောင်ရွက်နေတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် မောင်စရကိုဟာ ရှမ်းပြည်တောင်ပိုင်းဘက်ကို ရောက်ရှိနေပါတယ်။

မိမိကိုယ်တိုင်က အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ ဝေဒနာရှင် ဖြစ်ပေမယ့်လည်း စိတ်ဓာတ် ကျဆင်းတာနဲ့ အားငယ်တာတွေ မရှိဘဲ စက်ဘီး ၁ စီးနဲ့ ခရီးနှင်ပြီး ပရဟိတ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေသူ မောင်စရကိုဟာ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိလာပါတယ်။

ဒီမတိုင်ခင်က ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ အောင်ပန်း၊ ပင်းတယနဲ့ ရပ်စောက် စတဲ့ ဒေသတွေကို ရောက်ရှိခဲ့ပြီး ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကက္ကူမွေတော်၊ ဘန်းယဉ်၊ ဟိုပုန်းနဲ့ ဇန်န၀ါရီ ၁၇ ရက် ဒီနေ့မှာတော့ ပင်လုံမြို့ကို ဦးတည်စီးနင်းနေပါတယ်။

ဝေဒနာရှင်တယောက်အနေနဲ့ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ ခရီးရှည်ကြီးကို စက်ဘီးစီးပြီး ထွက်ခွာရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မောင်စရကိုက ဒီဗွီဘီကို အခုလို ပြောပြပါတယ်။

“သေဆုံးမှုတွေ၊ ကူးစက်မှုတွေ လျော့ကျဖို့ ရည်ရွယ်ချက်။ အဲလိုလျော့ကျဖို့ ကျနော်တို့ လူထုတွေ လွဲမှားနေတဲ့ အသိလေးတွေကို ဆင်ခြင်မှ ရမှာဖြစ်တဲ့အတွက် ကျနော်လေ့လာထားတာတွေ၊ ကျနော် ကိုယ်တွေ့ကြုံခဲ့တဲ့ ဝေမျှတဲ့ စကားဝိုင်းလေးတွေ လုပ်ဖို့ပါ။ စက်ဘီးနဲ့ မြန်မာတနိုင်ငံလုံးကို ပတ်ဖို့ စီစဉ်လိုက်တာပါ။ ကျနော်လည်း အိပ်ခ်ျအိုင်ဗွီ တယောက်ပဲ။ အိပ်ခ်ျအိုင်ဗွီ ခံစားနေရပြီး သေဆုံးသူတွေထဲမှာ ဘာမှမလုပ်နိုင်တော့ဘူးဆိုတဲ့ အသိတခုလည်းပါတယ်။ အဲဒါတွေကို တမြို့ကနေတမြို့ကို စက်ဘီးစီးရင် ဒီဟာကို လုပ်လို့ရတယ်၊ အားမငယ်ဖို့၊ စိတ်ဓာတ်မကျဖို့ကို ကျနော်က အပြောတွေထက် လက်တွေ့လုပ်ပြတာပါ။”

ရောက်ရှိရာဒေသက ပညာပေး ဆွေးနွေးမှုတွေမှာ အဓိကအားဖြင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နည်းနဲ့ မကူးစက်နည်း၊ ဝေဒနာရှင်တွေအနေနဲ့ သက်တမ်းစေ့ နေနိုင်ရေး၊ အလုပ်လုပ်နိုင်ခြင်းနဲ့ မလုပ်နိုင်ခြင်း၊ ဆေးရရှိမှုနဲ့ မရရှိမှု အခြေအနေ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ဖြတ်သန်းခြင်း စတဲ့အကြောင်းတွေကို သူရဲ့ အတွေ့အကြုံ၊ ဥပမာတွေ၊ စကားဝိုင်းတွေနဲ့ ဟောပြော ဖလှယ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီ ခရီးစဉ်မှာ ဆေးကုသဖို့ အခက်အခဲ ရှိတဲ့သူတွေအတွက် ဆေးရရှိနိုင်မယ့်နေရာနဲ့ အကူအညီ ပေးနိုင်မယ့် အဖွဲ့အစည်းတွေကိုလည်း မိတ်ဆက် ရည်ညွန်းပေးခဲ့တယ်လို့ မောင်စရကိုက ပြောပါတယ်။

လက်ရှိ သူဝေဒနာအတွက် အေအာရ်ဗွီနဲ့ အားဆေးတွေကိုတော့ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ လူမှုကူညီရေးအဖွဲ့က ပံ့ပိုးပေးနေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကတော့ သူစီးနေတဲ့ စက်ဘီးနဲ့ ခရီးစဉ်က ပြည်သူတွေနဲ့ တွေ့ရှိဖို့ အနယ်နယ်အရပ်ရပ်က လူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်လို့ မောင်စရကိုက ပြောပါတယ်။

ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ကနေ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး ပထမဆုံး ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကို ရောက်ခဲ့ကြောင်း၊ အဲဒီကနေတဆင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ပျဉ်းမနားနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းစတဲ့ဒေသက နေရာပေါင်း ၄၀ ကျော်ကို ရောက်ရှိခဲ့တာမှာ ပညာပေး ဆွေးနွေးပွဲ လာရောက်သူ ပြည်သူ ၅ ထောင်ကျော်နဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ မောင်စရကိုက ပြောပါတယ်။

စက်ဘီးနင်း ခရီးစဉ်ကို ၁ နှစ် လျာထားပြီး ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်နဲ့ ရခိုင်စတဲ့ ပြည်နယ်တွေပါ စုစုပေါင်း ၂၅၈ နေရာအထိ သွားရောက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

သာမန်လူတယောက်တောင်မှ ဆောင်ရွက်ဖို့ ခက်ခဲတဲ့အလုပ်ကို သူလို ဝေဒနာရှင် တယောက်က စိတ်အားထက်သန်စွာ ဆောင်ရွက်နေတဲ့အတွက် သူရဲ့ ပရဟိတလုပ်ငန်းအပေါ် ၀ိုင်းဝန်း ကူညီပေးဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အခုလို တိုက်တွန်းလိုက်ပါတယ်။

“သာမန်သူတယောက်တောင် ဒီလို မြန်မာပြည်တ၀န်း စက်ဘီးစီးဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ဒီဟာကို သူ့စိတ်ဓာတ်အင်အား မြှင့်တင်ပေးဖို့၊ ကြိုဆိုရေးလေးတွေ အားတက်သရော လုပ်ပေးကြပါလို့ ပြည်နယ်အသီးသီးမှာရှိတဲ့ ပရဟိတ အသင်းတွေနဲ့ ပြည်သူပြည်သားအားလုံးကို တိုက်တွန်းလိုပါတယ်။ သူ့ကျန်းမာရေး ၀န်ဆောင်မှုကိုလည်း စောင့်ရှောက်ပေးကြဖို့ အဲဒါလေးပါပဲ။”

အသက် ၃၅ နှစ် အရွယ် မောင်စရကိုရဲ့ အမည်ရင်း နိုင်အောင်ကျော်ထွန်းဟာ မန္တလေးမြို့က ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး သူမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရတာ သိရှိခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံကျောင်း ပြီးခဲ့ပြီး လက်ရှိ မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်မှာ ပထ၀ီအထူးပြုဘာသာရပ်နဲ့ နောက်ဆုံးနှစ် အဝေးသင် တက်ရောက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အိပ်ခ်ျအိုင်ဗွိပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်း လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
DVB Burmese

ချင်းလူမျိုးစုထဲက ၁ဝမျိုးကို ဇိုမီးမျိုးနွယ်စုအဖြစ် သတ်မှတ်စေလိုဟု ဇီုမီးပါတီပြော


မြန်မာအစိုးရက သတ်မှတ်ထားတဲ့ ချင်းမျိုးနွယ်စု ၅၃စုထဲက မျိုးနွယ်စု ၁ဝမျိုးကို သီးခြားခွဲပြီး ဇိုမီးမျိုးနွယ်စုလို့ သတ်မှတ်ပေးစေလိုတယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီ ၁၇ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ခေါရ်နို၊ ဂွီတီ၊ ဇီဇမ်၊ ဆိုင်းဇမ်၊ ဇို၊ ဟိုင်ဒင်း၊ တေဇမ်၊ သာဒို၊ ဒင်နဲ့ ဟွမ်ဂို လူမျိုး ၁ဝမျိုးကို ဇိုမီးလူမျိုးစုအဖြစ် စုစည်းကောက်ခံပေးဖို့နဲ့ ဒီမျိုးနွယ်စု ၁ဝစုဟာ ဘာသာစကားချင်း နားလည်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းမျိုးနွယ်စု ၅၃ခုရှိတယ်လို့ သတ်မှတ်ထားချက်ကို သူတို့အနေနဲ့ လက်မခံကြောင်း၊ ချင်းဆိုတာ ဒေသကို ကိုယ်စားပြုတာဖြစ်ပြီး လူမျိုးကို ကိုယ်စားပြုတာမဟုတ်တဲ့အကြောင်း၊ ဇိုမီးမျိုးနွယ်စု တစ်သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

ဇိုမီးမျိုးနွယ်စုတွေဟာ သီးခြားဘာသာစကားနဲ့ စာပေယဉ်ကျေးမှုရှိပြီး ဇိုမီး၊ ဟိုမီး၊ လိုင်မီး၊ ဆတ်မီး ၄မျိုးရဲ့ စကားတွေကိုတော့ ပြောဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။
Kamayut Media

Cheer နိုင်ငံရေးမှ Clear နိုင်ငံရေးသို့


၈ လေးလုံး အရေးတော်ပုံ နောက်ပိုင်း တော်လှန်ရေး၊ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နယ်စပ်ဒေသဆီ ရောက်လာသူတွေ၊ ပြည်ပ ရောက်လာသူတွေ အချင်းချင်းကြား ခွဲခွာခါနီး နှုတ်ဆက်ရင် ‘ရန်ကုန်မှာ ပြန်ဆုံမယ်လေ’ လို့ နောက်ပြောင် ပြောဆိုလေ့ရှိပါတယ်။
ဒါ လွန်ခဲ့တဲ့ ၂၀၁၂ အထိပါပဲ။ ဒါပေမဲ့ အခု ၂၀၁၃ ထဲမှာတော့ ဒီလိုနှုတ်ဆက်တာဟာ နောက်ပြောင်တာ မဟုတ်ဘဲ တကယ်ဖြစ်လာခဲ့ပါပြီ။ နယ်စပ် ရောက်နေသူတွေ၊ ပြည်ပ ရောက်နေသူတွေ အတော်များများ ရန်ကုန်မှာ ပြန်ဆုံနိုင်ဖို့ ပြည်တော်ပြန် ခရီးတွေ သွားနေကြပြီ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ဒီလို ပြည်တော်ပြန်တဲ့ ဦးရေ ရာနဲ့ချီ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်တော် တာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF (မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) တပ်ရင်း ၂၀၁၊ မင်းသမီးစခန်း တစ်ခုတည်းရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေထဲကတင် ဒီနှစ်အတွင်း ပြည်တော် ပြန်သူဦးရေ ၂၀ နီးပါး ရှိပါတယ်။ နိုင်ငံအလိုက် ပြောရမယ်ဆိုရင် နော်ဝေနိုင်ငံ တစ်ခုတည်းကတင် ဒီနှစ်အတွင်း ပြည်တော် ပြန်လာပြီးသူဦးရေ  ၃၀ နီးပါး ရှိပါတယ်။ အခု ကျွန်တော့်ရဲ့ ဒုတိယ ခရီးစဉ်ဖြစ်တဲ့ ဒီဇင်ဘာလ တစ်ခုတည်းမှာတင် နော်ဝေကနေ မြန်မာနိုင်ငံ သွားလည်တဲ့သူ တစ်ဒါဇင် ကျော် ရှိခဲ့တာကိုတွေ့ရပါတယ်။

“ဒီဇင်ဘာမှာ ကလေးတွေ ကျောင်းပိတ်တုန်း သွားရတာလေ။ ဇွန်လ ကျောင်းပိတ်ချိန်က ဟိုမှာ မိုးရွာနေတယ်မို့လား” လို့ နယ်စပ်ဒေသမှာ မွေးတဲ့ ဆယ်ကျော်သက်ကလေးတွေကို မြန်မာပြည် ပြန်ပြဖို့ ပြင်နေတဲ့ နော်ဝေရောက် မိဘတစ်ဦးက ပြောပါတယ်။ ပြည်ပရောက် မြန်မာတွေဟာ တစ်နှစ်မှာ သတင်းလေးပတ် လစာအပြည့်နဲ့ အလုပ်အားရက်ရပြီး အထူးသဖြင့် ဥရောပရဲ့နွေရာသီ ဇွန်-ဇူလိုင်မှာ ယူလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံမှာ မိုးတွင်းကာလ ဖြစ်နေတဲ့အတွက် ကလေးတွေနဲ့ အဆင်မပြေတာကြောင့် အခုလို ဒီဇင်ဘာ ကျောင်းပိတ်ရက်ဆီ အချိန်ပြောင်းယူနေကြတာ ဖြစ်ပါတယ်။

၂၅ နှစ်တာ အမိမြေနဲ့ ဝေးနေလို့ နေရပ်ကို လွမ်းနေတဲ့ အသက် ၄၀ ကျော် ၅၀ တန်း လူကြီးတွေဟာ သူတို့ အိမ်ပြန်ချင်တဲ့အပြင် နယ်စပ်ဒေသနဲ့ တတိယနိုင်ငံမှာ မွေးတဲ့ သူတို့ရဲ့မျိုးဆက်သစ် ကလေးငယ်တွေကိုလည်း မြန်မာနိုင်ငံဆိုတာ ဘယ်လိုရှိတယ် ဆိုတာကို သွားရောက် ပြသချင်နေကြတာ ဖြစ်ပါတယ်။ “ဒီရာသီကတော့ ဘုရားပွဲရာသီ၊ အလှူပွဲ ရာသီဆိုတော့ မြန်မာ နိုင်ငံက ဘာသာရေး၊ လူမှုရေး အခြေနေတွေကို ကလေးတွေ မြင်ခွင့်ရမှာပေါ့” လို့ တန်ဆောင်တိုင်ပွဲအမီ ပြည်တော်ပြန်သွားတဲ့ ကနေဒါရောက် မိတ်ဆွေတစ်ဦးက ပြောပါတယ်။

ဥရောပ၊ မြောက်အမေရိကနဲ့ သြစတြေးလျတိုက်ရှိ နိုင်ငံ အသီးသီးကနေ ပြန်တော်ပြန်နေကြတဲ့ ဒီလူတွေထဲက အတော်များများဟာ မွေးရပ်ဒေသဆီ ပြန်ပြီး မိသားစုနဲ့တွေ့တာ၊ မိသားစုနဲ့အတူ ဘုရားဖူးသွားတာ၊ သီတင်းတစ်ပတ်လောက် သင်္ကန်းဝတ်တာ စသဖြင့် လူမှုရေး ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်လေ့ ရှိကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ ဖော်ပြလေ့ ရှိပါတယ်။ သူတို့အားလုံးဟာ နိုင်ငံရေး အခြေအနေကြောင့် တိုင်းပြည်ကနေ ထွက်လာခဲ့ရသူတွေ ဖြစ်တာနဲ့အညီ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက်တွေ၊ ABSDF အဖွဲ့ဝင်ဟောင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။

ဒါပေမဲ့ ပြည်ပရောက်နေသူ အားလုံး ဒီလို ပြည်တော် ပြန်နေကြတာတော့ မဟုတ်ပါ။ ‘ရန်ကုန်မှာ ပြန်ဆုံမယ်’ လို့ ပြောသူရှိသလို ‘ရန်ကုန်တော့ ဖြည်းဖြည်းပေါ့’ ဆိုတဲ့ လူတွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒီထဲမှာ လက်ရှိ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ကို မယုံကြည်လို့ ဒီကိစ္စမှာ လုံးဝမပါဘူးဆိုပြီး တင်းခံနေသူတွေ၊ ဘေးထွက် ထိုင်နေသူတွေပါသလို ပြည်တော် ပြန်လာနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံသား (မြန်မာဘက်ကကြည့်ရင် နိုင်ငံခြားသား) စာအုပ် မရသေးတဲ့အတွက် စောင့်နေရသူတွေလည်း ရှိပါတယ်။

“အခြေအနေတွေက ဗလုံးဗထွေးနဲ့ သူ့လူမှန်းမသိ၊ ကိုယ့်လူမှန်းမသိ အခြေအနေ။ ဒီတိုင်းသာမူမရှိ၊ ဘောင်မရှိနဲ့ ငြိမ်းချမ်းရေးဆိုပြီး ဆက်သွားနေရင် သိပ်စောင့်စရာ မလိုပါဘူး။ သမိုင်းက နောက်တစ်ပတ် ပြန်လည်လာဦးမှာပါ။ ဒီအတွက် အခုကတည်းက ငါတို့အဆင်သင့် ပြင်ထားဖို့ လိုတယ်” လို့ နယ်စပ်မှာ ရှိနေဆဲ ABSDF ခေါင်းဆောင်ဟောင်း တစ်ဦးက ပြောပါတယ်။ သူဟာ အခုချိန်ထိ ပြည်တော်တစ်ခါမှ မပြန်သေးတဲ့ လူတွေထဲက တစ်ဦးဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အမြင်ဟာ လက်ရှိသွားနေတဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကို မကောင်းဘက်ကနေ မြင်လွန်းတယ်လို့ ဆိုနိုင်ပေမယ့် ဒီလိုအမြင်ရှိသူ ဘယ်လောက်များများ ရှိနေသလဲ။ သူတို့ မြင်သလိုတကယ်ပဲ ပြန်ဖြစ်သွားနိုင်သလား ဆိုတာဟာ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

လွန်ခဲ့တဲ့ ခြောက်လက သွားခဲ့တဲ့ ရန်ကုန် ခရီးစဉ်တုန်းကဆိုရင် မနက်ဖြန် သန်ဘက်ခါမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်တော့မလိုလို ဖြစ်နေပေမယ့် အခုနှစ်ကုန်ပိုင်း ရောက်တဲ့အခါမှာတော့ အခြေအနေက ထင်ထားသလောက် ဖြစ်မလာခဲ့ပါ။ အောက်တိုဘာမှာ အပစ်ရပ်မယ်လို့ အစိုးရဘက်က လေသံပစ်ခဲ့ပေမယ့် အခုတော့ ၂၀၁၄ နှစ်ဆန်းပိုင်းမှာတောင် ဖြစ်လာပါ့မလားလို့ စိုးရိမ်သူတွေ များလာနေပါတယ်။ ကချင်နဲ့ ရှမ်းဘက်မှာ သေနတ်သံတွေ ကြားနေရဆဲ ဖြစ်ပါတယ်။

တစ်ခါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်မယ်ဆိုပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ နှစ်လောက် ကြာတဲ့အထိ ဘာမှမပြင်နိုင်တဲ့အတွက် လွှတ်တော်ပြင်ပ နိုင်ငံရေးဘက်ကို ဦးပြန်လှည့်လာတာမျိုး တွေ့လာနေရပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော်ထဲ ဆွေးနွေးတာ အဆင်မပြေတဲ့အတွက် ရပ်ကွက်ထဲမှာ လူထုဆန္ဒ ထုတ်ဖော်ပွဲတွေ NLD ကလုပ်လာနေသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နိုင်ငံတကာဆီ လှည့်ပြီး ဖွဲ့စည်းပုံ ပြင်နိုင်ရေး ဝိုင်းလုပ်ကြဖို့ နှိုးဆော်မှုတွေ ဗြောင်လုပ်လာတာ ပြန်တွေ့လာရပါတယ်။

ကြီးမားတဲ့ နိုင်ငံရေးဖြစ်စဉ် နှစ်ရပ်မှာ ရှေ့မတိုးနိုင် ဖြစ်နေသလို သာမန်ပြည်သူတွေရဲ့ စားဝတ်နေရေး ဘက်မှာလည်း သိသာတဲ့ တိုးတက်မှု မတွေ့ရသေးပါဘူး။ တပ်မတော်နဲ့ ခရိုနီတွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးနေပြီ ဆိုပေမယ့် ထပ်သိမ်းတာမျိုးတွေလည်း ရှိနေဆဲ။ လယ်သမား ဆန္ဒပြပွဲ၊ အလုပ်သမား ဆန္ဒပြပွဲတွေ နေ့စဉ်လိုလို ကြားနေရဆဲ ဖြစ်ပါတယ်။ ၁၅၀၀ တန် လက်ကိုင်ဖုန်းကတ်ကို မဲဖောက် ပေးနိုင်တာကလွဲရင် သိသာတဲ့ တိုးတက်မှု မမြင်ရသေးပါဘူး။

ဒါပေမဲ့ ဒီလိုတိုးတက်မှု မရှိဘူး၊ နှေးကွေးနေတယ်၊ တလွဲတွေ ဖြစ်နေတယ် ဆိုတာကို အခုလို ရေးသားတင်ပြခွင့် ရနေတာကိုက တိုးတက်မှုတစ်ခု မဟုတ်လားလို့ မေးမယ်ဆိုလည်း မေးနိုင်ပါတယ်။ တိုးတက်မှုလို့ ဆိုသင့်ပါတယ်။ အရင် စစ်အစိုးရခေတ်က ဒါမျိုး ပြောခွင့်၊ ရေးခွင့်မရဘူး မဟုတ်လား။ ဒါပေမဲ့ ပြောလို့၊ ရေးလို့ပဲရပြီး အစိုးရနဲ့ တာဝန်ရှိသူတွေဘက်က စတုတ္ထမဏ္ဍိုင်ရဲ့ သတိပေးချက်ကို ဘာမှမလိုက်နာ၊ မဆောင်ရွက်ဘူး ဆိုရင်ကော ဒီလွတ်လပ်ခွင့်က တိုးတက်မှုတစ်ခုဆီ ဦးတည်နေတယ်လို့ ပြောနိုင်ပါ့မလား။

ဘာပဲဖြစ်ဖြစ် တောခိုကျောင်းသားဟောင်း၊ လက်နက်ကိုင် တော်လှန်ရေး သမားဟောင်း ဘဝကနေ သတင်းသမား ဖြစ်လာတဲ့ ကျွန်တော့် အတွက်တော့ ‘ရန်ကုန်မှာ ပြန်ဆုံမယ်’ ဆိုတဲ့ဘက်ကိုရွေးတာ သဘာဝကျတယ်လို့ ထင်ပါတယ်။ ဒီလိုဆုံနိုင်မှ စကားပြောခွင့်၊ ဆွေးနွေးခွင့်၊ ငြင်းခုံခွင့်တွေ ရနိုင်မှာ မဟုတ်လား။ ဒါပေမဲ့ မေးစရာ ဖြစ်နေတာကတော့ ‘ဒီလို သွားလိုက်၊ လာလိုက်။ ပြောလိုက်၊ ဆိုလိုက်။ ငြင်းလိုက် ခုံလိုက်နဲ့ပဲ ပွဲကပြီး သွားမှာလား’ ဆိုတာပါပဲ။

ဒီနည်းနဲ့ပွဲပြီး မပြီးမသေချာပေမယ့် လောလောဆယ်မှာတော့ နိုင်ငံရေးသမားတွေ အားလုံးနီးပါး ဒီလိုပဲ ခရီးသွားနေကြတယ် မဟုတ်ပါလား။ အပြင်ကလူတွေ အထဲဝင်လိုက်၊ အထဲကလူတွေ အပြင်ထွက်လိုက်နဲ့ အစည်းအဝေးတွေလုပ်၊ ဆွေးနွေးပွဲတွေလုပ်၊ Semina တွေလုပ်၊ အောင်မြင်စွာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာချက်တွေထုတ်၊ ရှန်ပိန်ခွက်ကိုစုပ်ရင်း Cheer လုပ်နေကြတာပဲ မဟုတ်ပါလား။

ပြည်တွင်းက မြန်မာတွေ ပြည်ပကို ထွက်လေ့လာ။ ပြည်ပက မြန်မာတွေ ပြည်တွင်းကို ဝင်လေ့လာကြရင်းနဲ့ ၂၀၁၃ ဟာ မြန်မာ့ ခရီးသွားနှစ်လို့တောင် ပြောင်လှောင်ခံရတဲ့ အထိပါပဲ။ ဒါကိုပင် တိုးတက်မှုလို့ ကင်ပွန်း တပ်ရတော့မလား။ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု ပုံသဏ္ဌာန် ပြောင်းလဲလာခြင်းလို့ အမည်ပေးရတော့မလား။ အချင်းချင်း သေနတ်နဲ့ ပစ်နေရာကနေ ရှန်ပိန်နဲ့ ပက်တဲ့အဆင့်ဆီ ရောက်လာတာကိုက တိုးတက်မှုလို့ ဆိုရမှာပေါ့။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အလွန်ကနေစပြီး မောင်းတင်လာခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာရေး၊ အများပြည်သူ လွတ်လပ်ခွင့်ရပြီး စီးပွားရေး အဆင်ပြေရေးဆိုတဲ့ ကြွေးကြော်သံတွေဟာ အခု ၂၀၁၃ နှစ်ကုန်တဲ့အထိ ဘာမှလက်ဆုပ်လက်ကိုင် မပြနိုင်သေးပါဘူး။ ၂၀၁၄ မှာကော ဒီကြွေးကြော်သံတွေကို လက်ဆုပ်လက်ကိုင် ပြလာနိုင်ပါ့မလား။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ယာယီ ရရှိထားတဲ့ လွတ်လပ်ခွင့်၊ နိုင်ငံရေးံ Honeymoon ကာလက သိပ်မကျန်တော့ပါ။ ၂၀၁၅  ရွေးကောက်ပွဲ မတိုင်မီ အထက်ဖော်ပြပါ ကြွေးကြော်သံတွေကို မရ ရအောင် ကြိုးစားကြဖို့ ဒီမိုကရေစီ အင်အားစုတွေမှာ တာဝန်ရှိပါတယ်။ ၂၀၁၃ မှာ မရခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ၂၀၁၄ မှာ ရအောင်လုပ်ဖို့ လိုနေပါတယ်။ ၂၀၁၃ မှာ မပြင်နိုင်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၄ မှာ ပြင်နိုင်ဖို့ လိုနေါတယ်။ ၂၀၁၃ မှာ အဆင်မပြေခဲ့တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးကိစ္စကို ၂၀၁၄ မှာ အဆင်ပြေအောင် လုပ်ပေးဖို့ လိုနေပါတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့လို ပြည်တော်ပြန်တွေကလည်း ဒီလိုပဲ သွားလိုက်၊ လာလိုက် ဘုရားဖူးခရီး ထွက်လိုက်နဲ့ တင်းတိမ် မနေသင့်ပါဘူး။ ပြန်လည် အခြေချခွင့်ရအောင်၊ အမြဲတမ်း နေထိုင်ခွင့်ရအောင်၊ ဥပဒေအရ တိကျတဲ့ အာမခံချက် တစ်ခုခုရအောင် ကြိုးစားဖို့ လိုနေပါတယ်။ တစ်ချိန်တည်းမှာပဲ ၁၉၈၈ တောစခိုစဉ်က ကြွေးကြော်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရအောင် အသက်စွန့် တိုက်ပွဲဝင်မယ် ဆိုတာတွေကို ပြန်လည် သတိရဖို့ လိုပါတယ်။

ဒါကြောင့် မြန်မာ့နိုင်ငံရေးသမားတွေ ခရီးသွားနှစ်လို ဖြစ်သွားခဲ့တဲ့ ၂၀၁၃ အကုန် ၂၀၁၄ ထဲမှာတော့ ဝေဝါးတဲ့ Cheer နိုင်ငံရေး လုပ်ငန်းစဉ်တွေကနေ ပြတ်သားတဲ့ Cheer နိုင်ငံရေး လုပ်ငန်းစဉ်တွေဆီ အသွင်ပြောင်းရ ပါလိမ့်မယ်။ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့တဲ့ အဖြစ်ကနေ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆီ မရောက်ရောက်အောင် ချီတက်ဖို့ သမိုင်းက တောင်းဆိုနေပြီ ဖြစ်ပါတယ်။
The Voice Daily

TMC Academy ၏ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများ အကြောင်းကို ရန်ကုန်၊ မန္တလေးတွင် တစ်ဦးချင်း ဆွေးနွေးပေးမည်


TMC Academy ၏ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများ အကြောင်းကို ရန်ကုန်၊ မန္တလေးတွင် တစ်ဦးချင်း ဆွေးနွေးပွဲများ ပြုလုပ် ပေး သွားမည် ဖြစ်ကြောင်း At & S မှ သိရသည်။ မန္တလေးမြို့မှ ကျောင်းသားများအတွက် ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီ အထိ AT & S မန္တလေးရုံးခွဲတွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ AT & S လသာ ရုံးခွဲတွင် လည်းကောင်း၊ TMC Academy မှ ပညာရေးအတိုင်ပင် ခံကိုယ်တိုင် တစ်ဦးချင်း တိုင်ပင် ဆွေးနွေးပေး မည် ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံမှ ပညာရေးတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ (သို့) International School များ မှ IGCSE ဘာသာရပ်များကို ထူးချွန်စွာ အောင်မြင်ထားသူများ (သို့)  ASEAN Sea Games ကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ထားသူများ အနေဖြင့် စင်ကာပူ ဒေါ်လာ ၂၀၀၀ ကို ပညာသင်ဆု အဖြစ် လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆွေးနွေးပွဲ တက်ရောက်လိုသူ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် AT & S လသာ ရုံးခွဲ ဖုန်း-၀၁-၂၅၁ ၃၃၂၊ ၀၉-၅၁၂၄၇၆၁  နှင့် မန္တလေးရုံးခွဲ ဖုန်း-၀၂-၇၄၄၃၆၊ ၀၉-၅၀ ၆၂၁၆၁ တို့သို့ ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကိုအောင်
Internet Journal

တနသာင်္ရီ အပတ်စဉ် ၃၂

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





၂၀၁၃ ခုနှစ်အတွင်း ရှာဖွေမှုတစ်ဘီလီယံကျော် ပြုလုပ်ခဲ့ကြောင်း DuckDuckGo ပြောကြား


Search engine ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော DuckDuckGo က၎င်းင်းတို့ဆိုက်တွင် ၂၀၁၃ ခုနှစ်အတွင်း ရှာဖွေကြည့်ရှုသူ တစ်ဘီလီယံကျော်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး DuckDuckGo ၏ API နှင့် browser များတွင်ဝင်ရောက် ကြည့်ရှုမှုများပါဝင်ပါက ကြည့်ရှုသူအရေအတွက် ၇ ဘီလီယံကျော်ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လကလည်း DuckDuckGo ကတစ်ရက်အတွင်း ရှာဖွေကြည့်ရှုသူ ၃ ဘီလီယံ ခန့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ ဖူးသည်။ DuckDuckGo ကုမ္ပဏီ၏အနေဖြင့် ၂၀၁၄ ခုနှစ်တွင်လည်း ကြည့်ရှုသူများဆက်လက် တိုးတက်မှုရှိရန် အစီအစဉ်များချမှတ်နေပြီး မိမိတို့ယခုနှစ်တွင် လုပ်ကိုင်ဆောင်ရွက် စရာများကို စီစဉ်ထားကာရရှိ လာသောကောင်းမွန်သည့် မှတ်ချက်အများအပြားကိုလည်း လုပ်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

-စိုးထက်
Ref: TheNextWeb
Internet Journal

လူလုပ်အရွတ်တုကို ဖန်တီးနိုင်ခဲ့


လူသားများရဲ့ အရွတ် (cartilage) ရဲ့စွမ်းအား၊ တည်ဆောက်ပုံများကို တုပထားပြီး တစ်ရှူးအစားထိုးနည်းလမ်းဖြင့် တစ်ဆင့်အသုံးပြု နိုင်မယ့် လူလုပ်အရွတ်တု (artificial cartilage)ကို သိပ္ပံပညာရှင်တစ်စုက အောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။
လူလုပ်အရွတ်တုကို ဒူးဆစ်။ ပခုံးနဲ့တင်ပဆုံများကဲ့သို့ အဆစ်များ ဆုံရာ အရိုးတွေမှာ တပ်ဆင်အသုံးပြုနိုင်မယ်လို့လဲ သိရပါတယ်။ လူသားများအရဲ့ သဘာဝအရွတ်၊ အဆစ်များဟာထိခိုက်မှု၊ အလွန်အကျွံအသုံး ပြုခြင်း (ဥပမာ အားကစားသမားများ) တွေကြောင့် ယိုယွင်းထိခိုက်နိုင်တာကြောင့် အခုလို တီထွင်နိုင်မှုဟာ သတင်းကောင်းပဲဖြစ်ပါတယ်။
သုတေသနအဖွဲ့ခေါင်းဆောင် အရိုးအဆစ်ခွဲစိတ်ကုပါမောက္ခ Dr Farshid Guilak  နဲ့အဖွဲ့ဟာ ပင်မဆဲလ်နည်းပညာတွေကိုအသုံးပြုပြီး 3D  အရွတ်မျှင် (3 Dimersional cartiloge fiber) တွေကို သဘာဝ အရွတ်အလွှာတွေအတိုင်း ပုံစံရရှိအောင် လူသားများရဲ့ အဆစ်ပတ်ဝန်းကျင်မှာ အောင်မြင်စွာ တပ်ဆင်နိုင်သော်လည်း အဆစ်လှုပ်ရှားရာမှာ သက်သောင့်သက်သာရှိဖို့နဲ့ တပ်ဆင်အပြီးမှာ ပင်မဆဲလ်တွေ ထပ်မံပွားများစေဖို့အတွက် ဆက်လက်သုတေ သနပြုနေကြပါတယ်။
Dr Farshid Guilak က    “ဒီအရွတ်တုမှာ ရေဓာတ်အခြေခံ ပေါ်လီမာ hydrogel  ကို ထည့်သွင်းထားပါတယ်။ ခိုင်ခံ့မှု၊ အဆစ်လှုပ် ရှားရာမှာ ကောင်းမွန်စေမှု၊ အရိုးကျိုးနိုင်စွမ်းကို လျော့ကျစေပြီး အဆစ်များပွတ်မှုအား Wear and fear  ကို သဘာဝအရွတ်တွေထက် ပိုပြီး ခံနိုင်ရည်ရှိစေပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
လေ့လာမှုကို Journal Advan-dced Functional  Materialမှာ ဖော်ပြထားတာဖြစ်ပါတယ်။

သန့်စင်
Ref: ANI
Health Updates Journal

သမိုင်းဝင် ကပ်ရောဂါများ (၄)


ရောဂါသည်တွေဟာ လူတွေရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ကြရတယ်။ AIDS နဲ့ ကွာတဲ့ အချက်တစ်ခုကတော့ ဆစ်ဖလစ်က ကူးစက်ဖို့ရာ ပိုပြီး လွယ်တယ်။ ဆစ်ဖလစ်မှာ ရောဂါကို ကုစားဖို့ တကယ် ထိရောက်တဲ့ဆေးကို နှစ်ပေါင်း ရာနဲ့ ချီပြီး ရှာခဲ့ရတယ်။ ကာကွယ်ဆေး vaccine (ဗက်စင်း) ဆို အခုအထိ ပေါ်မလာသေးဘူး။ အခအခြေအရ မှန်းပြောရရင်တော့ ဒီရောဂါဟာ လူသားတွေကို ဆက်ဒုက္ခ ဝေးနေ ဦးမယ့် ရောဂါပါ။

ကျောက်ကြီးရောဂါတော့ မြန်မာတွေ အများသိရောဂါ ဖြစ်ပါတယ်။ အခုအထိ ကျောက်ကြီးရောဂါ ဖြစ်တာ ဘယ်လိုဆိုတာ မှတ်မိကြသူတွေ သက်ရှိထင်ရှား အများကြီး ရှိနေပါသေးတယ်။ ကျောက်ပေါက်မှတ်နဲ့ လူတွေလည်း တွေ့နေရသေးတယ်။ ကျောက်ကြီး ရောဂါ ဘယ်တုန်းက စသလဲ ဆိုတာတော့ တပ်အပ်သေချာ မသိရပါဘူး၊ ဟိုးရှေးယခင် ပဝေသဏီကတည်းက ရှိနေတဲ့ ရောဂါလို့ပဲ ယူဆနေရတာပဲ။ နှစ်ပေါင်း ၃၀၀၀ ကျော်က နေသွားတဲ့ အီဂျစ်ဘုရင် “ရာမစီ (ခ)” (ခရစ်မပေါ်မီ ၁၁၅၇) ရဲ့ ဆေးစီမံထားတဲ့ အလောင်းကို ပြန်ဖော်လို့ရလို့ စစ်ဆေးတော့ သူ့မှာ ကျောက်ကြီးရောဂါရှိတယ်လို့ ထင်မှတ်ဖွယ်ရာ လက္ခဏာတွေ တွေ့ခဲ့ရတယ်။

ခရစ်မပေါ်မီ အနှစ် ၁၀၀၀ တတည်းက တရုတ်ပြည်မှာ ရှိခဲ့တယ်တဲ့။ တရုတ်တွေက ကျောက်ပေါက်အနာ ကလေးတွေက အမြှေးအဖတ်တွေကို ယူပြီး လူကောင်းတစ်ယောက်ရဲ့ နှာခေါင်းပေါက်ထဲကို မှုတ်ထည့်ပြီး ရောဂါ “ပြီး” အောင် လုပ်ခဲ့ကြတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဒီရောဂါကို မထိန်းနိုင်ခဲ့ကြဘူး။ သက္ကရာဇ် ဒေဒီ (ခရစ်တော်ပေါ်ပြီး) ၃၀၂ နဲ့ ၅၈၁ ကြားမှာ ဆီးယီးယားပြည် (အရှေ့အလယ်ပိုင်း) မှာ ကျောက်ရောဂါ အကြီးအကျယ် ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။

အေဒီ ၉၁၀ မှာ အာရပ်သမားတော်ကြီး “ရာဇီး” က ကျောက်ရောဂါအကြောင်း စာတမ်းကြီး ရေးခဲ့သေးတယ်။ ၁၆ ရာစုမှာ ဥရောပ၊ အာရှနဲ့ အခြားကမ္ဘာ အရပ်ရပ်တို့ ကူးသန်းရောင်းဝယ်ရေးကြောင့် ကူးလူး ဆက်ဆံတာတွေ ရှိလာတော့ ဒီရောဂါဟာ ကမ္ဘာအရပ်ရပ်ကို ပြန့်သွားတယ်။ ၁၆၁၄ မှာ ဥရောပတခွင် အနှံ့အပြား ဖြစ်ခဲ့ပြီး ၁၆၆၆ ကနေ ၁၆၇၅ အထိ အင်္ဂလန်မှာ ဖြစ်တယ်။ အမေရိက တိုက်ကိုတော့ ၁၇ ရာစုမှာ ရောက်နေပြီ။ အာရှ၊ အာဖရိကနဲ့ အခြားတိုင်းပြည်တွေမှာ တိကျတဲ့ မှတ်တမ်းတွေ မရှိလို့ အပိုင် မပြောနိုင်ပေမယ့် တစ်ခါတစ်ခါ ဒီရောဂါဖြစ်ပြီဆိုရင် လူတွေ သေကြေပျက်စီးကြတာတော့ အမှန်ပဲ။

ဥရောပ စသည်တို့ထက် ပိုပြီး အခြေအနေဆိုးဖွယ်ရာ ရှိတယ်။ ဒီရောဂါရဲ့ သမိုင်းမှာ အရေးကြီးတဲ့ မှတ်တိုင်ကြီး တခုကတော့ ၁၇၈၆ မှာ ရှိခဲ့တယ်။ အဲဒီနှစ်မှာ အင်္ဂလန်က ဆရာဝန် Edward Jenner က cow pox ခေါ်တဲ့ နွားမှာပေါက်တဲ့ ကျောက်က အရည်ကိုယူပြီး လူမှာထိုးလိုက်ရင် လူကို ကျောက်ကြီးဖြစ်တာကို ကာကွယ်နိုင်တယ်ဆိုတာကို စမ်းသပ် သုတေသနပြုပြီး သိပ္ပံနည်း ကျကျ ဖော်ထုတ်ခဲ့တယ်။ ၁၇၈၈ မှာ သူ့စာအုပ် ထွက်လာပြီးတဲ့နောက် ဒီကျောက်ရောဂါ ကာကွယ်ဆေးထိုးမှုဟာ အပြည်ပြည်ကို ပြန့်ပွားသွားခဲ့တယ်။

ဆေးပညာ သမိုင်းမှာ မှတ်သားဂုဏ်ယူလောက်တဲ့ အောင်မြင်ချက် အဖြစ် ယခုအထိ အသိအမှတ် ပြုနေကြရတယ်။ ရောဂါတစ်ခုကို vaccination “ဆေးထိုးခြင်း” ဖြင့် အောင်မြင်စွာ ကာကွယ်နိုင်တာဟာ ဒီတစ်ခါဟာ ပထမ ဆုံးဖြစ်တယ်။ ဒီပုံစံနမူနာကို ယူပြီးနောက် ကာကွယ်ဆေး ဖြစ်မြောက် တီထွင်မှုနဲ့ ကာကွယ်ဆေးထိုးပြီး ရောဂါကာကွယ်မှုကို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ ဒီလို ဆေးထိုးနည်းနဲ့ပဲ ရောဂါတော်တော် များကို နှိမ်နင်းဆဲ ရှိတယ်။

ဒီလိုဆေးထိုး သို့မဟုတ် ဆေးပေးပြီး ရောဂါတွေကို ကာကွယ်တဲ့နည်းကတော့ ရောဂါတိုက်ဖျက်ရေးနဲ့ ကာကွယ်ရေးအတွက် အထူး ထိရောက်ပြီး ငွေကုန်ကြေးကျ အသက်သာဆုံး နည်းဖြစ်တယ်။ ဒါကြောင့် ဘယ်ရောဂါမဆို နောက်ဆုံး အပြုတ်တိုက်ဖို့ရာ စဉ်းစားကြပြီဆိုရင် vaccine (ဗက်စင်း) ကာကွယ်ဆေးကို မရအရ၊ မဖြစ်ဖြစ်အောင် သုတေသနလုပ်ပြီး ဖော်ကြရတာချည်း ဖြစ်တယ်။

ကျောက်ရောဂါဟာ ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါပါပဲ။ ဒီဗိုင်းရပ်စ်ရဲ့ သိသေသ အချက်တွေကတော့ ရောဂါဖြစ်နေသူနဲ့ မျက်နှာချင်းဆိုင်တွေ့မှသာ ကူးတယ်။ လူကိုယ်ထဲဝင်ပြီး ၂ ပတ်ကြာအတွင်းမှာသာ တစ်ပါးသူကို ကူးစက်နိုင်တယ်။ ၂ ပတ်အကြာကလွန်ရင် ဒီလူနာဟာ တစ်ခြားသူတွေကို ဒီရောဂါပေးလို့ မရတော့ဘူး။ ဒီဗိုင်းရပ်စ်ဟာ လူမှာ သာနေနိုင်တဲ့ ဗိုင်းရပ်စ်၊ လူရဲ့အပြင်ဘက်မှာ မရှင်နိုင်ဘူး။ အချို့ ဗိုင်းရပ်စ်နဲ့ အခြားရောဂါပိုးတွေကတော့ လူထဲဝင်ပြီး ဒုက္ခပေးတယ်။

လူထဲမှာ မရှိတဲ့အခါ ကျတော့ အခြားအပြင်ဘက်မှာရှိတဲ့ တိရစ္ဆာန်၊ ပိုးမွှား စသည်တို့မှာ တစ်လှည့် ခိုအောင်းနေတတ်တယ်။ carrier stage (သယ်ဆောင်သူအဆင့်) ရှိတယ်လို့ ခေါ်တယ်။ ကျောက်ကြီး ဗိုင်းရပ်စ်ကတော့ ကြားကာလမှာ နေဖို့ရာ “သယ်ဆောင်သူ” ပိုးမွှား စသည်တို့ မရှိဘူး။ ဗိုင်းရပ်စ်ပိုးဟာ လူထဲဝင်ပြီးရင် သူ့ကြောင့် လူဟာ သေချင်သေသွားမယ်။ မသေဘဲ ကောင်းချင်လည်း ကောင်းလာမယ်။ လူသေရင်တော့ ဗိုင်းရပ်စ် သေမှာပဲ။ လူမသေဘဲ ကောင်းသွားလို့ ရှင်နေမယ်ဆိုရင်လည်း ၂ ပတ်အကြာမှာ ဗိုင်းရပ်စ် အတွက်ကတော့ ဘဝဆုံး၊ မျိုးဆက်ပြတ် ဖြစ်သွားမှာပဲ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
HIV Information for Myanmar

ပြည်ခိုင်ဖြိုး ရေးသင့်သော သမိုင်း


အာဏာရပါတီ၊ တပ်မတော်နဲ့ နီးစပ်မှု၊ နားလည်မှု အရှိဆုံး ပါတီ၊ စစ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူခဲ့တဲ့ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများဆုံး ဖြစ်နေသေးတဲ့ အတိုက်အခံပါတီကြီး NLD နဲ့ အဓိက ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ဒီမိုကရေစီဘက်ကို သိသာထင်ရှားစွာ ပိုမိုရွေ့လျားတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးကရော၊ ပြည်တွင်းကပါ လက်ခံ ယုံကြည်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာပဲ တာဝန်ရှိတာ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း အထူးတလည် ဂရုတစိုက် ဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အနေအထား ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ အခြေခံဥပဒေပုဒ်မ ၅၉ (စ) နဲ့ပတ်သက်လို့ ဘယ်လောက်အထိ ပြင်ဆင်နိုင်မလဲ ဆိုတဲ့ ကိစ္စဟာ မရေမရာဖြစ်နေဆဲ ဖြစ်တဲ့အပြင် မြန်မာ့နိုင်ငံရေးခရီး တည်ငြိမ်မှု ရှိရေးအတွက် အဓိကကျတဲ့ အချက် ဖြစ်နေတာလည်း တွေ့ရပါတယ်။ လတ်တလော ခန့်မှန်းရသလောက် လွှတ်တော်များမှာ အမတ်ဦးရေ အများစု ရှိနေတဲ့အပြင် တပ်မတော်နဲ့လည်း နားလည်မှု အပြည့်အဝ ရှိတယ်လို့ ယူဆရတဲ့ ပြည်ခိုင်ဖြိုးအနေနဲ့ သမ္မတလောင်းအတွက် သတ်မှတ်ချက်များကို ပြဋ္ဌာန်းထားတဲ့ ပုဒ်မ (၅၉) ကို အတိုက်အခံပါတီကြီး လက်ခံနိုင်တဲ့ အနေအထားအထိ ပြင်ဆင်ပေးဖို့ စဉ်းစားထားတဲ့ ပုံမရှိသေးတဲ့ အပြင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ပေးရေးကိုတောင်မှ လွှတ်တော်တွင်းမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုနိုင်ဖို့ ကံသေကံမ ပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

ဒီမိုကရေစီနဲ့ မကိုက်ညီသေးတဲ့ တခြားသောပုဒ်မများကို ပြင်ဆင်နိုင်ရေးထက် ၅၉ ( စ ) ကို ပြင်ဆင်ရေးက ပိုပြီး အများရဲ့အာရုံစိုက်မှု ဖိအားပေးမှုကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးအနေနဲ့လည်း ပါတီတွင်းမှာ လူမသိ သူမသိ အကျပ်အတည်းတချို့ ရှိနေတယ်လို့ ထင်မြင်ယူဆစရာ အကြောင်းများ ရှိနေပြီး ၂၀၁၅ ဟာ အာဏာရပါတီ အတွက် တကယ့် ဘေးကျပ်နံကျပ် ဖြစ်လိမ့်မယ် ဆိုတာလည်း အထင်အရှား ဖြစ်နေပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် နီးစပ်မှုကြောင့်အပြင်၊ အရင်အစိုးရထံမှ အာဏာလွှဲပြောင်းရယူထားတဲ့ ပါတီဖြစ်တဲ့အလျောက် အရင် အစိုးရလက်ထက်ကတည်းက အာဏာရှိခဲ့သူများ ဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးများဟာ ၂၀၁၀ မှာ မူပြောင်းပေးခဲ့ပြီး ၂၀၁၅ မှာ လူပါ ပြောင်းပေးရနိုင်တဲ့ အနေ အထားဖြစ်နေကာ ဆုံးဖြတ်ချက်များကို အမှန်ကန်ဆုံး ချမှတ်ဖို့ အလိုအပ်ဆုံး အချိန်အခါ ဖြစ်နေပါတယ်။ ပြည်တွင်း ပြည်ပ မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်သူ အများစုက ၂၀၁၅ မှာ အုပ်ချုပ်သူရော မူရောပြောင်းတဲ့ အနေအထား အမှန်တကယ် ဖြစ်ပါ့မလား (တရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်လာပါ့မလား) ဆိုတာ သံသယတွေနဲ့ စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိအနေအထားဟာ ပြည်ခိုင်ဖြိုးဟာ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ပေါ်ထွန်းတဲ့အထိ တရွေ့ရွေ့သာ ကူးပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ အနေအထားမျိုးမှာ ရှိနေပြီး ၂၀၁၅ မှာ အတိုက်အခံတို့ အနိုင်ရခဲ့ရင် နိုင်ငံရေးတည်ငြိမ်မှုကို အာမခံချက် ရှိပါ့မလား ဆိုတဲ့ အချက်ကိုတော့ ယင်းပါတီကိုယ်တိုင်ရော နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တော်တော်များများပါ စိုးရိမ်တကြီး ရှိနေကြတာ ဖြစ်ပါ တယ်။ တစ်ဖက်မှာ ဒီမိုကရေစီကို မြန်မြန်တည်ဆောက်လိုတဲ့ ဆန္ဒနဲ့ တစ်ဖက်မှာ နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲပြီး မျှော်လင့်ချက်များ ပျောက်ဆုံးမှာ စိုးရိမ်နေကြတဲ့ သဘောပါ။

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များအနေနဲ့ လူထုရဲ့လက်ခံမှုကို အပြည့်အဝရဖို့ ဆိုရင် အချက်နှစ်ချက်ကို ပိုင်းဖြတ်လုပ်ဆောင်ဖို့ သင့်တယ်လို့ ယူဆပါတယ်။ ပထမတစ်ချက်က လောလောဆယ် အသံထွက်နေသလို သူရဦးရွှေမန်းကို သမ္မတလောင်း အဖြစ် ရွေးမယ့် ကိစ္စကို ပယ်ဖျက်ပြီး လက်ရှိသမ္မတကို သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ဖြစ်ကာ ဒုတိယတစ်ချက်က ဒေါ်စုကို သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရအောင် ဥပဒေကို ပြင်ဆင်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ် လုပ်ဆောင်ဖို့ ပြည်ခိုင်ဖြိုးအနေနဲ့ တွန့်ဆုတ်နေ တာမှန်ပေမယ့် ၂၀၁၅ မှာ ပါတီအနေနဲ့ အကောင်းဆုံးရလဒ်ရဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့နဲ့ ဒီမိုကရေစီသို့ ဦးတည်နေတဲ့ နိုင်ငံရေးလမ်းကြောင်း မယိမ်းမယိုင် ရှိရေးအတွက် ဒီနည်းလမ်း တစ်ခုတည်းက အကောင်းဆုံးဖြစ်တယ်လို့ ယူဆပါတယ်။
ပြည်ခိုင်ဖြိုးကို လက်ရှိပြည်တွင်းပြည်ပက လက်ခံတယ်ဆိုတာ လက်ရှိသမ္မတကို ယုံကြည်လက်ခံလို့ ဆိုတဲ့အချက်က အဓိကဖြစ်တယ် ဆိုတာ ငြင်းမရပါဘူး။ လက်ရှိသမ္မတရဲ့ အောင်မြင်မှု၊ ဂုဏ်သိက္ခာမြင့်မားမှုနဲ့ လူထု ထောက်ခံမှုကို ပါတီအနေနဲ့ ပြန်လည် အသုံးမချဘူးဆိုရင် အမြော်အမြင် နည်းလွန်းရာ ကျပါလိမ့်မယ်။ ပြည်တွင်းပြည်ပက လက်ခံမှုလုံးဝ မရှိခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များကို လက်ခံယုံကြည်မှု တစ်စတစ်စ တိုးပွားလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ လက်ရှိသမ္မတဟာ ပြည်ခိုင်ဖြိုး ပါတီရဲ့ လာမယ့် ရွေးကောက်ပွဲရလဒ်ကို အနည်းဆုံး အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်စေမယ် ဆိုတာ ထင်ရှားနေပါတယ်။

လောလောဆယ် နာမည်ထွက်နေတဲ့ သူရဦးရွှေမန်း အနေနဲ့လည်း အမှန်တကယ်သာ နိုင်ငံနဲ့လူထု အတွက် အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မျှော်လင့်ချက်ကောင်းစွာ ရှိနေတာ ဖြစ်ပါတယ်။

သမ္မတရာထူး ယှဉ်ပြိုင်တဲ့အချိန် ရောက်လာတဲ့အခါ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပိုင်ပိုင်နိုင်နိုင် ရထားပြီးတဲ့ ပါတီဖြစ်တဲ့အပြင် တ.စ.ည ပါတီရဲ့ ဆန္ဒမဲနဲ့ အခြားပါတီတချို့ရဲ့ ဆန္ဒမဲများ ကိုလည်း ရရှိနိုင်တဲ့ အနေအထားမှာ လက်ရှိသမ္မတကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင် ပြည်ခိုင်ဖြိုး အနေနဲ့ လိုအပ်တဲ့ ဆန္ဒမဲ ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းခန့် အတွက် လွှတ်တော်ကိုယ်စားလှယ်များ ၎င်းတို့ပါတီကနေ ရွေးချယ် တင်မြှောက်ခံရဖို့ ကြိုးစား အားထုတ်နိုင်တာဖြစ်ပါတယ်။ လက်ရှိသမ္မတ မဟုတ်ရင်တော့ မျှော်လင့်ချက်က မရှိသလောက် ဖြစ်ပါတယ်။

တစ်ဖက်ကို ကြည့်လိုက်ရင်လည်း NLD အနေနဲ့က မဲဆန္ဒနယ် အများစုကို အနိုင်ရဖို့ သေချာနေတဲ့အပြင် တိုင်းရင်းသားပါတီများရဲ့ ဆန္ဒမဲများ ကိုလည်း သမ္မတ ရွေးချယ်တင်မြှောက်ရာမှာ NLD ကပဲ အများစုရဖို့ ရှိနေပါတယ်။ ဒီတော့ ဒေါ်စုသမ္မတလောင်း ဖြစ်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ NLD ပါတီက အစိုးရဖွဲ့နိုင်ရေး တော်တော်ကြီး နီးစပ်နေတာဖြစ်ပြီး NLD ပါတီရဲ့ Capacity ကိုလည်း အားလုံးက စိုးရိမ်နေကြတာ ဖြစ်လေတော့ ဒေါ်စုဦးဆောင်တဲ့ အစိုးရ ဖွဲ့တာကို ရွေးမလား၊ ဒေါ်စုမပါတဲ့ NLD အစိုးရဖွဲ့တာကို ရွေးမလားဆိုတဲ့ ကိစ္စကို စဉ်းစားကြည့်သင့်ပါတယ်။
တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ကလည်း ၂၀၁၅ မှာ တော်တော် အရေးပါနေတာ ဖြစ်ပြီး ၂၀၁၅ သမိုင်းကိုလည်း နောင်တစ်ချိန်ကျမှ အသစ်ပြန်ရေးလို့ ရမှာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးဟာ လက်ရှိသမ္မတကို သမ္မတလောင်း အဖြစ် ရွေးချယ်ပြီး တစ်ဖက်ကလည်း ဒေါ်စုကို ယှဉ်ပြိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့ခွင့် အတွက် ကြိုးပမ်းနိုင်ရုံ မကဘဲ တစ်ဖက်မှာလည်း (ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ) ပါတီရဲ့ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် မြှင့်တင်နိုင်မှာ မုချဖြစ်ပါတယ်။

ဒေါ်စုအနေနဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန် ဆိုရင် အသက်အရွယ်အားဖြင့် တော်တော်ကြီးနေပြီ ဖြစ်မှာမို့ ၂၀၁၅ မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ရင် အများက လိုလားတောင့်တတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပြည်ခိုင်ဖြိုးက ပိတ်ပင်ထားတယ် ဆိုတဲ့သမိုင်း ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။ မြန်မာတွေအနေနဲ့ ခါးသီးဆိုးရွားလှတဲ့ သမိုင်းသင်ခန်းစာ အမြောက်အမြားကို ရရှိထားကြပြီး ဖြစ်တာမို့ နောက်ထပ် နောင်တရစေမယ့် သမိုင်းဆိုး တစ်ခုကို ရှောင်ရှားလို့ ရသလောက် ကြိုတင်ရှောင်ရှားနိုင်ကြရင် အကောင်းဆုံး ဖြစ်မယ်လို့လည်း ယူဆပါတယ်။

အခြေခံဥပဒေ အရ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်လည်း အပြည့်အဝ ရှိနေတာမို့ အတိုက်အခံသမ္မတ (အစိုးရ) ကို အထူးတလည် စိုးရိမ်နေစရာ မရှိလှဘဲ တကယ်တမ်း အတိုက်အခံ အနိုင်ရ ခဲ့ရရင် ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်တို့အပေါ်မှာ ကျန်ရှိနေသေးတဲ့ မကျေနပ်မှု အကြွင်းအကျန်ကို လုံးဝ ကွယ်ပျောက်သွား စေမှာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံး ကလည်း တစ်ခဲနက် သြဘာပေးကြမှာ ဖြစ်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အကြီးအကျယ် အရှိန်မြှင့် ဆောင်ရွက်နိုင်မှာ အသေအချာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ကို သမ္မတလောင်းအဖြစ် ရွေးချယ်ပြီး ဒေါ်စုကိုလည်း လမ်းဖွင့်ပေးလိုက်တဲ့ နည်းဟာ ပြည်ခိုင်ဖြိုးရေးရမယ့် အကောင်းဆုံး ၂၀၁၅ သမိုင်းဖြစ်ပြီး နိုင်ငံနဲ့လူထု အတွက်လည်း ဒီမိုကရေစီခရီးကို တည်တည်ငြိမ်ငြိမ် ဆက်လက် လျှောက်လှမ်းနိုင်ဖို့ အကောင်းဆုံး အာမခံချက် ဖြစ်ပါလိမ့်မယ်။ ကြိုးစားမယ် ဆိုရင် ပြည်ခိုင်ဖြိုးအစိုးရကို ဂုဏ်သိက္ခာရှိရှိ ဖွဲ့နိုင်တဲ့ အလားအလာလည်း ရှိနေသေးတာဖြစ်ပြီး မျှမျှတတ ယှဉ်ပြိုင်ခွင့်ပေးလို့ အတိုက်အခံတို့ ရှုံးနိမ့်ခဲ့ရင်လည်း ရလဒ်ကို အားလုံးက ကျေကျေနပ်နပ် လက်ခံရမှာ၊ လက်ခံကြမှာ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်လို့ ပြည်ခိုင်ဖြိုး အနေနဲ့ ၅၉(စ)ကို ပြင်မပေးဘဲ၊ လက်ရှိ သမ္မတကိုလည်း ပြန်လည်ရွေးချယ်ခြင်း မပြုဘဲ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မယ် ဆိုရင်တော့ ရွေးကောက်ပွဲလည်း သေချာပေါက် ရှုံးမှာဖြစ်တဲ့အပြင် ဂုဏ်သိက္ခာလည်း ရှုံးရုံမက ၂၀၁၅ သမိုင်းကို မလှမပ ရေးသားခဲ့တဲ့ပါတီ အဖြစ် နောက်ထပ် အမည်းစက် ထင်ကျန်နိုင်တယ်လို့ ဆိုပါရစေ။ ဒီသမိုင်းကို ရေးဖို့ အခါအခွင့်ကို တစ်ကြိမ်ပဲရရှိတာ ဖြစ်တဲ့အပြင် ရေးဖို့ အခွင့်အလမ်း အများစုကိုလည်း ဆုပ်ကိုင်ထားတဲ့ ပါတီကြီးအနေနဲ့ နိုင်ငံနဲ့ လူထုအကျိုးစီးပွားကို မျှော်လို့လည်းကောင်း၊ ပါတီရဲ့ရေရှည်အကျိုးစီးပွား (လူထုထောက်ခံမှု ရေရှည်မှာ ရရှိဖို့) ကို မျှော်လို့လည်းကောင်း၊ အတိတ်က ဘယ်လိုအကြောင်းကြောင့် ဖြစ်စေ မှားယွင်းဆောင်ရွက်ဖူး ခဲ့သမျှကို ချေဖျက်ပြီး အမျိုးသား စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရေးကို မျှော်လို့လည်းကောင်း၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို နိုင်ငံသားအားလုံးတို့ အလျင်အမြန် ခံစား စံစားနိုင်ကြရေး မျှော်လို့လည်းကောင်း အမြော်အမြင် ကြီးကြီးထားလျက် ဆုံးဖြတ် ဆောင်ရွက်နိုင်ကြ စေလိုသော စေတနာအရင်းခံဖြင့် ထောက်ပြဝေဖန် သတိပေးလိုက်ရပါတယ်။ ။
(ပိုက်တင်)

HI-WAY အမှတ်တံဆိပ် ဟန်းဆက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်


အတွဲ (၁၅)၊ အမှတ် (၃)
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ ယုဇနဈေးအနီး ဖွင့်လှစ်ထားသည့် GREEN Mobile (1) နှင့် ပေါင်းလောင်း အားကစားကွင်းအနီးတွင် ဖွင့်လှစ်ထားသော GREEN Mobile (2) တို့တွင် တရုတ်နိုင်ငံလုပ် ဟန်းဆက်များ ဖြစ်သော HI-WAY အမှတ်တံဆိပ် ဟန်းဆက်မျိုးစုံအား မည်သူ့ကိုမဆို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ HI-WAY အမှတ်တံဆိပ် ဟန်းဆက်မျိုးစုံမှာ လူတန်းစားမရွေး ဝယ်ယူအသုံးပြုနိုင်သည့် ဈေးနှုန်းတွင်ရှိကြောင်း၊ စက်ရုံထုတ် အမှားအယွင်းကြောင့်ဖြစ်ပါက တစ်နှစ်တိတိ အာမခံပေးသောစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။ Android OS, Touch Screen သုံး ဟန်းဆက်မော်ဒယ် (၄) မျိုး၊ JAVA, Keypad သုံး မော်ဒယ် (၁) မျိုးတို့ဖြစ်ပြီး ဈေးနှုန်းမှာ အရည်အသွေးအလိုက် ကျပ်တစ်သိန်းခွဲမှ ကျပ်သုံးသောင်းခွဲအထိ ရှိကြောင်းသိရသည်။

“မည်သူမဆိုကို အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အရပ်သားဆိုရင် အရစ်ကျ စနစ်နဲ့ ဝယ်ယူဖို့ အုပ်ချုပ်ရေးမှူးရုံးအနေနဲ့ သိထားပြီးဖြစ်ကြောင်းနဲ့ ရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်ကြောင်း ရပ်ကွက်ရဲ့ ထောက်ခံစာလိုသလို ဝန်ထမ်းဆိုရင်လည်း မိမိဌာနက အကြီးအကဲရဲ့ ထောက်ခံစာတွေ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား စတာတွေ လိုအပ်မှာဖြစ်ပါတယ်” ဟု GREEN Mobile မှ တာဝန်ရှိသူက ပြောသည်။ အသေးစိတ်သိရှိလိုပါက GREEN Mobile ဖုန်း-၀၆၇- ၂၅၃၅၄ နဲ့ ၀၉-၄၂၀၇၀၉၇၈၆ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

ကျော်ဇေယျ၊ နေပြည်တော်
Internet Journal

HIV ပိုးဖြင့် နေထိုင်သူ တစ်ယောက်အတွက် (အမေး အဖြေ)


မေး။    ။ HIV ဝေဒနာ ခံစားနေရမှန်း ဆေးစစ်ချက် အဖြေထွက်မှ သိလာရတယ်။ အမေ့ကို HIV လို့ မပြောဘဲ အဆုတ် C ပိုးနဲ့ နှလုံးအားနည်း ရောဂါလို့ ပြောပြီး မကြာခဏ ဖြစ်တတ်တဲ့ ကိုက်ခဲ၊ ဖျားနား၊ ချောင်းဆိုး၊ ခေါင်းကိုက် တာတွေကို အနီးနားမှာရှိတဲ့ ဆေးခန်းနဲ့ ပြသ၊ ဆေးထိုးဆေးသောက်ပါတယ်။ နောက်တစ်ခုက နာမကျန်း ကာလတွင်း အခုရောဂါပိုး ရှိတယ်လို့ သိချိန်ထိ ညီမလေးက သူ့ကို အနီးကပ်ပြူစုသူ ဖြစ်ပါတယ်။ နယ်ကလာပြီး ခုမှ ရန်ကုန်မှာ ကျွန်တော့်ဆီ အလည်လာရင်း ဆေးစစ်လိုက်မှ သိရတာပါ။ ခုရက်ပိုင်းတွင်း ရှမ်းပြည်ကို ပြန်နေခိုင်းဖို့ စီစဉ်ထားပါတယ်။

သိချင်တာက သူသက်တမ်းစေ့ နေနိုင်အောင် -
၁။ နေထိုင်စားသောက်မှု (ဇွန်း၊ ခွက်၊ ပန်းကန်၊ ပုဝါစသဖြင့်)
၂။ တစ်ကိုယ်ရေ သန့်ရှင်းမှု (သွားတိုက်တံ၊ ဆပ်ပြာ ပိုးသတ်ဆေး၊ ရေအိမ် ကျင်ကြီး/ငယ် အသုံးပြုပုံ)
၃။ ART ဆေးလျှောက်ထားပုံစံ နှင့် မည်သို့ NGO တွင်လျောက်ရမည်။
၎။ မည်သည့် ပိုးသတ်ဆေးဖြန်းရမည် (ရေအိမ်၊ ပတ်ဝန်းကျင် အိပ်ခန်း၊ လူနာအနီး၊ ဆပ်ပြာ၊ ပိုးသတ်ဆေးတံဆိပ်)

အနီးကပ်ပြုစုသူ ညီမလေးအတွက်
၁။ ကာကွယ်ဆေး ရှိပါသလား။ ရှိလျင် မည်သို့ မည်သည့်နေရာတွင် ထိုးရမည်။
၂။ နေထိုင်မှု
၃။ တကိုယ်ရေသန့်ရှင်းရေး အသုံးပြုပုံများ ဆပ်ပြာပိုးသတ်ဆေး
၎။ လူနာအတွက် နောက်ဆုံး အချိန်အတွက် မည်သို့ပြင်ဆင်ပုံ၊ ကိုင်တွယ်ပုံ၊ ပိုးသတ်ဆေး။
၅။ လူနာနောက်ဆုံး အချိန်သည် မည်သို့ လက္ခာများပြသ သနည်း။

ကျနော့်နာမည် (......) ဖြစ်ပါတယ်။ အမေတို့ကတော့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကပါ။ အကြံဥာဏ် တစ်ခုလောက် လိုချင်တယ်။ သူ့ကိုလည်း HIV ရောဂါဆိုးကြီးလို့ ဖွင့်ပြောပြဖို့ ခက်နေကြပါတယ်။ TV၊ အဆုတ်နဲ့ နှလုံး ကျောက်ကပ်တွေ မကောင်းဘူးလို့ပဲ ဖွင့်ဟပြောထားတာတောင် တော်တော်စိတ်ဓာတ် ကျနေပုံဖြစ်နေပါတယ်။ ကျွန်တောလဲ လက်လှမ်းမှီရာ HIV Information for Myanmar ဆိုပြီး အင်တာနက်က တဆင့် link တစ်ခုတွေ့လို့ အခုလို ဆက်သွယ်မေးမြန်းရတာပါ။ ဆရာတို့ ဖြေကြားချက်တွေကို စောင့်မျော်နေပါမယ်။ ခုလိုရောဂါသည်များအတွက် ထားရှိတဲ့ ဂေဟာ (သို့) NGO နှင့် ငွေရေးကြေးရေး မတတ်နိုင်သူများ အတွက် လူမှုရေး ပရဟိတဂေဟာများလည်း ရှိလျှင် မည်သို့ ပြုမှု ဆောင်ရွက်ရမလဲဆိုတာလဲ သတင်းအချက်အလက်များနဲ့ အကြံဥာဏ်များ ပေးစေချင်ပါတယ်။

ဖြေ။    ။ မေးခွန်းတွေအတွက် တစ်ခုချင်းဖြေပေးပါ့မယ်။

၁) သက်တမ်းစေ့အောင် နေထိုင်ခြင်း
HIV ပိုးရှိတဲ့ သူအတွက် သက်တမ်းစေ့အောင် နေနိုင်ဖို့ အတွက် အောက်ပါ အချက် ၃ ချက်ကို ဂရုပြုရပါမယ်။
(က) နေထိုင်စားသောက်မှုပုံစံ
(ခ) အခွင့်ကောင်းစောင့် ၀င်လာသော ရောဂါများကို ကုသခြင်း
(ဂ) အေအာတီဆေး သောက်ခြင်း

နောက်ဆုံးအချက်ကတော့ ဆရာဝန်က သောက်ဖို့ လိုတယ်လို့ပြောမှ အေအာတီဆေးကို သောက်ရမှာပါ။

အခွင့်ကောင်းစောင့် ၀င်လာတတ်တဲ့ ရောဂါတွေကတော့ -
၁ - တီဘီရောဂါ
၂ - ၀မ်းပျက်ဝမ်းလျော
၃ - ရေယုံ
၎ - မက်ခရု
၅ - အရေပြားရောဂါ
၆ - အဆုတ်ရောင်ရောဂါ စတာတွေပါ။ ဒါတွေဖြစ်ရင် နီးစပ်ရာ ဆရာဝန်နဲ့ စနစ်တကျ ကုသမှု ယူရပါမယ်။

အနေအထိုင်လို့ ဆိုရာမှာ
- သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စားပါ၊ အပြင်က အစားတွေ (အထူးသဖြင့် လက်သုတ်၊ ချဉ်ဖတ်) ကိုရှောင်ပါ။
- တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။
- အိပ်ရေးဝအောင် အိပ်ပါ၊ အိပ်ရေးပျက်မခံပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ (ဥပမာ-လမ်းလျှောက်ခြင်း)
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး ရှောင်ပါ။
- တရားဘာဝနာ ပွားများပါ။
- မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ရွင်ရွင်နေပါ။
- စာဖတ်ခြင်း၊ ဂီတနားထောင်ခြင်း၊ ပန်းချီဆွဲခြင်းများ လုပ်တတ်ပါက လုပ်ပါ။
- ပုံမှန် ဆေးခန်းပြပါ။ (ဥပမာ ၁ လတစ်ခါ)
- ဆေးမြီးတိုတွေရှောင်ပါ။
- နေမကောင်းဖြစ်ပါက ဆရာဝန်နဲ့ ချက်ချင်းပြပါ။
- လိင်ဆက်ဆံရင် ကွန်ဒုံးသုံးပါ။
- အခါသင့်တိုင်း စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု Counseling ခံယူပါ။

ရောဂါပိုး ရှိသူအတွက် ဇွန်း၊ ပန်းကန်၊ ခွက်၊ အ၀တ်အထည် စတာတွေကို ခွဲထားစရာ မလိုပါဘူး။ ဒါတွေကနေ HIV ပိုး မကူးစက်ပါဘူး။ ရောဂါပိုးရှိသူနဲ့ အတူတူနေထိုင်လို့ ရပါတယ်။ ပစ္စည်းတွေကို ခွဲပြီးသုံးရင် ရောဂါပိုး ရှိသူ စိတ်ဓာတ်ကျသွားနိုင်ပါသည်။

ဆပ်ပြာ၊ သွားတိုက်ဆေးတွေကိုလည်း ခွဲထားစရာ မလိုပါဘူး။ အိပ်ပတ်ဝန်းကျင်ကိုလည်း ဆေးဖြန်းစရာ မလိုပါဘူး။

အေအာတီဆေးအတွက် နီးစပ်ရာ ဆရာဝန် သို့မဟုတ် HIV အထူးကုနဲ့ ပြစေချင်ပါတယ်။ ဆရာဝန်က လိုအပ်မှ ဒီဆေးသောက်ဖို့ကို ညွှန်ကြားပါလိမ့်မယ်။ ကျောက်မဲမှာဆိုရင် လားရှိုး သို့မဟုတ် မန္တလေးမှာရှိတဲ့ အစိုးရဆေးရုံ သို့မဟုတ် အန်ဂျီအိုတွေမှာ ပြလို့ရပါတယ်။ ဥပမာ မန္တလေးတွေင် The Union အဖွဲ့ရှိပါသည်။ လားရှိုးတွင်လည်း PSI, MSI, UNODC စတဲ့ ရုံးခွဲတွေမှာ မေးမြန်းလို့ ရပါတယ်။

အနီးကပ်ပြုစုသူအတွက် HIV ကာကွယ်ဆေးမရှိပါ။ လူနာဆီက သွေး၊ ပြည်၊ အနာ စတာတွေနဲ့ မထိမိအောင် သတိပြုရပါမယ်။ လူနာရဲ့ သွေး၊ပြည်၊ သားငံရည်တွေကနေ HIV ပိုးကူးနိုင်ပါတယ်။ လူနာရဲ့ တံတွေး၊ ချွေး၊ ဆီး၊ မျက်ရည် စတာတွေက HIV မကူးစက်နိုင်ပါဘူး။ လူနာကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနဲ့ လက်ဆေးတဲ့ အကျင့်လုပ်ပါ။

လူနာရဲ့ နောက်ဆုံးအခြေအနေမှာတော့ အသက်တကယ် ဆုံးပါးသွားရင် ပါးစပ်၊ နား၊ မျက်စိနဲ့ စအိုပေါက်တွေကို ဂွမ်းနဲ့ ပိတ်စေချင်ပါတယ်။ လူနာဆုံးသွားရင် ကိုယ်ထဲက ထွက်တဲ့ အရည်တွေနဲ့ လူနာစောင့်ကို မထိမိအောင် သတိပြုပါ။ အထူးသဖြင့် သွေး၊ပြည်၊ သားငံရည်တွေပါ။

နောက်ဆုံးအခြေအနေမှာ လက္ခဏာပြတာကတော့ ခုခံအားအလွန်ကျတဲ့ လက္ခဏာတွေပါ။ ဒါတွေက -
- ကာလအတန်ကြာ ၀မ်းလျောခြင်း၊ အလေးချိန်ကျခြင်း၊ ပိန်သွားခြင်း
- ရေယုံ၊ မက်ခရု ပါးစပ်၊ ပေါင်ခြံမှာပေါက်ခြင်း
- အကြိတ်များထွက်လာခြင်း
- အမောဖောက်ခြင်း (အဆုတ်ရောင်ခြင်း)
- သတိမေ့ခြင်း (ဦးနှောက်တွင် ကပ်ပါးမှိုများ ရှိနေလျှင်)... စတာတွေဖြစ်တတ်ပါတယ်။

အခု လူနာက ကျန်းမာနေသေးရင် မိဘဖြစ်တဲ့အတွက် မခွဲခြားပဲ ပုံမှန်အတိုင်း ဆက်ဆံ ပြုစုပေးပါ။ ယုယမှုပေးပါ။ မိဘဖြစ်နေတဲ့ အတွက် စိတ်နဲ့တောင် မပြစ်မှားစေချင်ပါဘူး။ စကားနဲ့ပြောဖို့၊ အမူအရာနဲ့ ခွဲခြားတဲ့ ပုံစံတွေလည်း မလုပ်စေချင်ပါဘူး။

ပိုးရှိသူတွေမှာ ချက်ချင်း သေရမယ်ဆိုတာ မရှိပါဘူး။ စနစ်တကျ ကုသရင် သက်တမ်းစေ့အောင် နေနိုင်ပါတယ်။ စိတ်ကျန်းမာနေရင်၊ ခုခံအားကောင်းနေလို့ ကျန်းမာစွာ နေနိုင်ပါသေးတယ်။

ဒီလောက်ဆို ကျေနပ်မယ်ထင်ပါတယ်။

လမင်းကို
HIV Information for Myanmar

သမိုင်းဝင် ကပ်ရောဂါများ (၅)


လူကိုယ်ထဲမှာ နေစဉ် ၂ ပတ် အတွင်းမှာသာ အခြားကို ကူးစက်ပြန့်ပွားနိုင်တာကိုး။ အဲဒီ အချက်ဟာ ဗိုင်းရပ်စ်အတွက် ဆက်လက်ရပ်တည်ဖို့ အတွက် ပျော့ကွက် ညံ့ကွက်ဖြစ်ပြီး လူသားတွေအတွက်တော့ ဒီရောဂါကို တွန်းလှန် ဖြိုးဖျက်ဖို့ အတွက် နိုင်ကွက်ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရောဂါကို “ပြီး” အောင် လုပ်နိုင်တဲ့ ကာကွယ်ဆေးကလည်း ရှိနေပြီ မဟုတ်လား။ ဒီတော့ ကမ္ဘာရှိ လူတိုင်းလူတိုင်းဟာ ကာကွယ်ဆေးကလည်း ရှိနေပြီ မဟုတ်လား။ ဒီတော့ ကမ္ဘာရှိ လူတိုင်းလူတိုင်းဟာ ကာကွယ်ဆေး ထိုးပြီးသား ဖြစ်နေရင် ဗိုင်းရပ်စ်မှာ ခိုကပ်စရာနေရာ မရှိတော့လို့ ဒီကမ္ဘာ မြေမျက်နှာပြင်ပေါ် ကနေပြီး အပြီးအပိုင် ပျောက်သွားမှာ ဖြစ်တယ်။

ဒီနည်းဗျူဟာကို စနစ်တကျ အကောင်အထည်ဖော်ပြီး လက်တွေ့မှာ ပိုင်ပိုင်နိုင်နိုင် လုပ်ဖို့ အတွက်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆေးပညာ သိပ္ပံပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များတွင်မက စီမံခန့်ခွဲရေးပိုင် ဆိုင်ရာ အတတ်ပညာရှင်များနဲ့ အခြား အထူးပုဂ္ဂိုလ်ပျားနဲ့ပါ နှီးနှောတိုင်ပင်ပြီး စီမံကိန်း စီမံချက်များ ရေးဆွဲခဲ့တယ်။ ဒီလို ရေးဆွဲတဲ့ အခါမှာလည်း လက်တွေ့ပိုင်းဆိုင်ရာ လုပ်ငန်းတွေကို အထူး အလေးပေးစေတယ်။

လုပ်ငန်း အကောင်အထည် ဖော်ရာမှာ တွေ့ကြုံနိုင်မယ့် အခက်အခဲ ပြဿနာတွေကိုလည်း ကြိုတင်ပြီး တတ်နိုင်သလောက် စဉ်းစားဖော်ထုတ်ပြီး ဒါတွေကို ကျော်လွန်နိုင်ရေး အတွက် အသေးစိတ် စေ့စေ့စပ်စပ် အစီအစဉ်တွေ ပြင်ဆင်ထားတယ်။ ဒီစီမံကိန်းကြီးကို ၁၉၅၈ ခုနှစ်မှာ စတင် အကောင်အထည်ဖော်လိုက်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တက်ညီလက်ညီ ဝိုင်းဝန်ကူညီပြီး ဆင်နွှဲလိုက်တဲ့ ဒီပွဲဟာတော့ သမိုင်းဝင် ဂန္တဝင်ဖြစ်တဲ့ လုပ်ဆောင်ချက်ကြီးလို့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်မှာတော့ လူသားတွေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ထူးခြားတဲ့ အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့တယ်။ အဲဒီနှစ် World Health Assembly ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၃၃ ကြိမ်မြောက် အစည်းအဝေးမှာ ဒီဆိုးဝါးလှတဲ့ ကျောက်ကြီးရောဂါကို လူ့လောက ဒီကမ္ဘာကနေပြီး အပြီးအပိုင် သုတ်သင်ပြီးကြောင်း တရားဝင် ကြေညာ နိုင်ခဲ့တယ်။ Variola Major လို့ ခေါ်တဲ့ ကျောက်ကြီးရောဂါရဲ့ နောက်ဆုံး လူနာကို ၁၉၇၅ ခုနှစ်မှာ အင်္ဂလားဒေ့(ရှ်) ပြည် “ဘိုလာ” ကွန်းမှာ တွေ့ခဲ့ရပြီး Variola Minor လို့ ခေါ်တဲ့ နောက်ကျောက်ရောဂါ တစ်မျိုးရဲ့ နောက်ဆုံး လူနာကိုတော့ Somalia ဆိုးမာလီးယားပြည် Merka မာကာရွာမှာ တွေ့ခဲ့တယ်။

ဒါဟာ ကျောက်ရောဂါ ဗိုင်းရပ်စ်ရဲ့ ဇာတ်သိမ်းခန်းပဲ။ ကမ္ဘာ့လူသားတွေရဲ့ ဥဒါန်းကျူးရင့်လောက်တဲ့ အောင်သေအောင်သား စားပွဲကြီးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အနည်းဆုံး နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက လူသားတွေ သတ်ဖြတ်ညှဉ်းဆဲခဲ့တဲ့ ရက်စက်လှတဲ့ ကမ္ဘာ့ရန်သူကြီးကို အပြတ်ခြေမှုန်းနိုင်ခဲ့တာကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ဂုဏ်ယူလို့ မဆုံးနိုင်တဲ့ လုပ်ဆောင်ချက် တစ်ရပ်ပါ။ ကမ္ဘာ့ လူသားတွေရဲ့ ကျေးဇူးဥပကာရကို အမြဲခံယူရမယ့် အောင်မြင်မှုကြီးပါပဲ။

ကာလဝမ်းလို့ ခေါ်တဲ့ Cholera ရောဂါဟာ မြန်မာတို့ ယဉ်ပါးပြီးသား ရောဂါကြီး ဖြစ်ပါတယ်။ အဆိုးဝါးဆုံးသော ကပ်ရောဂါ တစ်ခုလို့လည်း ကမ္ဘာ့သမိုင်းမှာ သတ်မှတ်ခြင်း ခံထားရတဲ့ ရောဂါပါ။ နာရီပိုင်းအတွင်းမှာ များစွာသော လူတို့ကို အုပ်စုလိုက် အပြုံလိုက် အတုံးအရုံး သေဆုံး သွားစေခဲ့တာမို့ လူတွေ အကြောက်ကြီးကြောက်ခဲ့ကြပါတယ်။ ကာလဝမ်းဟာ ဘယ်လောက်ဆိုးတယ်ဆိုတာကို မှတ်မိနေပြီး အခုပြန်ပြောရင်တောင် ကြောက်နေကြသေးတဲ့ လူတွေ မြန်မာမှာ အခုထိ အသက်ရှင်လျက် ရှိနေကြသေးတယ်။

မိသားစု တစ်စုလုံး တံဇဉ်နဲ့ စပါးအစည်းကို ရိတ်ဖြတ်ပစ်လိုက်သလို တစ်ချက်တည်းနဲ့ သေကြေပျက်စီး ကြရတာ မနက်က အကောင်းသား ညနေကျတော့ အသက်မရှိတော့တာ။ လူသေတွေကို ကောင်းကောင်း မသင်္ဂြိုဟ်နိုင်လို့ အလောင်းတွေမြင်မကောင်း ဖြစ်နေကြတာ၊ ဒီလိုရှုခင်းတွေကို နှလုံးနာလောက်ဖွယ် တွေ့ခဲ့ရသူတွေ အတွက် ဒါထက်ဆိုးတဲ့ ကပ်ဒုက္ခမျိုး ကမ္ဘာမှာ မရှိပါဘူးလို့ ဆိုကြမှာ ဖြစ်တယ်။ လူတွေဟာ ဒီရောဂါဖြစ်ပြီဆိုရင် အိမ်ပစ်၊ ယာပစ်၊ ရွာပစ်၊ မြို့ပစ် ထွက်ပြေးကြတယ်။ ပြည်ပျက်လုနီးပါး ဖြစ်ခဲ့လို့ အစိုးရအဖွဲ့တွေ ပြုတ်လိုပြုတ်ကြနဲ့ လူမှုအဖွဲ့အစည်း တစ်ခုလုံး ပရမ်းပတာ ဖြစ်စေခဲ့တယ်ဆိုတာ သမိုင်းမှာ သာဓကတွေ ရှိခဲ့ပါတယ်။

သိရသလောက် ဒီရောဂါဟာ ဂင်္ဂါနဲ့ ဗြဟ္မာပုတြ ဖြစ်ဝကျွန်းပေါ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) ဒေသမှ “အမြဲ” ပဲ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲဒီမှာ ရောဂါဟာ တစ်လောတစ်လော ပေါ်လာပြီး လူတွေအများကို သေစေခဲ့တယ်။ ၁၈၉၈ - ၁၉၀၇ နှစ်အတွင်း အိန္ဒိယမှ ၃၇၀၀၀၀ သေခဲ့တယ်။ ၁၈၁၇ ခုနှစ်မှာတော့ ဒီ မူလဌာနေကနေပြီး ရောဂါ ပြန့်ထွက်သွားခဲ့လိုက်တာ ကူးစက်မြန်ရောဂါပီပီ မဆိုင်းမတွဘဲ ကမ္ဘာကို ပတ်မိသွားတော့တာပဲ။ ၁၈၁၇ ကနေ ၁၉၂၅ အထိ နှစ်တွေ အတွင်းမှာ ဒီလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ ကမ္ဘာပတ်တဲ့ ကာလဝမ်း ကပ်ရောဂါဟာ ၆ ကြိမ်တိတိ ဖြစ်ခဲ့တယ်။ လူသေများခဲ့တယ်။

၁၉၂၃ ခုအထိ အရှေ့ဥရောပမှာ ဖြစ်ခဲ့ပြီး အဲဒီနောက် ပိုင်းမှာတော့ မူလဒေသဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာပဲ ဖြစ်ြလေ့ရှိပြီး အခြားနေရာတွေ မှာတော့ တစ်ခါတစ်ရံလောက်မှသာ အသေးအဖွဲ “ကပ်အငယ်” ကလေးတွေ ဖြစ်ခဲ့တယ်။ ဒီ ကာလဝမ်းကို ဖြစ်စေတဲ့ ပိုးကတော့ Vibiro Cholera လို့ ခေါ်တယ်။ ၁၉၆၀ ခုမှာ နဂိုပိုးနဲ့ နည်းနည်းကွဲတဲ့ ကာလဝမ်းရောဂါ ပိုးသစ်တစ်မျိုးကို အင်ဒိုနီးရှားနိုင်ငံမှာ စတွေ့ခဲ့တယ်။ ၁၉၆၀ ကနေ ၁၉၇၃/၇၄ အထိ ဒီပိုးမျိုးက ကာလဝမ်းရောဂါကို ဖြစ်စေပြီး ပြန့်ခဲ့လို့ ၁၉၇၀ မှာ ရုရှနဲ့ ဥရောပအထိ ရောက်ခဲ့တယ်။ ၁၉၇၄ မှာတော့ ပေါ်တူဂီနိုင်ငံ အထိ ရောက်သွားတယ်။ ယခုလည်း လုံးဝပျောက်သွားပြီလို့ မဆိုနိုင်သေးပါဘူး။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
HIV Information for Myanmar

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန် ရုပ်ရှင်မင်းသမီးနှင့် တိတ်တိတ်ပုန်း ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း မဂ္ဂဇင်း တစ်စောင် ဖော်ထုတ်


ပါရီ၊ ဇန်နဝါရီ ၁၇

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်သည် ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ် နှင့် တိတ်တဆိတ် ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိသွားပြီ ဖြစ်ကြောင်း ပြင်သစ် အတင်းအဖျင်း မဂ္ဂဇင်း Closer တွင် ဖော်ပြထားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်မဂ္ဂဇင်း Closerက ပြင်သစ် သမ္မတနှင့် ၎င်း၏ တိတ်တိတ်ပုန်း ချစ်သူတို့၏ ဓာတ်ပုံများကိုလည်း ဖော်ထုတ်လိုက်သည်။

ယခုကဲ့သို့ သတင်း ဖော်ပြခဲ့ခြင်းကြောင့် Closer မဂ္ဂဇင်းကို ကိုယ်ရေး ကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်က ကြေညာခဲ့သည်။

Closer မဂ္ဂဇင်းတွင် နောက်ဆုံး ဖော်ပြချက် အရ ပြင်သစ်သမ္မတ ဟော်လန်သည် အသက် ၄၁ နှစ်ရှိ ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်နှင့် တွေ့ဆုံရန် ပါရီမြို့တော်၏ အနောက်ဘက်ရှိ တိုက်ခန်းတစ်ခုကို အသုံးပြုခဲ့ကြောင်း ရေးသားထားသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် စနေ၊ တနင်္ဂနွေရက် များတွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း၌ ခပ်မြန်မြန် တွေ့ဆုံလေ့ ရှိပြီး ပြင်သစ်သမ္မတ ဟော်လန်နှင့် လက်ရှိ တရားဝင် တွဲနေသူ ပြင်သစ် ဂျာနယ်လစ် ဗယ်လဟီသရီဟဗီလာနှင့် ယမန်နှစ်က ဂရိသို့ အပန်းဖြေ ခရီးသွားမည့် အစီအစဉ်ကိုလည်း ပြင်သစ်သမ္မတ ဟော်လန်က အကြောင်းပြ၍ ပယ်ဖျက်ခဲ့သည်။

ထို့နောက် ပြင်သစ်သမ္မတသည် တိတ်တိတ်ပုန်း ရည်းစားဖြစ်သူ ယူလီဂါယယ်နှင့် ကိုဟယ်ဇတ် ပြည်နယ်သို့ သွားရောက် နေခဲ့ကြောင်း မဂ္ဂဇင်းက ဖော်ပြသည်။

ပြင်သစ်သမ္မတ၏ လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာမှာ လွန်ခဲ့သော သီတင်းပတ်က ၎င်းတို့၏ သတင်းကို ကြား၍ ဆေးရုံတင် ကုသခဲ့ရပြီး၊ ပြင်သစ် သမ္မတ ဟော်လန်မှာ ဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့ခြင်း မရှိဘဲ ပန်းစည်းနှင့် ချောကလက်များသာ ပေးပို့ခဲ့ကြောင်း ပါရီရှိ ဘီဘီစီ သတင်းထောက် ခရစ်ရှန်ဖရာဆာက သတင်းပေးပို့ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ပြင်သစ်သမ္မတ ဆေးရုံသို့ မလာခြင်းမှာ ဆရာဝန်၏ တောင်းဆိုချက်ကြောင့် ဖြစ်ကြောင်း သမ္မတနှင့် လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာက သတင်းထောက် တစ်ဦးကို တယ်လီဖုန်း ဆက်၍ ပြောကြားသည်။

ပြင်သစ်သမ္မတနှင့် လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာသည် သမ္မတ၏ ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်၍ အကာအကွယ် ပေးလိုစိတ် ရှိနေဆဲပင် ဖြစ်သည်ဟု ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့၏ လျှို့ဝှက်ချက် သတင်းနှင့် ပတ်သက်၍ ဖော်ထုတ်သော Closer မဂ္ဂဇင်းကို ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်က တရားစွဲဆိုမည် ဖြစ်ပြီး၊ ဂုဏ်သတင်း ညှိုးနွမ်းမှု အတွက် ယူရိုငွေ ၅၀၀၀၀၊ တရားရေး စရိတ် ကုန်ကျငွေ ယူရို ၄၀၀၀ တောင်းဆိုမည် ဖြစ်သည်။

အကယ်၍ ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်သာ အမှုနိုင်ခဲ့ပါက Closer မဂ္ဂဇင်း မျက်နှာဖုံးတွင် တရားရုံး ဆုံးဖြတ်ချက်ကို ဖော်ပြရမည် ဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်၍ ပြင်သစ် သမ္မတ ဟော်လန်ကမူ ဥပဒေကြောင်းအရ တရားစွဲဆိုမှု တစ်စုံတစ်ရာ ပြုလုပ်မည် မဟုတ်ပေ။

အင်္ဂါနေ့က သတင်းထောက်များကို ဖြေကြားရာတွင် ပြင်သစ်သမ္မတက ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပတ်သက်၍ ခက်ခဲသော အချိန်ကာလများနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သော်လည်း၊ Closer မဂ္ဂဇင်းတွင် ဖော်ပြသော သတင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင်မူ ဖြေကြားရန် ငြင်းဆိုခဲ့ပြီး၊ “လျှို့ဝှက်တဲ့ ကိစ္စကို လျှို့လျှို့ဝှက်ဝှက်ပဲ ကိုယ်တွယ်သင့်တယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် ပြင်သစ်သမ္မတ ဟော်လန်မှာ အမေရိကသို့ အလည်အပတ် ခရီးသွားရောက်မည် ဖြစ်ရာ လက်ရှိတွဲနေသူ ဗယ်လဟီသရီဟဗီလာကို သမ္မတကတော် (First Lady) အဖြစ် သတ်မှတ်ထားဆဲ ဟုတ် မဟုတ်ကိုလည်း ပြင်သစ် သမ္မတက ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ခြင်း မရှိပေ။

ပြင်သစ်သမ္မတနှင့် လက်ရှိတွဲနေသူ ဗယ်လဟီသရီဟဗီလာကို American Press သတင်းစာက သမ္မတကတော် (First Lady) အစား၊ သမ္မတရည်းစား (First Girlfriend)ဟု သုံးနှုန်း ခေါ်ဝေါ် ဖူးသည်။

သမ္မတ၏ အရှုပ်တော်ပုံနှင့် ပတ်သက်၍ ပြင်သစ် ပြည်သူအများစုကမူ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိပေ။
The Voice Weekly Myanmar

ကလေးစစ်သား ၉၆ယောက်ကို မြန်မာစစ်တပ် ပြန်လွှတ်၊ စုစုပေါင်း ၂၇၂ယောက် လွတ်မြောက်ခဲ့


မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နဲ့ မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနဲ့အစီရီခံတင်ပြရေး CTFMR တို့ပူးပေါင်းပြီး ကလေးစစ်သား ၉၆ယောက်ကို ဇန်နဝါရီ ၁၈ရက်နေ့မှာ မိသားစုတွေဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။

ရန်ကုန်မြို့ ဘုရင့်နောင်စစ်ကြောရေးစခန်းမှာ ပြုလုပ်တဲ့ ငါးကြိမ်မြောက် ကလေးစစ်သားတွေ ပြန်လည်အပ်နှံတဲ့အခမ်းအနားမှာ သားဖြစ်သူ ရုတ်တရက်ပျောက်ဆုံးခဲ့တာကို ခံစားခဲ့ရတဲ့ မအေးမြိုင်က သူ့သားဖုန်းဆက်မှာ သိရတယ်လို့ ဆိုပါတယ်။

စစ်တပ်က ဒုအရာခံမှူးတစ်ယောက်က မက်လုံးပေးပြီး တပ်ထဲဆွဲသွင်းခံခဲ့ရလို့ ကလေးစစ်သားဖြစ်ခဲ့ရတဲ့ သားကို ပြန်လိုက်ခေါ်ရတာဖြစ်ပြီး အသက်အရွယ်ကြောင့် ကျောင်းဆက်ထားလို့မဖြစ်တော့ဘူးလို့ မကြည်ကြည်ဦးက ဆိုပါတယ်။

အသက် ၁၅နှစ်အရွယ်မှာ တပ်ထဲရောက်ခဲ့ရပြီး ၁၂နှစ်ကြာအောင် တာဝန်ထမ်းခဲ့တဲ့ ကလေးစစ်သားဟောင်း ကိုခိုင်ဖြိုးအောင်ကတော့ မိသားစုစီးပွားရေးနဲ့ ပညာရေးအဆင်မပြေမှုတွေကြောင့် စစ်တပ်ထဲရောက်ခဲ့ရတာလို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ CTFMR ကြား ကလေးစစ်သားပပျောက်ရေး ၂ဝ၁၂ခုနှစ်မှာ စတင်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ကလေးစစ်သား ၂၇၂ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ကလေးစစ်သားစုဆောင်မှုနဲ့ပတ်သက်ပြီး အရာရှိ ၄၄ယောက်နဲ့ စစ်သား ၂၂၉ယောက်ကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
Kamayut Media

လူ့ဘောင်သစ် ၃စု မပေါင်းနိုင်ရင် ပါတီအမည်ရွှေကွပ်ပြီး ပြတိုက်မှာသာထားတော့ဟု ရှင်းကြပြီ


သုံးစုကွဲနေတဲ့ လူ့ဘောင်သစ်ပါတီဝင်တွေ တစ်စုတစ်စည်းတည်း ပြန်လည်မပေါင်းစည်းနိုင်ရင်တော့ ပါတီနာမည်ကို ဘယ်သူမှ မသုံးသင့်ဘဲ ရွှေကွပ်ပြီး ပြတိုက်ထားမှာပဲ ထားသင့်တယ်လို့ ၁၉၈၉ ဗဟိုကော်မတီအဖွဲ့ဝင်တွေ ဇန်နဝါရီ ၁၈ရက်နေ့မှာ ပြောလိုက်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ပါတီဝင်ရဲဘော်တွေအကုန် ပိုင်ဆိုင်တာမို့ တစ်ဦးတစ်ယောက်တည်းအတွက် သီးသန့်ပိုင်ဆိုင်ခွင့်မပေးနိုင်သလို ပါတီဂုဏ်သိက္ခာ အစွန်းအထင်းမခံနိုင်တာကြောင့် ပြတိုက်ထဲမှာပဲ ထားခဲ့တော့မယ်လို့ ဦးအောင်ဇေယျက ဆိုပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက်တဲ့ ဦးအောင်မိုးဇော်ဦးဆောင်တဲ့ လူဘောင်သစ်ပါတီနဲ့ ပြည်တွင်းက လူ့ဘောင်သစ် ဗဟိုကော်မတီဝင်ဟောင်းတွေကို ချန်လှပ်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင် လျှောက်ထားတာ မလုပ်ကောင်းတဲ့ကိစ္စလို့ ပါတီဥက္ကဌ ကိုမိုးသီးဇွန်က ဆိုပါတယ်။

ပထမအကြိမ် ညီလာခံဗဟိုကော်မတီဝင်တွေတစ်စု၊ ဦးအောင်မိုးဇော်ရဲ့ ပါတီဝင်တစ်စုနဲ့ ကိုဇေယျဦးဆောင်တဲ့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ တစ်စုဟာ အုပ်စု ၃စုအဖြစ်ကွဲပြားနေပြီး ပြန်လည်ပေါင်းစည်းရေးမှာ ကိုဇေယျနဲ့ညှိနှိုင်းမှု မအောင်မြင်ခဲ့တာကြောင့် ဦးအောင်မိုးဇော်တို့အစုက ပါတီကို မှတ်ပုံတင်ခဲ့ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ အရေးတော်ပုံကနေ ပေါ်ထွက်လာတဲ့ ကျောင်းသားအင်အားစုတွေနဲ့ စုစည်းပြီး နိုင်ငံရေးပါတီအဖြစ် ထူထောင်ခဲ့တာဖြစ်ပေမယ့် စစ်အစိုးရလက်ထက်မှာ ဖျက်သိမ်းခြင်းခံခဲ့ရတာကြောင့် ထိုင်းနယ်စပ်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်ထူထောင်ခဲ့ပါတယ်။
Kamayut Media

မိုးညှင်းဒီဂရီကောလိပ် ကျောင်းလမ်းမကြီးတွင် ကျောက်ချပြီး လမ်းပြင်ဆင်မှုကြန့်ကြာနေမှုကြောင့် လူသေမှုဖြစ်သည်ဟုဆို


ဇန်န၀ါရီ ၁၈။

ကချင်ပြည်နယ် မိုးညှင်းမြို့မိုးညှင်းဒီဂရီကောလိပ်ကျောင်းသို့ သွားရာလမ်းမကြီးအား တဖက်၃ပေတိုးချဲ့ဆောင်ရွက်ခြင်းတွင် ၀ာာဝန်ရှိသူများက ပြင်ဆင်မှုကြန့်ကြာနေမှုများကြောင့် ကျောင်းသားများနှင့်ပြည်သူများယာဉ်တိုက်မှုများ ဖြစ်နေကြောင်းဒေသခံများထံမှ သိရသည်။

ဇန်န၀ါရီ၁၅ရက်ညနေ ၃နာရီ၌ မိုးညှင်းဒီဂရီကောလိပ် ကျောင်းဘက်သို့ သွားသော လမ်းမကြီးပေါ်တွင် Waveဟွန်ဒါ အမျိုးအစား၁၂၅ဆိုင်ကယ် စီးလာသော ရွာသစ်ကုန်းကျေးရွာမှ မမေဦးခင်သည် ရွာသစ်ကုန်းစာသင်ကျောင်းသို့သဲကြမ်းများပို့နေသော တုံဖုန်းကားအပြာ ယာဉ်အမှတ် (၉ဌ/၁၇၂၄၂)အား ကျော်တက်ရာ ကား၏၀ဲဘက်နောက်ဘီးဖြင့် မမေခင်ဦး၏ ဦးခေါင်းကိုကြိတ်မိကာ  သေဆုံးခဲ့ကြောင်း မိုးညှင်းရဲစခန်းမှ သိရသည်။

“ကားဆရာက ကျော်တက်ဖို့ လက်ပြတော့ ကျွန်မနှင့်သမီးတို့က ကျော်တက်လိုက်တယ်၊ အခင်းဖြစ်တဲ့နေရာမှာ လမ်းချဲ့ဖို့ကျောက်တွေ ချထားတာ၊ လမ်းကကျဉ်းပြီး ကျောက်ချထားတဲ့ နေရာနဲ့ လမ်းကနိမ့်မြင့် ဖြစ်နေတာ ကြာပြီဆိုတော့ သမီးကကျော်လို့ မရဘဲချော်လဲပြီး ကားဘီးနဲ့ ကြိတ်သွားတာ၊ ဦးခေါင်းကြေမွ ၊လက်မောင်းရိုးကျိုးသွားခဲ့ပြီး ကျွန်မမျက်စိရှေ့မှာ ဆုံးသွားခဲ့တာ”ဟု မမေဦးခင်၏မိခင်က ပြောသည်။

အရှေ့စုရပ်ကွက် ၅လမ်းနေ အသက်၃၂နှစ် အဘဦးမောင်ကျန်၏သား ယာဉ်မောင်းကျော်ထွေးအား ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ကဖြင့် မိုးညှင်းမြို့မ ရဲစခန်းမှ အရေးယူထားကြာင်း သိရသည်။

သီဟအောင်(ကချင်)
The Myanma Age

ဖေ့ဖွတ်မသုံးလည်း ခေတ်နောက်ကျတယ်လို့ မထင်ဘူး ကောင်းပြည့်


ဖေ့ဖွတ်မသုံးလည်း ခေတ်နောက်ကျတယ်လို့ မထင်ဘူး ကောင်းပြည့်ကျွန်တော်က facebook မသုံးဘူး။ facebook မသုံးပေမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို  သိသ လောက်ပြောပြရရင် facebook ကို လူငယ်တော်တော် များများက အပျော်သဘော အပျင်းပြေ သဘော အနေနဲ့ သုံးကြတယ်။ facebook ထဲမှာပဲ ရည်းစားတွေ ရှာကြ၊ ဇာတ် လမ်းတွေ ရှုပ်ကြပြီး အချိန်တွေကုန် နေတယ်လို့ ထင်တယ်။ facebook ကိုသုံးပြီး ရည်းစားထားဖို့ Online ရောက်နေတဲ့ သူတွေ အများကြီး။ အဲဒါမှ မဟုတ်ရင်လည်း သူများအတင်း တွေပြောကြတယ်။
အဲဒါတွေအ တွက် facebook ကိုအသုံးချကြ တယ်။ facebook ကနေ ပညာရစေမယ့် အရာတွေကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ပြီးပြောကြ ရင်တော့ အကောင်း ဆုံးပေါ့။ facebook ပေါ်လာတာ မကောင်းဘူး မဟုတ်ဘူး။ ကောင်းပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံရဲ့ရာခိုင်နှုန်း တစ်ဝက်တော့ မကောင်းဘူး။ မကောင်းတဲ့ ဘက် မှာ facebook ကို အသုံးချပြီး အသုံး ပြုနေကြတယ် ကိုယ့်ကောင်း ကျိုးအ တွက်သုံးတာ နည်းကြတယ်။
ကျွန်တော်တို့ အနုပညာ သမားတွေ အနေ နဲ့တော့ facebook ကိုသုံးသင့်ပါ တယ်။ ကျွန်တော်က facebook ကို စိတ်မဝင် စားဘူး။ ကျွန်တော့်ကိုယ် စားသုံးနေတဲ့ သူတွေအများကြီးပဲ။ တစ်ခါတလေ ဝင်ကြည့်မိတဲ့ အခါ တော်တော်များများက အားပေးပြီး ကောင်းတယ်ပြောကြပေမယ့် တချို့ မနာလိုတဲ့ ယောကျာ်းလေးတွေက မကောင်းတာတွေရေး ထားကြတယ်။
အဲဒါတွေကို ဂရုမစိုက် သလို ခေါင်း ထဲမထည့်ဘူး။ ဒါပေမဲ့ ကိုယ့်အလုပ် ကိုယ်လုပ်တာ အကောင်းဆုံးပဲ။ သူ များ အတင်းပြောစရာ မလိုဘူး။ ကိုယ် ကိုယ်တိုင် မှန်အောင်နေပါ။ စိတ် ထားကောင်းအောင် နေပါ။ တချို့ ယောကျာ်လေးတွေက ကိုယ့်ဘာ သာကိုယ်နေပြီး ဘာကိုဂျေဝင်နေကြ လဲမသိဘူး။ ယောကျာ်းပီသတဲ့ ယောကျာ်းတွေဖြစ်ကြရင် ပိုကောင်း တယ်။ facebook မသုံးလည်း ခေတ်နောက်ကျတယ် မထင်ဘူး။ ဒါက ကိုယ့်ရဲ့ဆုံးဖြတ် ချက်ပဲလေ။
8 DAYS A WEEK ENTERTAINMENT

အလိုအလျောက် အလင်းတောက်ပမှု ချိန်ညှိစနစ်ပါဝင်လာသော LED ကြော်ငြာဘုတ်များ တပ်ဆင်နိုင်


ယခင်က ကြော်ငြာ LED ဘုတ်များ တပ်ဆင်ရာတွင် မီးလုံးအရောင် တောက်မှုမှာ ပုံသေသာ အသုံးပြုနိုင်ရာမှ ယခုအခါ နေ့၊ ည ရာသီဥတုဆိုင်ရာ အလင်းရောင်ကိုလိုက်ပြီး LED မီးလုံးစာသားများ အလိုအလျောက် အလင်းရောင် ချိန်ညှိမှုစနစ် ပါဝင်လာကြောင်း သိရသည်။

“ဥပမာနေ့လည်ဘက် ပတ်ဝန်းကျင် အလင်းရောင်များနေရင် LED ကြော်ငြာဘုတ်က စာသားတွေ Animation တွေက သာမန်ဆိုရင် အလင်းနည်းနေသလိုဖြစ်ပြီး ကြည့်ရတာ မကောင်းဘူး။ အခုစနစ်က အဲ့လို ပတ်ဝန်းကျင်က အလင်းရောင်များနေရင် LED မှာပါတဲ့ Sensor စနစ်က အလိုအလျောက် ပိုလင်းပေးစေမယ်။ အလိုအလျောက် ကြည့်ကောင်းအောင် အလင်းရောင်ချိန်ညှိပေးတယ် ” ဟု LED ကြော်ငြာဘုတ်များ တပ်ဆင်ပေးသည့် YUZANA LED မှ သိရသည်။

ယခင်သာမန် LED ကြော်ငြာဘုတ်များ တပ်ဆင်ခနှုန်းထားနှင့် ဈေးနှုန်းကွာခြားမှုမရှိဘဲ အငယ်ဆုံး အရွယ်အစား ၁ ပေx ၆ လက်မမှ စတင်ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက် အလက်များကို YUZANA LED (မန္တလေး) ဖုန်း-၀၉-၉၁၀၂၁၂၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။
-ကောင်းမြတ်ထွန်း
Internet Journal

အာဆင်းနစ် အဆိပ်သင့်ခြင်း


အာဆင်းနစ်ဓာတ်သည် မြေအောက်ရေတွင် အမြောက်အမြား ပျော်ဝင်လျက်ရှိသည်။ အာဆင်းနစ်သည် အနံ့အရသာမရှိဘဲ မျက်စိအမြင်နှင့်ဖြစ်စေ၊ သောက်ကြည့်ရုံနှင့် ဖြစ်စေရေထဲတွင် ပျော်ဝင်နေကြောင်း မသိနိုင်ပေ။
သောက်ရေ တစ်လီတာတွင် အာဆင်းနစ်ပျော်ဝင်နှုန်း ၀.၀၁ မီလီဂရမ်ထက် မကျော်လွန်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ထားသည်။ ဆန်၊ ငါး၊ အသားတို့တွင်လည်း အာဆင်းနစ်ပါဝင်နေတတ်သည်။ မှန်စက်ရုံ၊ သစ်စက်ရုံ၊ ပိုးသတ်ဆေးစက်ရုံတို့မှလည်း စွန့်ပစ်ပစ္စည်းအဖြစ် အာဆင်းနစ်ထွက်ရှိလျက်ရှိသည်။
အာဆင်းနစ် အဆိပ်သင့်လျှင် အရေပြား၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းတို့ကို အဓိကထိခိုက်တတ်သည်။ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ မူးဝေခြင်း၊ ၀မ်းအလွန်သွားခြင်း၊ ဖြူဖျော့ခြင်း၊အနီကွက်ထခြင်း၊ ရောင် ရမ်းခြင်း၊တက်ခြင်း၊ လက်သည်းခြေ သည်း အရောင်ပြောင်းခြင်း၊ အန် ခြင်း၊ ကြွက်တက်ခြင်း၊ ဆီးထဲသွေး ပါခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆံပင်ကျွတ် ခြင်းတို့ တွေ့ရတတ်သည်။ အချိန်မီမကုသပါက သတိလစ်မေ့မျောပြီး အသက်ဆုံးရှုံးတတ်သည်။ အာဆင်းနစ်အဆိပ်ထိတွေ့နေ သောအ၀တ်များဖယ်ရှားခြင်း၊ ရေချိုးသန့်စင်ခြင်း၊အစာအိမ်နှင့်အူလမ်း ကြောင်းတစ်လျှောက် ဆေးကြော ခြင်း၊ သွေးသွင်းကုသခြင်း၊ အတက် ကျ ဆေးများပေးခြင်းဖြင့်ကုသနိုင်သည်။
ရေမှတစ်ဆင့် အာဆင်းနစ် အဆိပ်သင့်ခြင်းမဖြစ်စေရန် စက်ရုံ ရေဆိုးများ စနစ်တကျစွန့်ပစ်ခြင်း၊ ရေထဲတွင် အာဆင်းနစ်ပါဝင်ခြင်းရှိ မရှိ မကြာခဏစစ်ဆေးခြင်း၊ မိုးရေခံ ၍ သိုလှောင်ခြင်း၊ ရေတွင်းနက်နက် တူခြင်း၊ သောက်ရေကိုစနစ်တကျ စစ်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။
အာဆင်းနစ်ကို အချိန်အတော် ကြာထိတွေ့နေရသူများကို ကလီစာ ပျက်စီးမှုရှိမရှိ အဆက်မပြတ်စောင့် ကြည့်စစ်ဆေး ပေးသင့်သည်။
သီဟ
Ref: MDI
Health Updates Journal

မော်ချီးသတ္တုတွင်း လုပ်ငန်းခွင် (ရုပ်/သံ)


ကယားပြည်နယ် မော်ချီးသတ္တုတွင်းက ခဲထုတ်လုပ်ရေး အလုပ်သမားတွေဟာ အိုဟောင်းလှပြီဖြစ်တဲ့ ခဲကျင်းတွေထဲမှာ လုပ်ကိုင်နေကြရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မော်ချီးသတ္ထုတွင်းက လုပ်ငန်းခွင်ထဲအထိ ကိုယ်တိုင်သွားရောက်ရိုက်ကူးခဲ့တဲ့ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။ RFA Burmese

 

Android အမေး အဖြေ


ကျွန်တော့်ရဲ့ဖုန်းက Android OS စနစ်သုံး ဖုန်းအမျိုးအစားပါ။ ကျွန်တော့်ရဲ့ဖုန်းမှာ အသုံးပြုဖို့အတွက် အင်္ဂလိပ်စာကို မြန်မာစာအဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဆော့ဖ်ဝဲရှိပါသလား ခင်ဗျာ။ ပြီးတော့ OS မှာပါဝင်တဲ့ စနစ်တစ်ခုလုံးက အင်္ဂလိပ်စာတွေကို မြန်မာလိုမြင်ရချင်ရင် ဘယ်လိုဆော့ဖ်ဝဲမျိုးကို အသုံးပြုလို့ရနိုင်မလဲဆိုတာလည်း သိပါရစေခင်ဗျာ။

Android OS ဖုန်းတွေအတွက် ဖုန်းထဲမှာရှိနေတဲ့ System စနစ်တွေထဲက အင်္ဂလိပ်စာစနစ်တွေကို မြန်မာလိုပြောင်းချင်တယ် ဆိုရင်တော့ ဒါကမရပါဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း Application ကိုအသုံးပြုပြီး လုပ်လို့လည်းမရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက OS တစ်ခုလုံးကနေ ထောက်ပံ့ပေးထားတဲ့ System Fonts တွေဖြစ်တဲ့အတွက် Setting စနစ်တွေ OS Feature တွေထဲက အင်္ဂလိပ်စာစနစ်တွေ အားလုံးကိုဆော့ဖ်ဝဲ အသုံးပြုပြီး မြန်မာလိုပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒီလိုမျိုးစနစ်တစ်ခုလုံးကို မြန်မာလိုပြောင်းလဲနိုင်တဲ့ ဖုန်းတွေဟာ စတင်ပြီးထုတ်လုပ်ကတည်းက မြန်မာစနစ်ကို ထည့်သွင်းပြီး ထုတ်လုပ်ထားတဲ့ ဖုန်းတွေမှပဲ ဒီလိုအသုံးပြုလို့ ရနိုင်ပါလိမ့်မယ်။ ဥပမာအနေနဲ့ဆိုရင်တော့ HTC Butterfly နဲ့ HTC One တို့လိုဖုန်းမျိုးတွေမှာမှပဲ System တစ်ခုလုံးကို မြန်မာလိုမြင်ရနိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ကိုယ်ကအင်္ဂလိပ်စာအချို့ကို မြန်မာလိုသိချင် မြင်ချင်တာမျိုးဆိုရင်တော့ ဒါက Translate ဆော့ဖ်ဝဲတွေကိုအသုံးပြုပြီး ဖတ်နိုင်ပါလိမ့်မယ်။ Android OS စနစ်တွေမှာ အသုံးပြုနိုင်တဲ့ Google Translate ဆော့ဖ်ဝုလိုမျိုးဘာသာပြန် ဆော့ဖ်ဝဲတွေရှိပါတယ်။ ဒါကတော့ Dictionary တစ်ခုလိုမျိုး အင်္ဂလိပ်စာကို မြန်မာလိုဘာသာပြန်ပေးနိုင်တဲ့ စနစ်ပုံစံမျိုးနဲ့ပဲ အသုံးပြုနိုင်တာပါ။ ဖုန်းတစ်ခုလုံးရဲ့ အင်္ဂလိပ်စာစနစ်ကိုတော့ သူကမပြောင်းလဲပေးနိုင်ပါဘူး။ ဖုန်းရဲ့စနစ်တစ်ခုလုံးအတွက် မြန်မာစာစနစ်အတွက်ဆိုရင်တော့ ဒါကမလွယ်ကူပါဘူး။ OS တစ်ခုလုံးထဲကို ဖောင့်ကိုအသစ်ပြန်ထည့်ပြီး ပြန်ရေးမှပဲရနိုင်မှာပါ။ ဖုန်းကို Rooting ပြုလုပ်ပြီး ဖောင့်ထည့်တာမျိုး၊ ဇော်ဂျီမြန်မာစာဖောင့် စနစ်ထည့်သွင်း ထားတာမျိုးလောက်နဲ့တော့ ဖုန်းတစ်ခုလုံးရဲ့စနစ်တွေကို မြန်မာလို မပြောင်းလဲပေးနိုင်ပါဘူး။

-ကိုသက်
Internet Journal

မဲမပေးတဲ့ ကိုယ်စားလှယ်တွေအစား ဦးရွှေမန်း ရှက်မိပါတယ် (ရုပ်/သံ)


ဇန်န၀ါရီလ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ သူရဦးရွှေမန်းက မဲမပေးတဲ့ ကိုယ်စားလှယ်တွေ ကိုယ်စား ရှက်မိပါတယ်လို့ ပြောကြား သွားပါတယ်။ ဦးအောင်ကြီး သတင်းပေး ပို့ထားပါတယ်။ DVB TV News

 

ဦးပိုင် မရှိရင် ရင်းနှီးမြှပ်နှံတဲ့အလုပ် မလုပ်ဟု ၀မ်ပေါင်ဆို (ရုပ်/သံ)


ဦးပိုင်မရှိရင် ၀မ်ပေါင် က ရင်းနှီးမြှပ်နှံတဲ့အလုပ် မလုပ်ဖူးလို့ လက်ပံတောင်းကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ မန်နေဂျာ မစ္စတာ လောဆုံက ပြောကြားခဲ့ပါတယ်။။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး မိုးမင်းဦး အိုင်စီဂျေ

 

ဒေါ်အောင်ဆန်းစုကြည် ဘားအံဘောလုံးကွင်း ရောက်ရှိ



ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ကွင်းတွင် ယနေ့ကျင်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင်ပြည်နယ်လူထုအား ၂၀၀၈ အခြေခံဥပဒေ ရှင်းလင်းခြင်းအခမ်းအနား သို့ ရောက်ရှိလာသော အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ကွင်းလုံးပြည့်တက်ရောက်လာသော ကရင်ပြည်နယ်လူထုကို မြင်တွေ့ရသည့်မြင်ကွင်း / ဓါတ်ပုံ- News and Information Department of NLD

ဘားအံ၊ မဇ္ဈိမ။ ။ ကရင်ပြည်နယ် ဘားအံမြို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စည်းရုံးဟောပြောပွဲလုပ်ရန် ရောက်ရှိနေပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၄နာရီ ၅၀မိနစ်တွင် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ သူမ၏ နေအိမ်မှ ယနေ့ (ဇန်နဝါရီ ၁၈ရက်) နံနက်ပိုင်းက ကားဖြင့် ထွက်ခွာလာပြီး ကျိုက်ထိုမြို့ စိမ်းလဲ့တင်ထမင်းဆိုင်တွင် ထမင်းစားခဲ့သည်။ ထိုမှတစ်ဆင့် ဘားအံမြို့သို့ လာရာ လမ်းတစ်လျောက်တွင် ကြိုဆိုသူများကို နှုတ်ဆက်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒရယူပွဲအပြီးတွင် ဘားအံမြို့၌ပင် ညအိပ်နားနေမည်ဖြစ်ပြီး ၁၉ရက်နေ့ နံနက်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

Mizzima Burmese

နမ့်ခမ်းမြို့ ဘိန်းခင်း တိုင်းတာရေး အဖွဲ့ဝင် နှစ်ဦးအား ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့ ဖမ်းဆီး ရိုက်နှက်


သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဘိန်းခင်း တိုင်းတာရေး အဖွဲ့ဝင် နှစ်ဦးအား ယခုလ ၁၂ ရက်နေ့က ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုခံရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင် နှင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ဂျန္နဝါရီလ ၁၂ ရက်က မိုင်းဝီး ကျေးရွာအုပ်စုဘက် ဘိန်းခင်းတိုင်းတာရန် ခရီးထွက်ခဲ့ကြောင်း၊ ထိုအထဲမှ ဘိန်းခင်းတိုင်းတာရေးအဖွဲ့ဝင် နှစ်ဦး အား ဒေသတွင်းမှ ပန်းဆေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နေ့လည် ၂ နာရီ မှ ည ၉ နာရီ အထိ လက်ထိပ်ခတ် ရိုက်နှက် မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှုး အဖွဲ့ နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ရိုက်နှက်စစ်ဆေးခံရသည့် ပုဂ္ဂိုလ်နှစ်ဦးမှာ ဦးနိုင်ထွန်းမောင် နှင့် ဦးအံ့ကျော်တို့ဖြစ်သည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

“ သူတို့ ဘိန်းခင်းကြည့်ဖို့ တက်သွားတာက ၆ ယောက်ပါ၊ ရဲတပ်ဖွဲ့လေးယောက်ပါတယ်၊ ရဲတပ်ဖွဲ့ကအရင်ပြန်ဆင်း လာပြီးမှ ကျန်ခဲ့တဲ့ ၂ ယောက်ကို ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက် မေးမြန်းတာ” - ဟု ၄င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းထံ ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

“ ကျနော်တို့ဘက်ကလည်း သက်ဆိုင်ဌာန ကို စာတင် တိုင်ကြားထားတယ်၊ အခြေအနေက ဘယ်လို ဖြစ်လာမလဲတော့ ခုထိတော့ မသိရသေးဘူး ” ဟု ရိုက်နှက်ခံရသူ ကာယကံရှင်တဦးပြောပြကြောင်း နီးစပ် သော အသိုင်းအဝိုင်း ကဆိုသည်။

အဆိုပါ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့ဝိုင်းရိုက်သည့် ပုဂ္ဂိုလ်နှစ်ဦးသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ဘိန်း ခင်း တိုက်ဖျက်ရေးဆိုင်ရာသင်တန်းအား ၂၀၁၃ နှစ်နှောင်းပိုင်းက သင်တန်းဆင်းလာသည်ဟုလည်းဆိုသည်။

ကမ္ဘာတွင် အာဖကန်နစ်စတန် နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဘိန်းအများဆုံးထွက်ရှိသည့်နိုင်ငံဖြစ်သည်ဟု ကမ္ဘာ့မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးအဖွဲ့ UNODC က ထုတ်ပြန်ကြေငြာဖူးပါသည်။

နမ့်ခမ်းမြို့နယ် ပန်းဆေးကျေးရွာအုပ်စုအခြေစိုက် ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့အား ၂၀၁၀ ခုနှစ်က ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသည့် ဦးကျော်မြင့်က ဦးဆောင်ပါသည်။
သျှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့က အဆိုပါ လွှတ်တော်အမတ် ဦးကျော်မြင့်အား ခေတ်သစ်မူးယစ်ရာဇာဟု တင်စားခေါ်ဝေါ်ထားပါသည်။

ဦးကျော်မြင့်သည် ယခုအခါ ၄င်း၏ညီ ဦးကျော်ထွေးအား ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ပေးထားကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

သျှမ်းသံတော်ဆင့်/စိုင်းတိုင်း

ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦး ထပ်မံမုဒိမ်းကျင့်ခံရ


မောင်တော၊ ဇန်နဝါရီ ၁၇

မုဒိမ်းမှုများ အရေးယူပေးရန် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘိုင်ချရီ မြို့နယ်တွင် ရခိုင်မျိုးနွယ်စုဝင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထပ်မံမုဒိမ်းကျင့် ခံရကြောင်း အဆိုပါ အမျိုးသမီးငယ်၏ မိသားစုများထံမှ သိရှိရသည်။

ဘိုင်ချရီမြို့နယ် င/ရချေခေါ် ရခိုင် တိုင်းရင်းသားရွာမှ ကျောင်းသူတစ်ဦး ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်းက ဘုန်းကြီး ဈာပနပွဲအတွက် အကလေ့ကျင့်နေရာမှ ပြန်လာသည့် လမ်းတွင် ဘာသာခြားတစ်ဦးက အဓမ္မ ခေါ်ဆောင်ကာ မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးငယ်၏ မိခင်က ပြောကြားသည်။

မုဒိမ်းမှု ကျူးလွန်ခဲ့သူဟု ဆိုသူကို ဘန်ဒရိုဘန်ခရိုင် ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီးငယ်ကိုလည်း ဆေးစစ်ချက်ရယူရန် ဘန်ဘရိုင်ဘန်သို့ ခေါ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် လွန်ခဲ့သည့် ရက်ပိုင်းကလည်း ရခိုင် အမျိုးသမီးတစ်ဦး၊ ဟိန္ဒူဘာသာဝင် အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ခံရမှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် ယင်းကိစ္စများကို အရေးယူပေးရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့်သည် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖလောင်း ချိတ်မြို့တွင် ဆန္ဒပြခဲ့ကြသည်။

The Voice Weekly Myanmar

ပဉ္စမအကြိမ် ကလေးစစ်သား ၉၅ ဦး နှုတ်ထွက်ခွင့်ပြု


ကလေးစစ်သား ၉၅ ယောက်ကို စစ်မှုထမ်းခြင်းက နှုတ်ထွက်ခွင့်ပြုပြီး မိဘတွေထံကို ပြန်လည် အပ်နှံတဲ့ အခမ်းအနားကို ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဒညင်းကုန်း စစ်ကြောရေးစခန်း မှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ အထိ ကလေးစစ်သား စုစုပေါင်း ၅၉၇ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဥပဒေချိုးဖောက်သူ အရာရှိ ၃၀ ကျော် အပါအ၀င် စစ်သည် ၂၂၆ ယောက်ကို အပြစ်ပေး အရေးယူပြီး ဖြစ်တယ်လို့ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် သန်းစိုးက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားပါတယ်။

အဲ့ဒီ အခမ်းအနားမှာ ကလေးစစ်သားတွေကို စစ်မှုထမ်းဆောင်ခြင်းက ရပ်စဲခွင့် စာရွက်စာတမ်းတွေ ပေးအပ်ခဲ့ သလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကလေးစစ်သားတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးခဲ့ ပါတယ်။
တပ်မတော်နဲ့ ကုလသမဂ္ဂ လက်အောင်ခံအဖွဲ့ဖြစ်တဲ့ CTFRM အဖွဲ့တို့ ပူးပေါင်းပြီး ကလေးစစ်သားတွေကို ပြန်လွတ်ပေးတာဟာ ပဉ္စမ အကြိမ် ရှိပြီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်နေ့က အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရန်အတွက် တပ်မတော်မှ ကလေးစစ်သားတွေ ပပျောက်ဖို့ ကုသမဂ္ဂ CTFRM အဖွဲ့နဲ့ လက်မှတ်ရေးထိုး ထားပြီး ကလေးစစ်သားပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

DVB Burmese

နိမ့်ကျလျက် ဥပေက္ခာ ပြုခံထားရသော မင်းကင်းမြို့ – ချင်းတွင်းချစ်ဆန်း


    တောင်တွင်းဒေသနှင့် မင်းကင်းမြို့ လူသွားနိုင်ရန် ကားလမ်းမရှိ ဖြစ်နေသည်မှာ အံ့သြစရာဖြစ်ပါသည် . . .  မင်းကင်းမြို့နှင့်တောင်တွင်း လူသွားကားလမ်း မရှိသော်လည်း  သစ်တုံးကြီးများ သွားရန် ကားလမ်း ရှိနေပါတကား . .

မင်းကင်းမြို့နယ်သည် ကလေးခရိုင်အတွင်း ကလေးမြို့၊ ကလေးဝမြို့ (၂) မြို့ပေါင်း နီးပါးမျှ ကျယ်ဝန်း သော်လည်း  ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဆင်းရဲမွဲတေမှု အများဆုံး မြို့နယ်ဖြစ်ပါသည်။ မင်းကင်းမြို့နယ်၊ ကြိုးဝိုင်း ၃၉၁၄၁၆ ဧကတွင်းမှ ထိန်းသိမ်းမှု မရှိ သစ်ထုတ်လုပ်သူများ လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်အတွင်း ထင်ရှားစွာ တွေ့မြင်နေရပြီး မင်းကင်းမြို့နယ် တောင်တွင်း ဒေသ ချောင်အကျဆုံး သစ်ဆိပ်မှ ထုတ်ခဲ့သမျှ သစ်လုံးကြီးများ ကို ၁၂ ဘီး၊ ၁၆ ဘီးကားကြီးများဖြင့် မင်းကင်းမြို့၊ ပဲလျှော်ဖို ဆိပ်ကမ်းအထိ ချောမောစွာ ထုတ်၍ ချင်းတွင်းမြစ် အတွင်း (Barge) ကြီးများဖြင့် စုံဆင်းနေကြသည်ကို မြင်တွေ့နေကြရပါလျက်။ တောင်တွင်းဒေသနှင့် မင်းကင်းမြို့ လူသွားနိုင်ရန် ကားလမ်းမရှိ ဖြစ်နေသည်မှာ အံ့သြစရာ ဖြစ်ပါသည်။ မင်းကင်းမြို့နှင့် တောင်တွင်း လူသွားကားလမ်း မရှိသော်လည်း သစ်တုံးကြီးများ သွားရန် ကားလမ်း ရှိနေပါတကားဟု မြင်တွေ့ နေရပါသည်။

မင်းကင်းမြို့နယ်တွင်းမှ သစ်ထုတ်လုပ်သူ သစ်ကုမ္ပဏီ အမြောက်အမြား ရှိသည့် အနက်မှ တစ်ခုသော ကုမ္ပဏီ ဖြစ်သည့် တင်ဝင်းထွန်း ကုမ္ပဏီသည် အမြတ်အစွန်းများတွင်မှ မုံရွာမြို့ ရွှေစီးခုံ(မြောက်) ဘုရားကြီးအတွင်း ဓမ္မာရုံနှင့် တရားနာကွင်းကြီး လှူဒါန်းထားသည်ကို ရင်သက်ရှုမော မြင်တွေ့ရပါသည်။

မင်းကင်းမြို့ သစ်တောကြိုးဝိုင်းများတွင်းမှ ထုတ်လုပ် အမြတ်ရရှိသူ ကုမ္ပဏီ မြောက်များစွာ ရှိနေသော်လည်း မင်းကင်းမြို့နယ် အကျိုးအတွက် အကျိုးပြုမူ တစ်စုံတစ်ရာ မပြုဘဲ နေကြသည်ကို တွေ့နေ မြင်နေရပါသည်။

ကလေး-ကလေးဝ(၂) မြို့ ပေါင်းမျှ ကျယ်ဝန်းသော မင်းကင်းမြို့နယ်မှ သစ်သီး၊ သီးနှံစပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် သစ်မျိုးစုံ ထုတ်လုပ်နေပါလျက် တိုင်းရင်းသားကျေးရွာ၊မြို့ငယ် တစ်မြို့နယ် ရပိုင်ခွင့်မျှလောက်ကိုပင် ခံစားခွင့် မရသည့်အတွက် ယနေ့တိုင် ပြည်အတွင်းမှ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဆင်းရဲမွဲတေမှု အမြင့်မားဆုံး မြို့နယ် ဖြစ်နေရ ပါသည်။

ဆက်သွယ်ရေး ကားလမ်းမရှိ၊ ရထားလမ်းမရှိ၊ နွေရာသီတွင် သင်္ဘော မသွားနိုင်၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရရှိနေသော်လည်း မင်းကင်းမြို့နယ်တွင် ၀ယ်ယူ မရပါ ၀ယ်ယူ ရရှိပြီးဖြစ်သော ၀၉ ဖုန်းများပင်လျှင် သုံး၍မရ ဖြစ်နေပါသည်။

မင်းကင်းမြို့ ပြည်သူ့ဆေးရုံမှာလည်း ပျက်စီးယိုယွင်းနေပြီး ဓာတ်ခွဲမှူးမရှိ၊ ဆရာမ အလုံအလောက်မရှိ ကျေးရွာနေ ပြည်သူများအတွက် ကျန်းမာရေးအတွက် ဒုက္ခရောက်နေကြရ ပါသည်။ မင်းကင်းမြို့၊ အုတ် လှေကားဆိပ် မှာလည်း ရေတိုက်စား၍ ပြိုကျပျက်စီးနေပြီး ပြုပြင်မှု မရှိ၍ ပျက်စီးနေပါသည်။ လျှပ်စစ်မီး မှာလည်း တစ်ရက်မှာ (တစ်နာရီခွဲသာလျှင်) ပေး၍ မကြာခဏ ပျက်နေပါသည်။ ကမ်းနားဘေး တဲဆိုင်ခန်း များမှာလည်း ပြည်သူများ အပန်းဖြေနေရာ မရှိဖြစ်နေပါ၍ သက်ဆိုင်ရာမှ လိုအပ်သလို စိစစ် အရေးယူ ပေးပါရန် တင်ပြအပ်ပါသည်။

မင်းကင်းမြို့နယ်၏ ကျယ်ဝန်းသော သစ်တော ကြိုးဝိုင်းများ၊ စိုက်ပျိုးရေး ဧကများ၊ မွေးမြူရေး ကဏ္ဍများမှ ထွက်ရှိ ထုတ်လုပ်မှုကို ကိန်းဂဏန်း အတိအကျ တင်ပြနိုင်ရန် အခက်အခဲ ရှိသော်လည်း နိုင်ငံတော်အတွက် အကျိုးပြု ထုတ်လုပ် ဖြန့်ချိမှုများ၊ အခြားမြို့နယ်များထက် သာလွန် ကောင်းမွန်မှု ရှိကြောင်း လက်ခံရမည် ဖြစ်ပါသည်။

သို့ရာတွင် မင်းကင်းမြို့နယ်၏ လက်ရှိ အနေအထားမှာ အခြားမြို့နယ်များနှင့် ရာသီမရွေး သွားလာနိုင်သော လမ်းမရှိသေးခြင်း (၂) ကျေးရွာချင်းဆက် လမ်းများ စနစ်တကျ ဖောက်လုပ်ထားသော လမ်းများ မဟုတ်ခြင်း၊ နိုင်ငံတော်မှ ဖောက်လုပ်ထားသော လမ်းများမရှိခြင်း၊ နည်းတူ ချောင်း-မြောင်းများကို ဖြတ်သန်း ကူးထားသော တံတားများ မရှိခြင်း မြို့နယ်တွင်း ရပ်ကွက်၊ ကျေးရွာ ၁၈၈ ရွာ ရှိသော်လည်း နိုင်ငံတော်မှ လျှပ်စစ်မီး ပေးနိုင်သော ရပ်ကွက် ၃ ခုသာ ရှိခြင်း။

ကျေးရွာ ၁၈၈ ရွာ ရှိသော်လည်း ကျေးလက် ကျန်းမာရေးဌာန (၄)ခု၊ ဌာနခွဲ ၂၃ ခုသာ ရှိခြင်း၊ တစ်မြို့နယ်လုံး ဆရာဝန် ၃ ဦးသာ ရှိခြင်း တို့ကြောင့် မင်းကင်းမြို့နယ်တွင် လူဦးရေ ၃၆၁၄၁ ဦးတွင်မှ ဆရာဝန် ၁ ဦးသာ ရှိပါသည်။ ကျေးလက် ကျန်းမာရေးဌာန တစ်ခုလျှင် လူဦးရေ ၂၇၁၀၉ ကို စောင့်ရှောက် ကုသပေးနေရ ပါသည်။

ရွာချင်းဆက် လမ်းများ၊ မြို့နှင့်ရွာဆက် လမ်းများ ကောင်းမွန်မှု မရှိသဖြင့် အရေးကြီး လူနာများ အချိန်မီ ကုသနိုင်ခြင်း မရှိဘဲ အသက်ဆုံးရှုံးရမှု အလွန်များပြားပါသည်။ မင်းကင်း မြို့နယ်တွင် သဘာဝအလျောက် ထွက်ရှိသော ရေအဆင့်အတန်း အလွန် ကောင်းမွန်သဖြင့် ရေကောင်းရေသန့် သုံးစွဲထုတ်လုပ်သော နိုင်ငံခြား အရက်များ ထုတ်လုပ်သည့် စက်ရုံများ အခြေစိုက်မည် ဆိုလျှင် ကမ္ဘာ့ဈေးကွက်သို့ ကောင်းမွန်စွာ ထိုးဖောက် နိုင်ပါသည်။

သို့ရာတွင် ကျေးလက်နေ ပြည်သူ အများစုမှာ ကျေးရွာများတွင် သောက်သုံးရေ စနစ်တကျ တူးဖော်ထားမှု နည်းပါးခြင်းကြောင့် ရေကို အခြေခံသော ရောဂါဘယ ဖြစ်ပွားမှု များပြားပါသည်။ သောက်သုံး ရေတွင်းများ လုံလောက်အောင် တူးဖော်ပေးရန် လိုအပ်ပါသည်။

မြို့နယ်ကျေးလက် ဖွံ့ဖြိုးမှု နည်းပါးသည့် အလျောက် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုနှင့် မိဘမဲ့ ကလေးသူငယ် များလည်း များပြားကြောင်း စာရင်းကောက်ခံမှုကြောင့် သိရှိရပါသည်။ တစ်မြို့နယ်လုံးတွင် ခိုကိုးရာမဲ့ သက်ကြီး ရွယ်အို ၃၈၀ မှ ၄၅၀ ခန့် အတွင်း ရှိပါသည်။ ထိုသူတို့မှာနီးရာ အိမ်များမှ တစ်ဆင့် နိုင်သမျှ မျှဝေပေးမှုများကို အားကိုး သုံးစွဲနေကြရပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ခံစားရမှု မရှိပါ။ ထို့ကြောင့် မင်းကင်းမြို့နယ်တွင် သက်ကြီး ဘိုးဘွားရိပ်သာနှင့် လူငယ် စောင့်ရှောက်ရေးစခန်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းရဦးမည် ဖြစ်ပါသည်။

မင်းကင်း မြို့နယ်သည် မြို့အနေဖြင့် အိမ်ခြေ ၁၀၀၀ ၀န်းကျင်သာ ရှိသဖြင့် မြို့ငယ်ဟု ခေါ်ဆိုနိုင်သော်လည်း စင်ကာပူနိုင်ငံ၏ ၆ ဒသမ ၈ ဆမျှ ကျယ်ဝန်းပြီး စင်ကာပူနိုင်ငံတွင် မရှိသော ရေချို၊ သစ်တောကြိုးဝိုင်း ရေနံတွင်း၊ ၀ါးတောကြီးများနှင့် သီးနှံ စိုက်ပျိုးနေသော စိုက်ကွင်းများ၊ မွေးမြူရေး အကြီးအကျယ် လုပ်ကိုင် နိုင်သော ပလပ်မြေများ အလုပ်လုပ်ကိုင်မည့် လုပ်သားများလည်း ရှိနေပါသည်။

ကျယ်ဝန်းလှသော ၀ါးတောများကို အားပြု၍ စက္ကူစက်ရုံများ၊ သစ်တောကြိုးဝိုင်းများမှ အလုံးလိုက် ထုတ်ပြီး ပြည်ပသို့ ရောင်းစားနေသော သစ်လုံးကြီးများအား သစ်အခြေခံ ကုန်ချော ထုတ်လုပ်မည့် စက်ရုံကြီးများ အခြေစိုက်ပြီး ထုတ်လုပ်မည်ဆိုလျှင် မင်းကင်းမြို့နယ်သည် အထူးစီးပွားရေးဇုံ အဖြစ် ပြည်တွင်းအတွင်း အောင်မြင်စွာ ထူထောင်နိုင်မည့် ဒေသဖြစ်ပါသည်။ မင်းကင်းမြို့နယ်၊ လက်ချိတ် ကျေးရွာတွင် အီငယ်မစ်ဆု ကုမ္ပဏီမှ ရေနံတူးဖော်ခဲ့ပြီး ခေတ္တပြန်ပိတ်ထားသော ရေနံသိုက်လည်း ရှိပါသည်။ ဖက်ထုပ်ကျေးရွာတွင် ၎င်းဇနပုဒ်တွင် လည်းကောင်း၊ လက်ခပ် ရေနံတွင်း ရှိကြောင်း မှတ်သားဖူးပါသည်။ ဓာတ်ငွေ့များ အလိုအလျောက် ထွက်ရှိနေသော နေရာလည်း ရှိပါသည်။

စီးပွားဖြစ် ရောင်းစားနိုင်ခြင်း မရှိသော သစ်အမျိုးအစားများ၊ သစ်ထုတ်ရာမှ ထွက်ရှိသော အပိုင်းအစကိုင်များ ကိုင်း၊ နွားများနှင့်မြစ်ဆုံများကို စက်ဖြင့် ကြိတ်ခြေပြီး ရရှိသော သစ်အမှုန့်များကို ဓာတုကော်ဖြင့် ရောစပ်၍ Press လုပ်ခြင်း အားဖြင့် လူသုံးနိုင်သော ကြိတ်သားသစ် ထုတ်လုပ်ခြင်းကို ကျယ်ပြန့်စွာ ကိန်းဂဏန်းကြီးမားစွာ ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ၊ ဖြန့်ဖြူးခြင်းဖြင့် သစ်တောဖြုန်းတီးမှု လျှော့ချနိုင်ခြင်း ရာသီဥတု ထိန်းသိမ်း နိုင်ခြင်း၊ ချင်းတွင်းမြစ် ရေစီးရေလာ ကောင်းမွန်စေခြင်းတို့ အလိုအလျောက် ရရှိမည် ဖြစ်ပါသည်။

၁၅၂၇ စတုရန်းမိုင် အတွင်း နိုင်ငံတော်ကို အကျိုးပြုမည့် ကုန်ချော စက်ရုံများစွာ အခြေချ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ စားကျက်မြေများ စနစ်တကျ ဖော်ဆောင်ပြီး မွေးမြူရေး လုပ်ငန်းကို လုပ်ဆောင်မည် ဆိုလျှင် ကျွဲနွား စီးပွားဖြစ် မွေးမြူခြင်း၊ ၀က်၊ ကြက်၊ ဘဲနှင့် ငါး မွေးမြူရေးလုပ်ငန်း စသည်တို့ကို လုပ်ငန်းရှင်ကြီးများ ရင်းနှီး-မြှုပ်နှံ ဆောင်ရွက်လိုစိတ် ရှိကြမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် အနီးတစ်ဝိုက်တွင် ဆားစက်ရုံ အလုပ်ရုံနှင့် GDI များ အခြေစိုက် ကြမည့်အစား မင်းကင်းမြို့နယ်ကဲ့သို့ မြို့နယ်တွင် အခြေစိုက်နိုင်ရန် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်ကြီးများ ကုမ္ပဏီများအား Data အချက်အလက်များ ပေး၍ ဆွဲဆောင် စည်းရုံးပါက မြေကွက် အတွက် ဈေးကြီးစွာ ပေး၍ ရင်းနှီးရခြင်း၊ ရှုပ်ထွေး ပွေလီသော အခြေစိုက် လုပ်ငန်းများတွင် ယှဉ်ပြိုင် ထုတ်လုပ် ရမှုများကို ရင်ဆိုင်နေရသည့် ကုမ္ပဏီများ စိတ်ဝင်စားလာဖွယ် ရှိနေပါသည်။

စက်ရုံ အလုပ်ရုံများ အခြေစိုက် လုပ်ငန်းများကို ဗဟိုပြု၍ မဟာ ဓာတ်အားလိုင်း ဆက်သွယ်မှု အဆင့်မီ ကွန်တိန်နာတင် ကားကြီးများ သွားလာနိုင်ရန် လမ်းဖောက် လုပ်ရမှုများ ဖြစ်ပေါ်လာပြီး မင်းကင်းသူ/ မင်းကင်းသားများစွာ အလုပ်အကိုင် ရရှိပြီး အလျင်အမြန် တိုးတည်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ချင်းတွင်းချစ်ဆန်း
Myanmar Thandawsint Newspaper