၁၉ရက်၊ ၅လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့်သတင်းအား နှိပ်၍ ဖတ်ရှုပါ။




သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက် ၌ပျက်စီးနေသော (SlowDown)များအား အသစ်ပြုပြင်ပေးပါရန်


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက်၊ ပျက်စီးနေသော (SlowDown)များအားအသစ်ပြုပြင်ပေးပါရန် ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ လက်တွဲလျှက်  ၄င်းတို့၏ ရပ်ကွက်အတွင်းဖြစ်ပျက်နေသော လမ်းများကိုကြည့်ရှုပြီးတင်ပြထားရှိပါသည်။
“ကျွန်တော်တို့ရပ်ကွက်ရဲ့ အလယ်ဖြတ်လမ်းဖြစ်တဲ့ ထန်းပင်ကုန်းအတွင်းလမ်းမကြီးကို မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့က လမ်းခင်းစဉ်(SlowDown)များကိုဆောင်ရွက်ပေးခဲ့စဉ်ကာလက။ဒီ(SlowDown)အပြင် (ရပ်၊ ကြည့် ၊သွား) ဆိုင်းဘုတ်များကိုဆောင်ရွက်ပေးခဲ့ပါတယ်။ဒါပေမယ့် မသမာသူများက ညပိုင်းဆိုလျှင် ရိုက်ချိုးဖျက်ဆီး မှုများကြောင့်။ကျွန်တော်အပါအဝင် ရပ်ကွက်နေပြည်သူများလည်းစိတ်မချမ်းမြေ့မှုတွေနေ့စဉ်ကြုံတွေ့နေရပါတယ်”ဟု ရပ်ကွက်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး(ဂီတစာဆို)သန်လျင်စိုးသိန်းကပြောကြားခဲ့ပါသည်။
အဆိုပါ (SlowDown)များပျက်စီးယိုယွင်းမှုကြောင့်မော်တော်ယာဉ်များနှင့်ဆိုင်ကယ်များ အရှိန်ပြင်းစွာ မောင်းနှင့် မှုကြောင့် မတော်တဆယာဉ်တိုက်မှုများအကြိမ်ကြိမ်ဖြစ်ပွားလျှက်ရှိပြီး၊မလိုလားအပ်သည့် ပြဿနာများဖြစ်ပေါ်မည်ကို ရပ်ကွက်နေပြည်သူများကစိုးထိတ်လန့်နေကြရပါသည်။
ထိုသို့ ဖြစ်စဉ်များနှင့်ပတ်သက်၍အစဉ်မပျက် သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြိမ်ကြိမ်တင်ပြ ထားရှိသော် လည်း ယင်းသို့ပြုလုပ်သူများကို အရေးယူဆောင်ရွက်မှုမရှိပါသဖြင့်  သက်ဆိုင်ရာ လူကြီးမင်းများမှ ကူညီဖြေရှင်းပေးပါရန် ရပ်ကွက်နေပြည်သူများက အားကိုးကြီးစွာနှင့် တင်ပြထားရှိကြောင်းသိရသည်။
ယင်းကိစ္စရပ်များနှင့်ပတ်သက်၍မှန်ကန်မှု ရှိ/မရှိကိုလည်း ကွင်းဆင်းလေ့လာနိုင်ကြောင်း ထန်းပင်ကုန်း ရပ်ကွက် နေပြည်သူများက ဖိတ်ကြားလျက်ရှိပါသည်။
မြင့်မြတ်အောင်မြင်

ဖုန်း .09 .421022578
Ygn News မှ တင်ဆက်သည်။

ကားဒါရိုင်ဘာနဲ့ ယာဉ်နောက်လိုက်လောက အမျိုးသမီးတွေ တိုးဝင်လာနေပြီ


ဘတ်စ်ကားဒရိုင်ဘာ၊ တက္ကစီဒရိုင်ဘာဆိုတာ မြန်မာပြည်မှာ အမျိုးသားတွေပဲ လွှမ်းမိုးထားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနယ်ပယ်ထဲကို မြန်မာအမျိုးသမီးတွေ တစတစ တိုးဝင်လာနေပါပြီ။ မြန်မာအမျိုးသမီးတွေအတွက် ပြင်ပမှာ ကားဒရိုင်ဘာအဖြစ် ရင်ဘောင်တန်း ရပ်တည်မှုဟာ အထူးအဆန်းတစ်ခုလား။

ရာထူးမြင့်တဲ့နေရာတွေမှာ အမျိုးသားတွေကိုသာ အရေးပေးလေ့ရှိတဲ့ထုံးစံထဲမှာ အမျိုးသမီးတွေ ထက်ထက်မြက်မြက်ရှိတာကို အရမ်းသဘောကျတဲ့သူကတော့ တက္ကစီဒါရိုင်ဘာ မစုမွန်ကျော်ပါ။ ကားမောင်းမကျွမ်းကျင်ဘဲ မောင်းနေသူတွေများလာနေတဲ့ ရန်ကုန်မှာ ကားနဲ့ဖက်ပြီးကြီးပြင်းလာတဲ့ အမျိုးသမီးတွေဟာ ကျန်အမျိုးသားတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

အမျိုးသားတွေမောင်းတဲ့ တက္ကစီတွေတောင် ညဘက်ကားဆွဲတဲ့အခါ လုယက်ခံရတာမျိုးရှိတာကြောင့် ဒီအချက်ဟာ အမျိုးသမီးဒရိုင်ဘာတွေအတွက် သတိထားရမယ့်အချက်ပါ။ ကိုယ်ပိုင်တက္ကစီနဲ့ ဒါရိုင်ဘာလုပ်နေတဲ့ မဌေးဌေးဝင်းက ညဘက်တွေဆို လမ်းကြိုလမ်းကြားမလိုက်ဘဲ အုံနာခရှာစရာမလိုလို့ စိတ်တောင် လွတ်လပ်ပေါ့ပါးတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး တက္ကစီယာဉ်မောင်းအဖြစ် ရပ်တည်နေတဲ့ အမျိုးသမီးဒါရိုင်ဘာ ရန်ကုန်မှာ ၃ဝလောက်ရှိပါပြီ။ ဗိုလ်တထောင်ဘုရားမှာ ဂိတ်ထိုးတဲ့ ၄၈လိုင်းမှာလည်း မေလ ၁၇ရက်နေ့ကစပြီး အမျိုးသမီး စပယ်ယာ ၁၁ယောက်ကို ခန့်ခဲ့ပါတယ်။ မအိနန္ဒာက ယောက်ျားတစ်ယောက်ကို မှီခိုစရာမလိုဘဲ ကိုယ်တိုင်ဝင်ငွေရှာရတာကို ကျေနပ်ပါသတဲ့။

မကြာခင် ရန်ကုန်မြို့ကြီးမှာ အမျိုးသမီးတက္ကစီဒါရိုင်ဘာတွေ၊ ကားစပယ်ယာတွေ ဝမ်းရေးအတွက် တာဝန်ထမ်းဆောင်နေကြတဲ့မြင်ကွင်းဟာ သမားရိုးကျမြင်ကွင်းတစ်ခု ဖြစ်လာတော့မှာပါ။

Kamayut Media 

မိုင်းတွင်း ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေသူများ အတွက် ယူရို ၁ သန်း လှူဒါန်းခဲ့သည့် ဒရော့ဘာ


တူရကီနိုင်ငံ၊ ဆိုမာမြို့တွင် မိုင်းတွင်း ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေသူများ အတွက် ဂါလာတာဆာရေး တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက ယူရို ၁ သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ဂါလာတာဆာရေး ကစားသမားများသည် ကေစီရီအာစီယက်စ်ပေါ် အသင်းနှင့် ကစားသည့် ပွဲမတိုင်မီတွင် မိုင်းအလုပ်သမားများ ဆောင်းသည့် ဦးထုပ်များ ဝတ်ဆင်ကာ အားပေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ကုလသမဂ္ဂ သံအမတ်လည်း ဖြစ်သည့် အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားက ယူရို ၁ သန်း လှူဒါန်းခဲ့သည်။

“ကျွန်တော်က ကုလသမဂ္ဂ သံအမတ် တစ်ယောက် ဖြစ်တဲ့အတွက် ဆိုမာမှာ အကူအညီလိုတဲ့သူ အားလုံးကို ကူညီသွားမှာပါ။ ဒါပေမဲ့ ကျွန်တော့်နာမည်ကို လူတိုင်း အသုံးပြုတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်က ဒီလိုနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို နာမည်ရအောင် လုပ်တဲ့သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို နာမည်ရအောင် လုပ်ဖို့က ကျွန်တော့်အတွက် မလိုအပ်ပါဘူး” ဟု ဒရော့ဘာက ပြောကြားခဲ့သည်။

မေလ ၁၃ ရက်က တူရကီနိုင်ငံ၊ ဆိုမာမြို့တွင် မြေအောက်မိုင်းတွင်း ပေါက်ကွဲကာ မီးလောင်မှုကြောင့် ၃၀၁ ဦး သေဆုံးခဲ့ပြီး ၎င်းသည် တူရကီ သမိုင်းတွင် အဆိုးရွားဆုံး မိုင်းတွင်းပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။

Ref: goal
soccer myanmar

ချစ်သူကောင်မလေေးတွအပေါ် သူတို့ ညာပြောလေ့ရှိတဲ့ စကားများ


ကိုယ့်ချစ်သူက ကိုယ့်ကို မကောင်းတတ်လို့ ညာပြောလိုက်ရတဲ့ စကားမျိုးတွေ ရှိပါတယ်။ တစ်ချို့ကျတော့လည်း ညာချင်လို့ကို ညာပြောတာမျိုးပေါ့။ ခုပြောပြမယ့် စကားတွေက သူတို့ ညာပြောလေ့ရှိတဲ့ စကားတွေပါ။ ကိုယ့်ကို သူပြောဖူးသလား တစ်ချက်လောက် ကြည့်ကြည့်ရအောင်။

၁။ ဒီည ရအောင်ထွက်ခဲ့ပါကွာ။ နောက်မကျစေရဘူး။ ၀ိုင်လေးတစ်ခွက်လောက်ပဲ သောက်မှာပဲဟာကို။

ကိုယ့်ချစ်သူက ကိုယ့်ကို ညထွက်ဖို့ခေါ်တဲ့အခါ နောက်မကျစေရပါဘူးလို့တော့ အမြဲပြောတာပါပဲ။ ဒါပေမယ့် တွေ့တဲ့အခါ တစ်မျိုးဖြစ်သွားတတ်တာလည်း သူတို့ပါပဲ။ အမှန်တော့ သူတို့မှာ အကြံရှိပြီးသားပါ။ နောက်ကျမယ်ဆိုတာလည်း သူတို့သိထားပြီးသားပါ။

၂။မင်းသူငယ်ချင်းတွေ အကုန်လုံးကို ကိုယ် သဘောကျပါတယ်။

ကိုယ့်သူငယ်ချင်းတွေ အားလုံးကို သူသဘောကျတယ်လို့ ပြောတဲ့အခါ ဒါဟာ ညာတာဖြစ်ဖို့များပါတယ်။ အားလုံးကိုတော့ သဘောမကျနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်စိတ်ချမ်းသာစေဖို့ သူညာပေးလိုက်တယ်လို့ သဘောထားလိုက်ပေါ့။

၃။ညစ်ညမ်းတဲ့ကလပ်မျိုးတွေ မသွားဖူးဘူး၊ အဲ့ဒီအကြောင်းတွေ လုံးဝ (လုံးဝ) မသိဘူး။

ဒါလည်း ညာတာပါပဲ။ ဘယ်ယောင်္ကျားမဆို ကလပ်မရောက်ဘူးရင်တောင် အဲ့ဒီအကြောင်းတော့ သိကြတာပါပဲ။ ဟိုကား ဒီကားတွေ မကြည့်ပါဘူးလို့ ပြောတာဟာလည်း ညာနေတာပါပဲ။

၎။အရင်တွဲခဲ့တဲ့ ကောင်မလေးက တစ်ချိန်လုံး sms တွေပို့နေတယ်ကွာ၊ ဘာဖြစ်ချင်နေမှန်းကို မသိဘူး။

တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ် သူ့အရင်ရည်းစား sms ပို့တဲ့အကြောင်းတွေ ပြောလာပြီဆိုရင်တော့ ကိုယ့်ဘက်က ပြောနိုင်တာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ "ရှင့်ဘက်က အဖက်မလုပ်ပဲထားရင် သူလည်း ဆက်ပို့နေစရာ အကြောင်းမရှိတော့ဘူး" ဆိုတာပါပဲ။

၅။မင်းက အရင်တွဲခဲ့ဖူးတဲ့ ရည်းစားတွေထက် အများကြီး ပိုမိုက်တယ်။

အဲ့ဒီလို မြှောက်မပြောပဲနေရင်တောင် ပိုပျော်ရဦးမယ်။ ခုလိုထုတ်ပြောတော့မှ စိတ်ညစ်ရပြီဆိုတာမျိုးလိုပေါ့။ ဟိုလူတွေနဲ့တုန်းကလည်း ဒီလိုပြောခဲ့မှာပဲ။ ခုလည်း ကိုယ့်ကို ဒီလိုပြောနေပြန်ပါပြီ။

၆။ကိုယ်သောက်နေတာ ပြီးတော့မယ်၊ ဒါကုန်ရင်တော့ အိမ်ပြန်တော့မှာပါ။

သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ ကိုယ်လှမ်းဖုန်းဆက်လို့ ကုန်တော့မယ်၊ ပြီးခါနီးပြီ အိမ်ပြန်တော့မှာလို့ ပြောပြီး ဘယ်နှစ်ခါအိမ်ပြန်ရောက်သလဲ စဉ်းစားကြည့်လိုက်ပါဦး။ ဒါလည်း ရွှီးခြင်းတစ်မျိုးပေါ့။

Ref:marieclaire.com
trend myanmar

ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းလေယာဉ် MH370 အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား trailer ထွက်ရှိ


ဒီနှစ်အစောပိုင်းက ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကား ‘The Vanishing Act’ ရဲ့ trailer ထွက်ရှိလာပါပြီ။

အိန္ဒိယဒါရိုက်တာ Rupesh Paul ရိုက်ကူးတဲ့ ဒီဇာတ်ကားဟာ ဒီနှစ် ကိန်းစ်ရုပ်ရှင်ပြပွဲမှာ ပြသဖို့ ရွေးချယ်ခံထား ရပြီး ဇာတ်ကားပိုစတာမှာတော့ ‘ ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ရဲ့ လူမသိဇာတ်ကြောင်း’ လို့  ဖော်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းမှာ ကမ္ဘာတစ်ခုလုံး မှင်တက်စေခဲ့တဲ့ မလေးရှားလေယာဉ်ပျောက်ဆုံးမှုအပြီး Paul ဟာ မလေးရှားဂျာနယ်လစ်တစ်ယောက်နဲ့ တွေ့ ဆုံခဲ့ရပြီး လေယာဉ်ဘယ်လိုဖြစ်ခဲ့သလဲဆိုတဲ့ သီအိုရီကို ဂျာနယ်လစ် က ပြောပြခဲ့ရာကစလို့ ဇာတ်ကားရိုက်ကူးဖို့ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်းအတွက် Paul ဟာ ရက် ၂၀ အချိန်ယူခဲ့ရပြီး ဒီသီအိုရီနဲ့ ဇာတ်သိမ်းမှာဖြစ်တယ်လို့  သိရပါတယ်။  ဒီသီအိုရီကို ပြောပြခဲ့တဲ့ ဂျာနယ်လစ်ကို အခုအချိန်ထိ အမည်မဖော်ပြသေးဘဲ သူဟာ ဒီဇာတ်ကားရဲ့ အဓိကရင်းနှီးထည့်ဝင်သူတစ်ဦးလည်းဖြစ်တယ်လို့ Paul က ပြောပြခဲ့ပါတယ်။

ဘုံဘေမှာ ဆိုက်ကပ်ထားတဲ့ Aerobus လေယာဉ်တစ်စီးပေါ်မှာ trailer ကို ခြောက်ရက်ကြာ ရိုက်ကူးခဲ့ရပြီး ဒီဇာတ်ကားအတွက် သရုပ်ဆောင်ပေါင်း ၂၀၀ ကျော်လိုအပ်မယ်လို့ Paul က ဆိုခဲ့ပါတယ်။ လာမယ့် သြဂတ်စ် လမှာ ထုတ်လွှင့်နိုင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

Variety မဂ္ဂဇင်းက တွေ့ ဆုံခဲ့ရာမှာ “ လူတွေက ကျွန်တော့်ကို တစ်ချက်မေးကြတယ်။ ခင်ဗျားက ဒီသီအိုရီကို ပြောနေပြီး ဥပမာ ရုတ်တရက် လေယာဉ်ကြီးကို ပြန်တွေ့ တယ်ဆိုပါစို့ ။ ပြီးတော့ ခင်ဗျား သီအိုရီနဲ့ လည်း လုံးဝ တစ်လွဲဖြစ်နေတယ်။ ခင်ဗျား ရင်းနှီးမြှပ်နှံမှုတွေ အကုန် ရေစုန်မျောမှာနော်တဲ့။ ဟုတ်ပါတယ် ကျွန်တော်တို့  အရူးကြီးတွေ ဖြစ်သွားလိမ့်မယ်။ ဒါဟာ ကျွန်တော်ရင်ဆိုင်နေရတဲ့ အကြီးဆုံး စိန်ခေါ်မှုပါပဲ” လို့ Paul က ပြောပြခဲ့ပါတယ်။

ဒီဇာတ်ကားကြောင့် လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေ နဲ့ မိသားစုဝင်တွေ ထိခိုက်နစ်နာမှုမရှိစေရဘူးလို့  လည်း သူက အာမခံခဲ့ပါတယ်။

“ ကမ္ဘာပေါ်မှာ ရှိတဲ့လူအကုန်လုံး ဘာဖြစ်သွားခဲ့လဲဆိုတာ သိချင်ကြမှာပါ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Kamasutra 3 D ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ Rupesh Paul ဟာ သူ့ ဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ သေနတ်တွေ ဂြိုလ်သားတွေ လည်း ပါဝင်မှာမဟုတ်ပါဘူးတဲ့။


Ref: Metro.co.uk
trend myanmar

ယာယီတက်တူးတွေမထိုးကြစေဖို့ FDA (အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေး) သတိပေး


ယာယီတက်တူးတွေ မထိုးကြစေဖို့ FDA (အစားအစာ နဲ့ ဆေးဝါး ကွပ်ကဲရေး) က သတိပေးပြောကြားလိုက်ပါတယ်။

ဆက်လက်ခေတ်စားနေတဲ့ ယာယီတက်တူးတွေဟာ မနာကျင်စေဖို့ နဲ့ သေရာပါ မင်မဆွဲသွားစေဖို့ လွယ်ကူတဲ့ ရွေးချယ်စရာ တစ်ခုလို့ ထင်ရကောင်းထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ယာယီတက်တူးတွေဟာ အန္တရာယ်မကင်းကြောင်း ယာယီတက်တူးထိုးကြသူတွေကို FDA က သတိပေးနေပါတယ်။ ယာယီတက်တူးတွေဟာ ဓာတ်မတည့် တုံ့ပြန်မှုတွေ ဖြစ်စေနိုင်တယ်လို့  FDA တာဝန်ရှိသူတွေက အဖွဲ့အစည်းရဲ့ ၀ဘ်ဆိုဒ်မှာလုပ်ခဲ့တဲ့ နှီးနှောဖလှယ်ပွဲမှာ သတိပေးပြောကြားခဲ့ပါတယ်။

“ယာယီတက်တူးထိုးသူတွေအနေနဲ့ ဖြစ်လာတဲ့ ဓာတ်မတည့်တဲ့ လက္ခာပြချက်တွေကို အစိုးရဆီတင်ပြပေးဖို့ FDA က မေတ္တာရပ်ခံထားပါတယ်။” လို့ အလှကုန် နှင့် အရောင် FDA ရုံးက အရေပြားပညာရှင် Katherine Hollinger ကပြောခဲ့ပါတယ်။ တစ်နှစ်ကို ဓာတ်မတည့်တဲ့ လက္ခဏာပြသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ FDA က လောလောဆယ် အချက်အလက်တစ်စုံတရာ မထုတ်ပြန်နိုင်သေးပါဘူး။

“ယာယီတက်တူးကြောင့်သော်လည်းကောင်း၊ အလှကုန်ပစ္စည်းတစ်ခုခုကြောင့်သော်လည်းကောင်း ဓာတ်မတည့်တဲ့လက္ခဏာ တစ်စုံတစ်ရာ ပြလာခဲ့ရင် FDA က သင့်ကို သိစေချင်တဲ့ အချက်တွေ ရှိပါတယ်။” လို့ သူမက ပြောပါတယ်။

Ref:foxnews.com
trend myanmar

ချုံကိုမီးရှို့ရာကနေ ပျုခေတ်လက်ရာလို့ ယူဆရတဲ့ ရဟန္တာ ရုပ်တုတော်တွေနဲ့ စေတီ၊ သိမ်တွေကို တွေ့ရှိ



ချုံကိုမီးရှို့ရာကနေ ပျုခေတ်လက်ရာလို့ ယူဆရတဲ့ ရဟန္တာ ရုပ်တုတော်တွေနဲ့ စေတီ၊ သိမ်တွေကို ပဲခူးတိုင်း အနောက်ပိုင်း ရွှေတောင်မြို့မှာ တွေ့ရှိခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်ထားပါတယ်။ ရိုက်ကူး မင်းညို

DVB TV News



လူနေအိမ် ရေကူးကန်ထဲထိ ကျူးကျော်ဝင်လာသည့် မိကျောင်း အဖမ်းခံရ


အမေရိကန် နိုင်ငံတွင် လူနေအိမ် ခြံဝင်းအတွင်းထဲထိ အလည်လွန် ကျူးကျော်လာသည့် မိကျောင်းတစ်ကောင်အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖလော်ရီဒါမှ ဂျွန်ဘန်တေးနှင့် ရှရွန်ဘန်တေးတို့ ဇနီးမောင်နှံသည် နံနက် အရုဏ်မတက်မီတွင် ခြံထဲရှိ ရေကူးကန်အတွင်းမှ ဆူဆူညံညံ အသံများကို ကြားခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသား ကြောက်ကြောက်လန့်လန့် သတိကြီးကြီးဖြင့် ထွက်ကြည့်ကြသည့်အခါ ဖိတ်ခေါ်မထားသည့် (၈)ပေ၊ (၃)လက်မ အရှည်ရှိ ဧည့်သည်တော်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ မည်သည့်နေရာမှ ရောက်လာမှန်း အသေအချာ မသိရသေးသည့် သားစားသတ္တဝါကြီးမှာ ရေကူးကန်ထဲတွင် ဆော့ကစား ပျော်မြူးလျှက် ရှိသည်။


ထို့နောက် ရှရွန်တို့၏ ဖုန်းဆက် သတင်းပေးမှုကြောင့် ဖလော်ရီဒါ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ယင်းမိကျောင်းမကြီးကို လာရောက် ဖမ်းဆီးသွားခဲ့သည်။ ၎င်းသည် မိကျောင်းမွေးမြူရေး စခန်းတစ်ခုသို့ ပို့ဆောင်ခြင်း ခံရမည် ဖြစ်သည်။ “အိပ်ရာက ထကြည့်တော့ ရေကူးကန်ထဲမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ပေါလောပေါ်နေတာ သတိထားမိတယ်”ဟု ရှရွန်က ဆိုသည်။ သူမက ထိုအရာသည် မိကျောင်းကြီးမှန်း သိလိုက်သည်နှင့် အိမ်ထဲပြန်မရောက်မီ မိမိ အကိုက်ခံရတော့မည်ဟု တွေးတော ကြောက်ရွံ့ခဲ့ကြောင်းလည်း ဖွင့်ဟခဲ့သည်။

ဂျွန်က “ပထမတော့ ရှရွန်ပဲ ထကြည့်တာ။ ပြီးတော့ ကျွန်တော့်ကို အသည်းအသန် လာနှိုးတယ်။ ရေကူးကန်ထဲ မိကျောင်းရောက်နေလို့တဲ့။ ကျွန်တော်လည်း အိပ်တစ်ဝက်၊ နိုးတစ်ဝက်နဲ့ ထလိုက်သွားပြီး အဲဒီကောင်ကြီးကိုတွေ့မှ မျက်လုံးပြူးသွားတာ”ဟု ပြောကြားခဲ့သည်။ မိကျောင်းကြီး ဖောက်ဝင်လာသည့်အတွက် ရေကူးကန်ဘေးမှ အကာအကွယ် ဖျင်စမှာမူ ပြန်ချုပ်ရတော့မည် ဖြစ်သည်။ “ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ ဒါက ပြောစရာ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်သွားပြီလေ။ လူတိုင်းဒါမျိုး ကြုံဖူးဖို့ လွယ်တာမှ မဟုတ်ဘဲ”ဟု ရှရွန်က ရယ်ရယ်မောမော မှတ်ချက်ပြုသွားသည်။



MH370 ကို မှားယွင်းပစ်ချခဲ့ခြင်းဟု စာအုပ်တစ်အုပ်တွင် ခန့်မှန်းရေးသားထား


ပျောက်ဆုံးနေသော MH370 လေယာဉ်နှင့် ပတ်သက်ပြီး ထင်ကြေးဆန်ဆန် ရေးသားထားသည့် စာအုပ်တစ်အုပ်ကြောင့် သက်ဆိုင်ရာ မိသားစုများ ဒေါသထွက် စိတ်အနှောင့်အယှက်ဖြစ်မည့် အခြေအနေမျိုး ကြုံလာဖွယ် ရှိနေသည်။ မတ်လ (၈)ရက်နေ့က မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းရင်း ထူးဆန်းစွာ ပျောက်ဆုံးသွားပြီး ထိုစဉ်ကတည်းက လေယာဉ်နှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက် အစအနမျှ ရှာမတွေ့တော့ချေ။ ယခုထွက်ရှိလာသည့် MH370: The Mystery အမည်ရှိ စာအုပ်တွင် စာရေးသူ နီဂယ်လ်ကော်သွန်းက ယင်းလေယာဉ်သည် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်တွင် မှားယွင်းပစ်ချခံရခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားထားခဲ့သည်။


MH370၏ ဖြစ်ရပ်ကို အခြေခံ လေ့လာပြီး ဖြစ်နိုင်ခြေများကို ခန့်မှန်းရေးသားထားသည့် စာအုပ်အတွင်း၌ လေယာဉ်ပျံသန်းနေစဉ် အဆိုပါ ဒေသအတွင်း စစ်ရေးလေ့ကျင့်နေသည့် ထိုင်းနှင့် အမေရိကန် တိုက်လေယာဉ်များ၏ ပစ်မှတ်ဖြစ်သွားခြင်းဟု ယူဆနိုင်ကြောင်း ပါရှိသည်။ ထို့အပြင် စာရေးသူက လေယာဉ်တွင် အသုံးပြုထားသည့် Software စနစ်များမှာ ရိုးရှင်းပြီး ခေတ်နောက်ကျလွန်းကြောင်းလည်း စွပ်စွဲသုံးသပ်ထားသည်။ လတ်တလောတွင် အဆိုပါစာအုပ် ထွက်ရှိလာခြင်းမှာ သဘောထားကွဲလွဲစရာ အခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာစေသည်။ လေယာဉ်ပျောက်ဆုံးသော အချိန်တွင် အဆိုပါဒေသရှိ ရေပြင်ထက်၌ အမေရိကန်နှင့် ထိုင်းလေတပ်မှ တိုက်လေယာဉ်များ ပူးပေါင်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စာအုပ်တွင် ဖော်ပြပါရှိသည်။

အဆိုပါ စာအုပ်တွင် MH370နှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေပေါင်း ရာနှင့်ချီ ဖော်ပြပါရှိသည်။ စာရေးသူက “လေယာဉ်ပေါ် ပါသွားသူတွေဟာ သူတို့ရဲ့ ကံကြမ္မာကို အနာကျင် အထိခိုက်မရှိ ရင်ဆိုင်သွားရသလား၊ ဘာမှမသိလိုက်ဘဲ ဖြစ်ပျက်သွားတာလား။ ဒါမှမဟုတ် ဧရာမ မီးတောင်ကြီးထဲမှာ သေဆုံးသွားတာလား။ အရူးတစ်ယောက်ယောက်ကြောင့် ပျက်ကျသွားတာလား” အစရှိသည့် မေးခွန်းထုတ်မှုများ ပါရှိနေရာ ကျန်ရစ်သူ မိသားစုများအတွက် စိတ်သောက ပိုမိုကြီးမားအောင် နှိုးဆွပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခံနေရသည်။

Planet Myanmar Network

တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီနှစ်အတွင်း လွှတ်တော်အတွင်းကနေ ပြုပြင်နိုင်အောင် တပ်မတော်သားအားလုံးလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
တပ်မတော်အနေနဲ့ နေရာမှန်နေဖို့ တိုက်တွန်းလိုက်ပီး တိုင်းပြည်အတွက် စွန့်လွှတ်နိုင်မှုကို ကမ္ဘာသိအောင်ပြသဖို့ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်နှစ်ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်က အခွင့်ထူးခံယူထားတကို ရှက်စရာအဖြစ် ထောက်ပြပြီး ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းနေတာပါ။

မန္တလးမြို့ အောင်ပင်လယ်ကွင်းမှာ မေလ ၁၈ ရက်နေ့က ဟောပြောပွဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေနဲ့ တိုင်းပြည်ကို ချစ်တယ်ဆိုရင် ဘယ်လောက်အထိ တိုင်းပြည်အတွက် စွန့်လွှတ်ရဲသလဲဆိုတာ တကမ္ဘာလုံးသိအောင် ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်က စိန်ခ်ါခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ကိုယ်နဲ့ထိုက်တန်တဲ့အလုပ်ကိုသာ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ပြည်သူကို ပေးတဲ့ကတိတွေကို မတည်သူတွေကို ခေါင်းဆောင်နေရာမှာ မထားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီပါတီက မေလ ၂၇ ရက်မှာ စတင်ပြုလုပ်မယ့် ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှုမှာ ပါဝင်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။ အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေကို ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်နဲ့မန္တလေးမှာကျင်းပတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို စုစည်း တင်ဆက်ပေးထားပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



DVB Burmese 

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကယားပြည်နယ် အဖွဲ့ပေါင်းစုံ ဆွေးနွေး


၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မှသာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်နိုင်မယ့်အကြောင်း ကယားပြည်နယ်အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ကယားပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ မေ ၁၆ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ တွေ့ဆုံဆွေးနွေး ခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစ၊ အလယ်၊ အဆုံး ဒါမှမဟုတ် အသစ်ပြန်လည်ပြင် ဆင်ရေးဆွဲခြင်း မပြုနိုင်သရွေ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ ကယန်းပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးး ဗိုလ်မှူးစောလွင်က ကယားပြည်နယ်ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ၂၀၀၈ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဟာ တိုင်းသူပြည်သားတို့ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်မူမျိုး မဟုတ်လို့ ပြင်ဆင်သင့်ကြောင်း ဗိုလ်မှူးစောလွင်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ခေါင်းဆောင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ဖို့ ပြဋ္ဌာန်းထားတာ၊ လွှတ်တော်အဆင့်ဆင့်မှာ တပ်မတော်သားကိုယ်စားလှယ်တွေ လေးပုံတပုံပါဝင်တာတွေဟာ စစ်အာဏာရှင်စနစ်ကို သက်စိုးရှည်စေတဲ့အတွက် ပြင်ဆင်ဖို့ လိုအပ်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့် ပြည်သူကလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အစိုးရနဲ့ တပ်မတော်က မလိုလားဘူးဆိုတာကို မြင်တွေ့နေရတဲ့အတွက် ပြည်သူလူထုအနေနဲ့ ပိုပြီးတော့ သတိဝိရိယရှိဖို့၊ ပိုပြီးတော့ စည်းလုံးညီညွတ်မှုရှိဖို့နဲ့ သတ္တိရှိကြဖို့ ဗိုလ်မှူးစောလွင်က တိုက်တွန်းပြောကြား သွားပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ဒုဥက္ကဋ္ဌ ခူဦးရယ်ကလည်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မှုအခြေအနေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေအကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပြီး လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း တိုက်ပွဲတွေဖြစ်နေကြောင်း သုံးသပ်ပြောဆိုသွားပါတယ်။

ဒါ့အပြင် အနာဂတ်နိုင်ငံရေးမှာ ၈ ပြည်နယ်ဖြစ်စေ၊ ၁၄ ပြည်နယ်ဖြစ်စေ အငြင်းပွားစရာမရှိဘဲ ပင်လုံစိတ်ဓာတ် အခြေခံတဲ့ ပင်လုံညီလာခံခေါ်ယူပြီးမှ ဆုံးဖြတ်ဖို့ဖြစ်ကြောင်း၊ ကယားပြည်နယ်ဆိုတဲ့ အမည်ကိုတော့ မူလ ကရင်နီပြည်အဖြစ် ပြန်လည်ခေါ်ဆိုရေးနဲ့ အင်္ဂလိပ်ခေတ်ကြောင့် အခြားပြည်နယ်ထဲမှာ ပါဝင်သွားတဲ့ ကယန်းဒေ သတွေပါ ပေါင်းစပ်ပါဝင်ရေးတွေလည်း ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်၊ ထုတ်ပြန်ချက် တစုံတရာ မချမှတ်ခဲ့ပေမယ့်လည်း ပြည်နယ်ထဲမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံတို့ရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တူညီတဲ့ သဘောထားတွေ ဖော်ထုတ်ခဲ့တယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ခွန်းဘီတူးက ပြောပါတယ်။

ဒေသတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ငြိမ်းချမ်းရေးပေါ်သုံးသပ်ခြင်း လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို ကရင်နီလူငယ်များသမဂ္ဂက ကမကထပြု ကျင်းပခဲ့ပြီး ကယားပြည်နယ်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီ ၆ ဖွဲ့၊ ကေအန်ပီပီ၊ ကယားပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးပါတီ၊ ကရင်နီပြည်ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းပြည်သစ်ပါတီ စတဲ့ လက်နက်ကိုင်အဖွဲ့ကိုယ်စား လှယ်တွေအပြင် အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့နဲ့ လူမှုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်



DVB Burmese 

မြန်မာနိုင်ငံသားတဦးထံမှ ဘိန်းဖြူ ၄ ကီလိုဂရမ်ကျော် ဖမ်းမိ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံသားတဦးဆီက ကာလတန်ဖိုး ဘတ် ၁၂ သန်းကျော်ရှိ ဘိန်းဖြူ အလေးချိန် ၄ ဒဿ မ ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

နယ်မြေထဲ မူးယစ်ကုန်သည်တွေ ၀င်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ မယ်ဆိုင်မြို့မ ရဲစခန်းက ဒုရဲမှူးကြီး နတ်တနိုင်း လောဝ်နန့်တ်နဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မသင်္ကာတဲ့ နေရာတွေ ၀င်ရောက်စစ်ဆေးရာမှာ မေလ ၁၈ ရက် ည ၈ နာရီကျော်က မယ်ဆိုင်မြို့ ပါယန်းရပ်ကွက်က အိမ်တအိမ်မှာ ၀င်ရောက်တည်းခိုနေ သူ မြန်မာတဦးထံကနေ ဘိန်းဖြူတွေ ဖမ်းမိတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်းအွန် (အသက် ၄၀) နှစ်က ဖြောင့်ချက်ပေးရာမှာ သူဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့ကဖြစ်ပြီး အဲဒီ ဘိန်းဖြူတွေကို ထိုင်းနိုင်ငံဘက်ခြမ်းကို သယ်ဆောင်ပေးဖို့ ဘတ် ၁ သိန်းနဲ့ လားဟူ မူးယစ်ကုန်သည်အဖွဲ့တွေက ငှားရမ်းခဲ့တယ်လို့ဆိုပါတယ်။

သူ့ကို မူးယစ်ဆေးဝါးဥပဒေအရ ဆက်လက် အရေးယူသွားမှာဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ ကွင်းဆက်တွေ လိုက်လံစုံစမ်းစစ်ဆေးနေတယ်လို့ ဒုရဲမှူးက သတင်းထောက်တွေကို ပြော သွားပါတယ်။

DVB Burmese 

မြန်မာ-၀မ်ဘောင်ကုမ္ပဏီ တရုတ်ဝန်ထမ်း ၂ ဦး ပြန်လွတ်


မြန်မာ-၀မ်ဘောင်ကုမ္ပဏီရဲ့ ၀န်ထမ်းနှစ်ဦးကို ထိန်းသိမ်းထားရာကနေ ဒီနေ့ ညနေ ၆ နာရီမှာ ပြန်လည်လွတ်ပေးလိုက်ပြီလို့ ဆည်တည်းရွာက ပြောဆိုခွင့်ရှိသူ မ၀င်းဝင်းဌေးက ပြောပါတယ်။

သူတို့အနေနဲ့ ခေတ္တထိန်းသိမ်းခဲ့တာသာဖြစ်ပြီး ပြန်ပေးဆွဲတာမဟုတ်သလို ရိုက်နှက်ခြင်းလည်း မရှိဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်း ကြေးနီစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီရဲ့ တရုတ် နိုင်ငံသား ၂ ဦးကို ဆည်တည်းကျေးရွာဟောင်းမှာ ရွာသူရွာသားတွေက ဖမ်းဆီးထိန်းသိမ်းထားတာပါ။

မေ ၁၈ ရက်နေ့ မနက်ပိုင်းလောက် သတ္တုတူးဖော်ရေးစီမံကိန်း တောင်ဘက် ဆည်တည်းရွာရဲ့ အရှေ့မြောက်ဘက်မှာ ဆန်းစစ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ သွားရောက်ရာမှာ တရုတ် ၀န်ထမ်း ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

အခုလို ပြန်လွှတ်ပေးလိုက်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆည်တည်းရွာသူ မ၀င်းဝင်းဌေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

အပြည့်အစုံ နားဆင်ရန်



DVB Burmese 

ချစ်သူက အနုညာ လောကထဲကမို့ နားလည်မှု ရှိပါတယ်ဟု ဆိုလာသူ ချစ်စနိုးဦး


Written by မြင့်မြင့်စိုး

အနုပညာရှင် အချင်းချင်း ချစ်သူတွေဖြစ်ကြတဲ့အတွက် နားလည်မှုက အခြားချစ်သူတွေ ထက်ပိုပါတယ် ဟု ချစ်စနိုးဦးက ၎င်း၏ ချစ်သူနှင့် ပတ်သက်ပြီး မဇ္ဈိမသို့ပြောသည်။

ချစ်စနိုးဦးသည် လက်ရှိတွင် အနုပညာလော ကထဲမှ အဆိုတော်တစ်ဦးနှင့် ချစ်ကြိုက်နေသူ တစ်ဦးဖြစ်ပြီး လက်ထပ်ရန်အတွက် အချိန်များစွာ လိုသေးသည်ဟုပြော သည်။

၎င်းရွေးချယ်ထားသည့် အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး ချစ်စနိုးဦးက “အဓိကက ချစ်ရမယ်။ သစ္စာရှိရမယ်။ ယောင်္ကျားပီသရမယ်။ အနုပညာအလုပ်ကို နားလည်ပေးနိုင်ရမယ်။ သူ့ကို သဲသဲက အရမ်းချစ်လည်း ချစ်ပါတယ်။ သူနဲ့ပတ်သက်ပြီး အကုန်လုံးလည်း သိပြီးသားဖြစ်ပါတယ်။ အနုပညာရှင် အချင်းချင်းဖြစ်တဲ့ အတွက် အရမ်းလည်း နားလည်မှုရှိပါတယ်။ ဘယ်တော့ လက်ထပ်မလဲ ဆိုတာတော့ ခန့်မှန်းခြေ ပြောလို့မရအောင် လိုပါသေးတယ်” ဟုချစ်စနိုးဦးက ပြောသည်။

ချစ်စနိုးဦးသည် လက်ရှိတွင် ဇာတ်ကားရိုက်ကူး မှုများထက် နယ်များတွင် သီချင်းသီဆိုမှုကသာ များပြားနေသူဖြစ်ရာ “လတ်တလော သီချင်းဆိုဖြစ်တာ များနေတယ်။ ခုကပွဲရာသီ ဆိုတော့လေ။ ကားရိုက်က ရိုက်တော့ရိုက်ပါတယ်။ သီချင်းဆိုတဲ့ဘက်မှာ ရက်တွေကပေးထားတော့ ကားရိုက်ခါနီးမှ ရက်လာတောင်း တော့ မပေးနိုင်တော့ဘူး။ မရိုက်ဖြစ်တော့ တာတော့မဟုတ်ပါဘူး။ ခုလောလောဆယ်တော့ ချိတ်ထားတာ တောင်မရှိသေးဘူး” ဟုပြောသည်။

ချစ်စနိုးဦးသည် ဒါရိုက်တာ၊ သရုပ်ဆောင် မင်းအုပ်စိုး ရိုက်ကူးခဲ့သည့် ရင်ကွဲနာဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ဂီတပိုင်းတွင်လည်း ခိုနားခွင့်ပေးပါ ဟုအမည်ပေးထားသည့် တစ်ကိုယ်တော် တေးစီးရီးအပြင် အတွဲခွေ များစွာတွင်လည်း ပါဝင်သီဆိုထားသော အဆိုတော်တစ်ဦး ဖြစ်သည်။

Mizzima Burmese

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်- နေပြည်တော် အမြန် လမ်းမကြီး ကြံ့ခိုင်မှု အခြေအနေ ကြည့်ရှု စစ်ဆေး


နေပြည်တော် မေ ၁၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး အတိုင်း ထွက်ခွာလာပြီး အမြန် လမ်းမကြီး တစ်လျှောက် လမ်း၊

ကျောက်တန်းမြို့နယ်၌ ဘုန်းကြီးကျောင်းဆောင် မီးလောင်မှုဖြစ်


ရန်ကုန်၊ မေ ၁၉

၁၉.၅.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန် ကျောက်တန်းမြို့နယ်၊ တံတား
မြို့နယ်ခွဲ၊ ရပ်ကွက်(၃)၊ အေးစေတီ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ
နှစ်ထပ်ကျောင်းဆောင်အပေါ်ထပ်ဘုရားခန်းတွင် မီးပူဇော်ထားရှိသော
လျှပ်စစ်ဝါယာကြိုးမှ ရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ရပ်ကွက်နေ
ပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ၀၉၅၀အချိန်တွင် မီးငြိမ်း
သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်(၁)ဆောင် မီးလောင်ကျွမ်းခဲ့ပြီး တန်ဘိုးငွေကျပ် (၇၂၉၀၀၀)ခန့်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဂေါပကဥက္ကဌ ဦးအောင်မြင့်၊
(ဘ)ဦးလှသောင်းအား ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်း
(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

သန်လျင်မြို့နယ်၌ လူသတ်မှုဖြစ်


ရန်ကုန်၊ မေ ၁၉

၁၇.၅.၂၀၁၄ရက်နေ့ ၂၁၅၀အချိန်ခန့်တွင် သန်လျင်မြို့နယ်၊ သဲဖြူချောင်း
ကျေးရွာနေ မအေးငွေမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုညိုဝင်းမှာ အရက်သေစာသောက်စားမူးယစ်၍ ရောက်ရှိလာပြီး
လေးခွဖြင့်ထုရိုက်သဖြင့် နေအိမ်မှထွက်ပြေးခဲ့ရာ တရားရိပ်သာဝင်း
အတွင်းရောက်ရှိနေခဲ့ကြောင်း၊ ထိုစဉ် ခင်ပွန်းဖြစ်သူအရိုက်ခံရကြောင်း
ကြားသိရသဖြင့် နေအိမ်သို့သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ ကိုညိုဝင်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပြီး
မောင်ဖြစ်သူအေးထွန်းမှ ယင်းသို့ဖြစ်ပွားခဲ့သည်ကိုဟန့်တားပြောဆိုရာ
မှ ခင်ပွန်းဖြစ်သူနှင့်ခိုက်ရန်ဖြစ်ပွားကြောင်း၊ ထိုသို့ခိုက်ရန်ဖြစ်ပွားစဉ်
အေးထွန်းမှ သစ်သားတုတ်ဖြင့်ရိုက်နှက်ခဲ့၍ ဒဏ်ရာရရှိခဲ့ခြင်း
ဖြစ်ကြောင်းသိရှိရပြီး ခင်ပွန်းဖြစ်သူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်
ကုသခဲ့ရာ ၁၈.၅.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် ရရှိသောဒဏ်ရာ
ဖြင့် သေဆုံးသွားကြောင်းနှင့် အေးထွန်းအား အရေးယူပေးရန်
တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ သန်လျင်မြို့မရဲစခန်း(ပ)၃၄၀/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ အေးထွန်း၊(၂၈)နှစ်၊ (ဘ)ဦးသောင်းရွှေအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ကမ္ဘာ့ သရဲအခြောက်ဆုံး နံပါတ် (၁) နေရာမှာရှိသော ဆေးရုံကြီး


ကမ္ဘာ့သရဲအခြောက်ဆုံး နံပါတ် (၁)နေရာမှာရှိနေတဲ့ အဆောက်ဦးဟာ Beechworth Lunatic Asylum လို့ခေါ်တဲ့ ဆေးရုံဟောင်းကြီးတစ်ရုံပဲဖြစ်ပါတယ်။

အန္တာတိက ရေခဲပြင် အရေပျော်မှု ၂ ဆတိုး

ရေခဲပြင် အရေပျော်မှု လွန်ခဲ့တဲ့ ၄ နှစ်ကထက် ၂ ဆနှုန်း ပိုများနေ

ကမ္ဘာ့ တောင်ဝင်ရိုးစွန်း အပိုင်းဖြစ်တဲ့ အန္တာတိက ဒေသ ရေခဲပြင်တွေ အရည် ပျော်မှုဟာ နှစ်စဉ် တန်ချိန် ၁၆၀ ဘီလျံ လောက်ရှိနေပြီး ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်က လေ့လာ တွေ့ရှိချက်ထက် ၂ ဆလောက် များနေတယ်လို့ အစီရင်ခံစာ တစ်ခုက ဆိုပါတယ်။

ဒီအတွက် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုနဲ့ ကမ်းခြေဒေသ နေထိုင်သူတွေကို ထိခိုက်မှုတွေ ဖြစ်စေတယ် လို့လည်း အစီရင်စာက ပြောပါတယ်။

ဥရောပ အာကာသ အေဂျင်စီရဲ့ Cryosat အာကာသယာဉ်က ရေဒါကနေ အဲဒီ ရေခဲပြင်တွေ ပြောင်းလဲတာကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အမေရိကန် အာကာသ လေ့လာရေး အေဂျင်စီ နာဆာရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သုတေသနပြုချက်မှာလည်း အန္တာတိက ရေခဲတောင်ကြီးတွေ အားလုံး အရည်ပျော်သွားမယ် ဆိုရင် ပင်လယ် ရေမျက်နှာပြင်ဟာ ၁ မီတာ ကျော် မြင့်တက် လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

bbc burmese

HIV ပိုး ဆန့်ကျင်နိုင်သော ပရိုတင်းများကို သြစတေးလျ သန္တာကျောက်တန်းများတွင် တွေ့ရှိခဲ့


HIV ဗိုင်းရပ်ကို ခုခံအား T ဆဲလ်တွေထဲကို ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်သော ပရိုတင်း အမျိုးအစားများကို သြစတေးလျနိုင်ငံရဲ့ ကမ်းလွန် သန္တာကျောက်တန်းတွေမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ဒီသန္တာကျောက်တန်းကရတဲ့ ပရိုတင်းတွေကို လိင်ကိစ္စတွေမှာ အသုံးပြုတဲ့ ချောဆီ၊ ကွန်ဒုံးတွေမှာ ထည့်သွင်း အသုံးပြုခြင်းအားဖြင့် HIV ပိုး ကူးစက်ခြင်းကို ရာခိုင်နှုန်း တစ်ခုအထိ လျှော့ချနိုင်မယ်လို့ ဆေးပညာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သုတေသီ Barry O Keefe က ဒီလို အာနိသင်ရှိတဲ့ ပရိုတင်းကို တွေ့ရှိတာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းနဲ့ ယခု သန္တာကျောက်တန်းမှရတဲ့ ပရိုတင်းကို cnidarins လို့ခေါ်ဆိုကြောင်း ရှင်းပြ ခဲ့ပါတယ်။
သြစတေးလျနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းလွန်ဒေသမှာ တွေ့ရှိရတဲ့ cnidarins မှာ အဲဒီလို အာနိသင်ရှိကြောင်းကို သြစတေးလျနိုင်ငံ၊ အမျိုး သားကင်ဆာနဲ့ ဗိုင်းရပ်ပိုးဆိုင်ရာ အင်စတီကျုက သူ့မှာပါဝင်တဲ့ ထောင်နဲ့ချီတဲ့ သဘာဝ ပစ္စည်းတွေကို စစ်ဆေးသုံးသပ်ပြီးမှ ယခုလိုကြေညာနိုင်ခြင်း ဖြစ်ပါတယ်။ ဒီပရိုတင်းက HIV ပိုး ကူးစက်ခြင်းနဲ့ ခုခံအားစနစ်ကို ထိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ် နိုင်မှုတွေကြောင့် ကာကွယ်ဆေးများမှာလည်း အသုံးပြုနိုင်ချေ ရှိမရှိကို ဆက်လက် လေ့လာနေကြပါတယ်။
မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်
Health Updates Journal

သမ္မတအရည်အချင်းနဲ့ ပါတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို လွဲမချကြပါနဲ့


ခုတလော အခြေခံဥပဒေပြင်ရေး-အသစ်ရေးဆွဲရေးအသံတွေ ၊ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုလိုက်တဲ့ အသံတွေဆူညံနေပါတယ်၊
အခြေခံဥပဒေပြင်ရေး-အသစ်ရေးဆွဲရေးအသံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ဘာမှ ထင်မြင်ချက် မပေးလိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့သမ္မတ ဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုလိုက်တဲ့ အပေါ်အနာပေါ်တုတ်ကျဆိုသလို NLDအပေါ်ဟန်ဆောင်ပြုံးနေကြတဲ့ ကြံ့ခိုင်ရေးလူကြီးမင်းများ အလန့်တကြားနဲ့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာဆိုသလို လိုက်ကာနေတဲ့ စကားတွေ ကြားရတော့ ရယ်ရမှာလိုလို ငိုရမှာလိုလိုဖြစ်လာမိပါတယ်၊

ကြံ့ခိုင်ရေးလူကြီးမင်းတစ်ယောက်ပြောတာက ပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက်ကြောင့် အခြေခံဥပဒေ မပြင်နိုင်ဘူးတဲ့၊ အတော်ရယ်စရာကောင်းတဲ့ စကားဖြစ်ပါတယ်၊ ဒီလိုပြောတဲ့ ကြံ့ခိုင်ရေးလူကြီးမင်းကို ကျွန်တော် တစ်ခွန်းပဲ ပြန်မေးလိုက်ချင်ပါတယ်၊ ပုဂ္ဂိုလ်ရေးတစ်ဦးတစ်ယောက်အတွက်ကြောင့် အခြေခံဥပဒေ မပြင်နိုင်ရင် ဘာဖြစ်လို့ ပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက်ကို အခြေခံတဲ့ ဥပဒေ ရေးဆွဲခဲ့ပါသလဲ၊ဖြေပါ.၊ဒါလေးက ရယ်စရာနော်၊ငိုစရာကောင်းတာ ပြောတော့မယ်၊
ငိုစရာကောင်းတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး တိုက်ခိုက်တဲ့နေရာမှာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အရင်ကတည်းက ရှိနှင့်နေပြီးသားဥပဒေဆိုပြီး အခြေခံလူထုတွေကိုနားလှည့် ပါးရိုက် ပြောဆိုနေတဲ့ကိစ္စပါ၊
၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ့ အခြေခံဥပဒေမှာ ဆိုထားတာက ပါလီမန်အမတ်
တစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်စုံရင် သမ္မတ ရွေးချယ်ခံပိုင်ခွင့်ရှိတယ်၊ ပါလီမန်လွတ်
တော် အမတ်ရဲ့ အရွေးချယ်ခံပိုင်ခွင့်မှာက " မည်သည့်ပုဂ္ဂိုလ်မဆို နိုင်ငံခြားအင်အားစုတစ်ရပ်
ကို သစ္စာစောင့်သိသူအဖြစ် အသိအမှတ်ပြုခြင်းခံရသူ (သို့မဟုတ်)ထိုအင်အားစုကို နာခံသူ၊ သို့တည်းမဟုတ် ထိုနိုင်ငံခြားအင်အားစု၏ လက်အောက်ခံပုဂ္ဂိုလ်၊ သို့မဟုတ် နိုင်ငံသားတို့ရရှိခံစားရသည့် တန်းတူအခွင့်အရေးများကို ရပိုင်ခွင့်ရှိသော လက်အောက်ခံ ပုဂ္ဂိုလ်၊သို့မဟုတ်နိုင်ငံသားတို့ ပါဝင်ရွေးချယ်နိုင်ခွင့် မရှိရ" လို့ဆိုထားတာပါ၊ အရပ်စကား လွယ်လွယ်ပြောရရင်
မြန်မာနိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသား(သို့မဟုတ်)နိုင်ငံခြားအထောက်အပံ့ခံစားနေသူ မဖြစ်ရဘူးပေါ့၊ အဲဒါက ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ့ အခြေခံဥပဒေမှာ ဆိုထားတာပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ)မှာကတော့ မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး(သို့မဟုတ်)ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်)ခင်ပွန်းသော်လည်းကောင်း၊နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်)နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်)
တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ
ဖြစ်သူသော်လည်းကောင်း၊တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်
အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရလို့----
ရေးဆွဲထားပါတယ်၊ ဒဲ့ပြောရရင်တော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သမ္မတအရည်
အချင်း သတ်မှတ်ချက်မှာက (ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့တဲ့ အခြေခံဥပဒေမှာ နိုင်ငံခြားသား
မဖြစ်စေရ ဆိုထားပေမယ့်)နိုင်ငံခြားသား မဖြစ်စေရအပြင် နိုင်ငံခြားသား ရဲ့ ဇနီး၊ခင်ပွန်း၊ မိခင်၊
ဖခင် မဖြစ်စေရလို့ တိုးပြီး ရေးဆွဲလိုက်တာပါ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံခြားသား ရဲ့ ဇနီးနဲ့ မိခင် ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရလို့ပဲဆိုရမှာပါ၊အဲဒီလို ဒေါ်အောင်
ဆန်းစုကြည် သမ္မတ ဖြစ်မှာစိုးလို့ ကာကွယ်ရေးဆွဲတဲ့ ဥပဒေကို ပြင်ချင်သူ လူထုတွေ များလာတော့ ဒီဥပဒေကို ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲကတည်းက ပါသလိုလို လူထုကို လိမ်ညာတာမျိုးဟာ နားမလည်တဲ့လူထုအတွက်တကယ့်ကို ငိုချင်စရာဖြစ်နေပါတော့တယ်၊

နောက်ဆုံးပြောချင်တာက အခုလို ဗိုလ်ချုပ်အောင်ဆန်း ကိုလွဲချတဲ့ ကြံ့ခိုင်ရေးလူကြီးမင်းကို ဘာပဲပြိုင်ပြိုင် ဂုဏ်သိက္ခာရှိရှိ ပြောဆို ယှဉ်ပြိုင်စေချင်ပါတယ်၊ဒီလိုမှ မဟုတ်ဘဲ ငါ့စကားနွားရ လူထုကို လိမ်ညာ လှည့်ဖျားမယ်ဆိုရင်တော့ဟုတ်ကဲ့ ၂၀၁၅ရွေးကောက်ပွဲဟာ၂၀၁၀ ရွေးကောက်ပွဲ မဟုတ်တော့ဘူး ဆိုတာ သိထားစမ်းပါလို့ပဲ ကြိုတင် ပြောထားလိုက်ပါရစေတော့ ခင်ဗျာ၊၊

Credit :ဟာဂျူလီ-ကသာ

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြန်လည် ပြင်ဆင်ရေးဆွဲသင့်မသင့် အနုပညာရှင်တို့၏ ရင်ထဲက စကားသံများ


Written by မြင့်မြင့်စိုး

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိနေကြပါတယ်။ ဒါ့ကြောင့်မို့ မဇ္စျိမက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲသင့်မသင့်နဲ့ပတ်သက်ပြီး အနုပညာရှင် များရဲ့ရင်ထဲက ခံစားချက်အမြင်များကို ထုတ်ဖော် လှစ်ဟကြည့်ခဲ့ပါတယ်။

မင်းထင်ကိုကိုကြီး

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အဲဒီ ခုနှစ်တုန်းက ကျွန်တော်တို့ တစ်အိမ်သားလုံး မဲမထည့်ခဲ့ဘူး။ ကျွန်တော်ရဲ့ပတ်ဝန်းကျင်က လူတွေလက်လှမ်းမီ သလောက်ကလဲ မဲထည့်တဲ့ သူမရှိသလောက်ပဲ။ မဲထည့်တဲ့ သူတွေကလည်း အဲဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲ ထည့်တဲ့သူ မရှိဘူး။

အဲဒီတော့ နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက် လက်ထဲကိုပုံအပ် ထားတယ်လို့ ယူဆရတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာအားလုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာထားတဲ့ အခြေခံဥပဒေဖြစ်နေတယ်။ အဲဒီလို ပုံစံနဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်မလာနိုင်ဘူး။

Of The Army, By The Army, For The Army အစိုးရမျိုးဖြစ်နေတယ်။ အဲဒီလို အစိုးရမျိုးမဟုတ်ဘဲ ပြည်သူလူထု လက်ထဲ ဒီမိုကရေစီ ရဖို့ဆိုရင် Of The People , By The People , For The People အစိုးရမျိုးဖြစ်ဖို့ လိုတယ်။ Of The Army, By The Army, For The Army အစိုးရမျိုးဖြစ်နေတဲ့ အခြေခံဥပဒေ ကို ပြင်ဆင်သင့်တယ်။

ကျော်ကျော်ဗို

ဒါက နိုင်ငံရေးနဲ့ ဆိုင်တာဆိုတော့ သေသေချာချာ လေ့လာပြီးမှ ပြောတာပိုကောင်းပါတယ်။ အပြုသ ဘောပြောလို့ရမှ ပြောတာကောင်းပါတယ်။ ပြောရမယ်ဆိုရင် အများစုဆုံးဖြတ်တဲ့ အပေါ်မှာပဲမူတည်ပါတယ်။ ကောင်းမယ်ထင်တဲ့ အတိုင်း လူကြီးတွေဆုံးဖြတ်မှာပါ။ လူကြီးတွေ ဆုံးဖြတ်တဲ့ အပေါ်မှာ ကျွန်တော်ဘာမှ မပြောလိုပါဘူး။

အနဂ္ဂ

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတာ အကောင်းဆုံးပါပဲ။ ဒါမှ ဘက်မျှတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာမှာပါ။ အခုဒီအတိုင်းရှိနေတဲ့ ဥပဒေက ဘက်မမျှတဲ့ ဥပဒေဖြစ်နေတယ်။ ပြည်သူကို အကျိုးမပြုတဲ့ ဥပဒေပေါ့။ ပြည်သူကို အကျိုးပြုတဲ့ ဥပဒေဖြစ်ဖို့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတာ အကောင်းဆုံးပါပဲ။

သျှီ

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာတော့ မလေ့လာထားဘူး။ ဂျာနယ်တွေ၊ အသံလွှင့် ကဏ္ဍတွေကို နားထောင်ကြည့်ရင် အချို့ အချက်တွေက အစ်မတို့ အကြိုက်အရ ပြင်ဆင်သင့်တယ်လို့ ယူဆတယ်။ နိုင်ငံရေးသမားလဲ မဟုတ်တော့ သေချာတော့မသိဘူး။ အစ်မအထင်တော့ ပြင်တာက ပိုကောင်း ပါတယ်။

နိုင်ဇော်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်သင့် မပြင်ဆင်သင့်နဲ့ ပတ်သက်ပြီး ဆောင်းပါး ရေးဖူးတယ်။ အဓိက ပြင်သင့်မပြင်သင့် ဖြစ်နေတာက ရွေးကောက်ပွဲမှာ ဒေါ်စု ဝင်ပြိုင်လို့ရအောင်ဖြစ် နေကြတာပါ။ ကျွန်တော်ပြောချင် တာကတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်လို့ရအောင် အခွင့်အရေး တစ်ခုပေး၊ ပြီးမှ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရင်ပြင်။ အဲဒီလိုဖြစ်စေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ပြီး နေရာတစ်ခုရပြီးမှ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်သင့်တယ်လို့တော့ ထင်ပါတယ်။

ရန်ရန်ချန်း

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ရင် သိပ်တော့နားမလည်ပါဘူး။ ဒါပေမဲ့ အသစ်ပြန်လည်ရေး ဆွဲလိုက်တာတော့ အကောင်းဆုံး ပါဘဲလို့ ထင်ပါတယ် ဟု အနုပညာရှင်တချို့ရဲ့ ဆန္ဒအမှန်ကို တွေ့မြင်ခဲ့ရပါတယ်။

Mizzima - News in Burmese

မေ ၁၇၊ ၂၀၁၄၊ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်



စစ်စကားနဲ့ပြောရမယ်ဆိုရင် ရုတ်သိမ်းခြင်းပေါ့။ သိက္ခာရှိရှိနဲ့ရုတ်သိမ်းခြင်း၊ အိနြေ္ဒရရနဲ့ရုတ်သိမ်းခြင်း၊ သိက္ခာရှိရှိနဲ့အိနြေ္ဒရရနဲ့ပြည်သူလူထုရဲ့ သြဘာကိုခံပြီးတော့ ရုတ်သိမ်းပုံရုတ်သိမ်းနည်းကို မလိုချင်ကြဘူးလားလို့ ကျွန်မက မေးချင်ပါတယ်။


၂၀၁၅ ရွေးကောက်ပွဲမှာနိုင်ချင်လို့လား။ နိုင်ချင်ရင် ပြည်သူ့ရဲ့အသည်းနှလုံးပဲရအောင်လုပ်ရမှာပဲ။ အခြားနည်းတွေတော့ မရဘူးထင်ပါတယ်။ မမျှတတဲ့ရွေးကောက်ပွဲဥပဒေတွေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့နည်းတွေနဲ့ပဲဖြစ်ဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်မယ့်အစား မနိုင်တာကမှ ပိုသိက္ခာရှိတယ်လို့ ကျွန်မပြောချင်ပါတယ်။ နိုင်ပုံနိုင်နည်းဟာလည်း မှန်မှန်ကန်ကန်နဲ့သိက္ခာရှိရမယ်။ ရှုံးပုံရှုံးနည်းဟာလည်း မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရမယ်။


၄၃၆ ကိုပြင်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်တိုးတက်နိုင်လဲဆိုတာ အဓိက တပ်မတော်သားတွေကို စဉ်းစားစေချင်ပါတယ်။ ၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထားတဲ့ပုဒ်မဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ၄၃၆ အရဆိုလို့ရှိရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက် မရှိပဲနဲ့၊ အခြေခံဥပဒေထဲက အဓိကပုဒ်မတွေကို ပြင်လို့မရပါဘူး။ တပ်မတော်သားတွေကို မေတ္တာရပ်ခံချင်တယ်။ စဉ်းစားကြည့်ပါ။ တစ်ခြားပြည်သူပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ပဲ ၀မ်းသာစရာကိစ္စ ဟုတ်ရဲ့လားဆိုတာကို ပြန်စဉ်းစားစေချင်ပါတယ်။ လက်နက်အာဏာကြောင့်မို့လို့ အထူးအခွင့်အရေးရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လားလို့၊ ကိုယ့်အတွက်ကောင်းရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။


ဒီနေ့ ကျွန်မတို့ ဒီပွဲဟာ ဘာအတွက်လဲဆိုတာ အတိုချုပ်ပြောရရင်၊ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ကို စဉ်းစားပြီဆိုလို့ရှိရင် အားလုံးရဲ့စိတ်ထဲမှာ အားလုံးရဲ့ခေါင်းထဲမှာ ဘယ်လိုနိုင်ငံဖြစ်စေချင်လဲဆိုတဲ့ အမြင်တစ်ခုတော့ရှိဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ပြည်သူလူထုအားလုံးကို လေးလေးနက်နက်စဉ်းစားစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံကို ဘယ်လိုနိုင်ငံမျိုးဖြစ်စေချင်လဲဆိုတာ ကို စဉ်းစားရမှာပါ။


ကိုယ့်ကိုယ်ကိုယုံကြည်လို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အာဏာရဲ့အင်အားကိုမှ အားကိုးစရာမလိုဘူး။
ပြည်သူလူထုရဲ့ထောက်ခံမှုရမယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလို့ရှိရင် ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကမှ အထူးအခွင့်အရေးပေးထားစရာမလိုပါဘူး။ ကျွန်မတို့အနေနဲ့ ဘယ်အထူးအခွင့်အရေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေးထားတာကို မလိုချင်ပါဘူး။ ပေးထားရင်တောင်မှ ဒါ ကျွန်မကို စော်ကားတယ်လို့မြင်ပါတယ်။ မာနလေးရှိကြစမ်းပါ။ မှန်ကန်တဲ့မာနလေးရှိကြစမ်းပါ။ အထူးအခွင့်အရေးမလိုချင်ပါနဲ့။
ပြည်သူတွေကိုကာကွယ်ဖို့၊ ပြည်သူတွေအားကိုးနိုင်ဖို့ တိုင်းပြည်ရဲ့သိက္ခာကို မြှင့်တင်ပေးနိုင်ဖို့ ထူထောင်ပေးခဲ့တဲ့ တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ်ကစလို့ ကျန်တဲ့တပ်မတော်သားများအားလုံး သေသေချာချာစဉ်းစားပါ။ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ဖို့အတွက် လိုလိုလားလားနဲ့လွှတ်တော်အတွင်းကနေပြီးတော့ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့အတွက် တပ်မတော်သားများကနေ ပထမဆုံးစပြီးလက်မှတ်ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ချင်တဲ့ကိစ္စဟာ အဓိကဘာလဲဆိုတော့ အခုတလောကျွန်မကြားနေရတာ ဘာလဲဆိုတော့ ဒီနိုင်ငံရဲ့တည်ငြိမ်ရေးအတွက်တဲ့၊ ဒီနိုင်ငံရဲ့တည်ငြိမ်ရေးအတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်ထိန်းသိမ်းထားရမယ်ဆိုတာတွေလည်း ပါတယ်။ နောက်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တစ်ချို့တစ်လေကျေနပ်လောက်အောင် ဥပမာအားဖြင့် တိုင်းရင်းသားပြည်နယ်များမှာ ကျေနပ်လောက်အောင် တစ်ချို့ဟာလေးတွေတော့ ပြင်သင့်တယ်ဆိုတာတွေ ပါပါတယ်။ ကျွန်မက အဲဒါမျိုးကို မကြိုက်ဘူး။ မပြင်ချင်ရင်လည်း မပြင်ချင်ဘူးလို့ပြော။
တကယ်အဓိကကျတဲ့ကိစ္စတွေတော့ မပြင်ဘဲနဲ့၊ ကျွန်မတို့ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ ဟိုဟာလေးပြင်ပေးမယ်။ ဒီဟာလေးပြင်ပေးမယ်လုပ်တာဟာ တိုင်းပြည်အပေါ်မှာ စေတနာမဲ့တယ်လို့ ကျွန်မက မြင်တယ်။ ဒါဟာ ကျွန်မတို့နဲ့တိုင်းရင်းသားတွေကြားမှာလည်း စိတ်ဝမ်းကွဲအောင်လုပ်တယ်လို့ကျွန်မမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ၄၃၆ ကို ပြင်ချင်နေတာ၊ ၅၉ ကိုပြင်ချင်နေတာ ဗမာတွေက ဗမာတွေအတွက် လုပ်နေတာ ဒါထက်ပိုပြီးပြောလိုက်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ချင်လို့လုပ်နေတာ အဲဒီလိုပြောတာတွေရှိတယ်။ ဒါတိုင်းရင်းသားတွေရဲ့အရေးမပါဘူး။ တိုင်းရင်းသားတွေဖက်တော့ လှည့်မကြည့်ဘူး။ ဒီလိုသွေးခွဲတဲ့စကားတွေပြောနေတာကို ကျွန်မတို့အများကြီး သတိထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တိုင်းရင်းသားတွေက ဘာလိုချင်လဲ။စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုပဲလိုချင်တယ်။ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုဆိုတာ ဖက်ဒရယ်မူကိုအခြေခံတဲ့ပြည်ထောင်စု၊ ဒီဖက်ဒရယ်မူနဲ့ ပတ်သက်လို့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစိုက်မတ်မတ်ကာကွယ်ခဲ့တယ်။ ထောက်ခံခဲ့တယ်။ အဲဒီတုန်းက ဆိုလို့ရှိရင် ဖက်ဒရယ်ဆိုတဲ့စကားကိုပြောရင်ပဲ ရာဇ၀တ်မှုလို့ အာဏာပိုင်များက ကြည့်နေတဲ့အချိန်မှာတောင်မှ ကျွန်မတို့လုံးဝမလျှော့ခဲ့ဘူး။ ဖက်ဒရယ်ဆိုတာကို ကျွန်မတို့ပြောခဲ့တယ်။ ကျွန်မတို့အနေနဲ့ တိုင်းရင်းသားများရဲ့မျှော်မှန်းချက်များ၊ တိုင်းရင်းသားများရဲ့အိပ်မက်များကို ကျွန်မတို့ နားလည်တယ်။ ကျွန်မတို့အားလုံးအိပ်မက်က အတူတူပဲ။ လုံလုံခြုံခြုံအေးအေးချမ်းချမ်းနဲ့နေချင်ကြတယ်။ လူသားများအားလုံးရဲ့အိပ်မက်က အတူတူချည်းပဲ။


၂၀၀၈ မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ လူထုဆန္ဒခံယူပွဲကိုလည်း ကျွန်မတို့ ကန့်ကွက်ခဲ့ပါတယ်။ ကျွန်မတို့ အသိအမှတ်မပြုခဲ့ပါဘူး။ အဲဒီတုန်းက ၉၂ ရာခိုင်နှုန်းနဲ့ ပြည်သူလူထုကနေ သဘောတူခဲ့တယ်လို့ ပြောတဲ့သူတွေကိုတော့ ပြောရက်လိုက်တာလို့ပဲ ကျွန်မကပြောချင်ပါတယ်။ ဒီလိုပြောတာဟာ ကျွန်မက စိတ်အနှောင့်အယှက်ဖြစ်တယ်။ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာဟာ ဒီလိုပြောလို့ မဟုတ်တဲ့ကိစ္စတောင် ဟုတ်ပါတယ်လို့ ပြောရဲလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် သိပ်ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ကျွန်မကပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူပြည်သားအားလုံး၊ ကျွန်မက ပြည်သူပြည်သားအားလုံးဆိုလို့ရှိရင် ပြည်သူပြည်သားဆိုတာ တပ်မတော်မပါဘူးလည်းမခွဲခြားဘူး၊ အစိုးရမပါဘူးလည်းမခွဲခြားဘူး။ ပြည်သူပြည်သားဆိုတာ အားလုံးပဲ။ အဲဒီပြည်သူပြည်သားများအားလုံးဟာ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ်။ ဒီလိုသတ္တိမရှိလို့တော့ ကျွန်မတို့ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာဖြစ်လို့ ဒီလောက်တောင်မှ ဖက်တွယ်နေကြတာလဲလို့ ကျွန်မကလည်း မေးခွန်းထုတ်ချင်တယ်။ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးချင်တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီအတိုင်းရေးဆွဲထားတာဟာ ယုံကြည်မှုမရှိလို့လို့ ကျွန်မပြောချင်ပါတယ်။ ယုံကြည်မှုမရှိလို့ဆိုတာ ဘာကိုပြောတာလဲ၊ ပြည်သူနဲ့တပ်မတော်ကြားမှာ ယုံကြည်မှုမရှိဘူး။ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး။ ပြည်သူကလည်း တပ်မတော်ကို မယုံဘူး။ နောက်ပြီးတော့လည်း အချို့ပုဂ္ဂိုလ်များဟာ မိမိတို့ရဲ့အနာဂတ်အတွက် ယုံကြည်မှုမရှိကြဘူး။ ဒီလိုယုံကြည်မှုမရှိလို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်တစ်ခုအနေနဲ့ထားတယ်လို့ကျွန်မမြင်ပါတယ်။ ကျွန်မပြောချင်တာက ဒီလိုထားစရာမလိုဘူး။ စိုးရိမ်ကြောင့်ကြမှုတွေမရှိပါနဲ့။ သတ္တိရှိရှိနဲ့အတူ ကျွန်မတို့ ရှေ့ကိုဆက်ပြီးသွားကြစို့။ အတူဆိုတာအတူပါ ကျွန်မတို့ ခွဲခြားပြီးတော့ပြောတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ပြည်သူကြားမှာ ခွဲခြားစေလိုတဲ့စိတ်လုံးဝမရှိပါဘူး။
ကျွန်မတို့အခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ပြင်စေချင်လဲဆိုတာကို တစ်စိုက်မတ်မတ်နဲ့ပြောဖြစ်ခဲ့ပါတယ်။ တရားဥပဒေဘောင်အတွင်းက လွှတ်တော်နည်းနဲ့ပြင်မယ်။ ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်ပါတယ်။ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ်။ နောက်ပြီးတော့ ကျွန်မတို့နိုင်ငံကို အဆင့်မြင့်မြင့်နိုင်ငံရေးလုပ်တဲ့နိုင်ငံဖြစ်စေချင်တယ်။ ဒါကြောင့်ကျွန်မက လွှတ်တော်တွင်းကနေ ပြင်ဆင်စေချင်တယ်လို့ပြောတာပါ။ တကယ်ဆိုရင် လွှတ်တော်ဟာလည်း ဒီဖွဲ့စည်းပုံအခြေခံအရ ပေါ်ပေါက်လာတဲ့လွှတ်တော်ပါပဲ။


ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီးထူထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားရင်ကြားစေ့ရေးကို ကျွန်မတို့ ရှေ့တန်း တင်ပြီး ပြောခဲ့ပါတယ်။ ဒီအမျိုးသားရင်ကြားစေ့ရေးဆိုတာကလည်း အခုဆက်ပြီးလုပ်သွားရမယ့်ကိစ္စပဲ။ ကျွန်မတို့နိုင်ငံထဲမှာ ညီညွှတ်မှုမရှိလို့ရှိရင် ဒီနိုင်ငံဟာ တိုးတက်မှုရှိမှာမဟုတ်ပါဘူး။


နိုင်ငံတစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူ့စကားကို သေသေချာချာ စဉ်းစားရင် နိုင်ငံရဲ့အခြေခံဖြစ်ရပါမယ်။ အခြေခံဟာခိုင်မာမှ၊ အခြေခံဟာ မှန်ကန်မှ၊ နိုင်ငံဟာလည်း ခိုင်မာပြီးတော့ မှန်မှန်ကန်ကန်နဲ့ရပ်တည်နိုင်မှာဖြစ်ပါတယ်။


ကျွန်မတို့ အခု ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားခဲ့တာ ဆိုလို့ရှိရင် အနှစ်သုံးဆယ်နီးပါး ရှိသွားပါပြီ။ ဒီအနှစ်သုံးဆယ်နီးပါးမှာ အမျိုးမျိုးလည်း ကျွန်မတို့ ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီတော့ ဒီမိုကရေစီရပြီလားဆိုတော့ မရသေးပါဘူးလို့ဘဲ ကျွန်မတို့ပြောရပါမယ်။ ဒါနဲ့ပတ်သက်လို့ရှိရင် တစ်ချို့တွေက ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်လျှောက်နေကြပါ တယ်။ ပြန်ပြီးတော့လှည့်စရာအကြောင်းလည်းဘာမှမရှိပါဘူး။ တကယ့်ကို အားလုံးကနေ အားရနိုင်ပါတယ်။ အားလုံးကနေ ဒီကိစ္စနဲ့ပတ်သက် လို့ယုံကြည်နိုင်ပါတယ်လို့ ပြောနေပါတယ်။ ကျွန်မကတော့ ရှင်းရှင်းပဲပြောမယ်။ ဒီလောက်တောင် ယုံကြည်စေချင်လို့ရှိရင် ယုံကြည်မှုကို တည်ဆောက်ဖို့ အဓိကဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့မလိုလားလဲဆိုတာကို ကျွန်မက မေးချင်ပါတယ်။


ဒီနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတစ်ခုဖြစ်တယ်။ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စု၊ ငြိမ်းချမ်းပြီးတော့ ညီညွှတ်တဲ့ဒီမိုကရေစီပြည်ထောင်စုတစ်ခု ဖြစ်မှသာလျှင် ကျွန်မတို့ဟာ သာယာဝပြောဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဒီလို ကိစ္စဖြစ်ဖို့အတွက် ကျွန်မတို့နိုင်ငံရဲ့အနာဂတ်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာ ကျွန်မတို့ပြည်သူလူထုကနေပြီးတော့ နောက်ဆုံးကျတော့ ဆုံးဖြတ်ရမှာက ပြည်သူလူထုက ဆုံးဖြတ်ရမှာပါ။ ကိုယ်လိုချင်တဲ့နိုင်ငံမျိုးပဲ နောက်ဆုံးကျတော့ ကိုယ်ရအောင်လုပ်ယူရမှာပါ။ ဘယ်အဖွဲ့အစည်းကိုမှလည်း အားကိုးနေလို့မရပါဘူး။ ဘယ်ပုဂ္ဂိုလ်ကိုမှလည်း အားကိုးနေလို့လည်းမရပါဘူး။ ကျွန်မတို့ပြည်သူလူထုအားလုံးဟာ ကိုယ့်ကိုယ်ကိုအားကိုးတဲ့စိတ်နဲ့ ဆက်ပြီးတော့လုပ်သွားရမှာဖြစ်ပါတယ်။

Ko Myoe

WeChat လစဉ်အသုံးပြုသူ ၃၉၆ သန်းရှိလာ


Tencent ၏ ၂၀၁၄ ခုနှစ်၊  ပထမသုံးလပတ် ဘဏ္ဍာရေး အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ကုမ္ပဏီ၏ WeChat messaging app ကိုလစဉ်အသုံးပြုသူဦးရေ ၃၉၆ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။ WeChat အသုံးပြုသူဦးရေသည် ၂၀၁၃ ခုနှစ်၊ နှစ်ကုန်က ၃၅၅ သန်းရှိခဲ့ပြီးလွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ၁၉၅ သန်းသာရှိခဲ့သည်။

Facebook ပိုင်ဆိုင်သည့် WhatsApp သည်ကမ္ဘာတစ်ဝန်းမှ လစဉ်အသုံးပြုသူ သန်း ၅၀၀ ဖြင့်ဈေးကွက်ကို ဦးဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် WeChat ကိုအများဆုံး အသုံးပြုကြပြီး Line သုံးစွဲသူထက်ဝက်နီးပါးခန့်မှာ ဂျပန်နိုင်ငံကဖြစ်သည်။ WhatsApp ကိုအသုံးပြုသူများမှာ အာရှ၊ ဥရောပနှင့် တောင်အမေရိကနိုင်ငံများမှ ဖြစ်ကြောင်းသိရသည်။

Tencent သည် WeChat ကို အိန္ဒိယ၊ မက္ကဆီကိုနှင့် ဘရာဇီးကဲ့သို့သော ဈေးကွက်များတွင် ချဲ့ထွင်ရန် စီစဉ်နေသော်လည်း သက်ဆိုင်ရာ ဈေးကွက်ကိန်းဂဏန်း အချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။ ထို့အပြင် Tencent ၏ဘဏ္ဍာရေး အစီရင်ခံစာအရ WeChat နှင့်ချိတ်ဆက်ထားသည့် ဂိမ်းများနှင့်ပတ်သက်၍ ငွေပေးချေမှုသည် ပထမသုံးလပတ်တွင်

နှစ်ဆမြင့်တက်ခဲ့ကြောင်း၊ WeChat နှင့် QQ တို့ဖြင့်ချိတ်ဆက်ထားသည့် မိုဘိုင်းဂိမ်းများမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈၉ သန်းရရှိခဲ့ကြောင်း၊ ၎င်းသည်ပြီးခဲ့သည့်နှစ် စတုတ္ထသုံးလပတ်ထက် သုံးဆမြင့်တက်ခဲ့ကြောင်း သိရသည်။

-နောင်နောင်
Ref: TechInAsia
Internet Journal

နာမည်ကျော် ရော့ခ်အဆိုတော်ကြီး လေးဖြူ ရဲ့မွေးနေ့


ယနေ့ မေလ ၁၉ ရက်နေ့ဟာ မြန်မာပြည်ရဲ့နာမည်ကျော် ရော့ခ်အဆိုတော်ကြီး လေးဖြူ ရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Popular Journal

ရဲတပ်ဖွဲ့က ရွာထဲ ၀င်ရောက်စီးနင်း ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေကြောင့် မအူပင် မလက်တို လယ်သမားတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေး


ရဲတပ်ဖွဲ့က ရွာထဲ ၀င်ရောက်စီးနင်း ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေကြောင့် မအူပင် မလက်တို လယ်သမားတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီသတင်းကို ဥာဏ်ကြီးက ပေးပို့ထားတာပါ။ ရိုက်ကူး - ရန်နိုင် + လွင်မှိုင်း + ဥာဏ်ကြီး

DVB TV News



အရက်မရောင်းကြောင်းပြောသူကို မကျေနပ်၍ ဓါးဖြင့်ခုတ်


နေပြည်တော်၊ မေ ၁၉
၂၀၁၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ နယ်ရဲရွာနေ ဒေါ်မကြည်(၆၄)နှစ်သည် နေအိမ်၌ အိမ်ဖော်ဖြစ်သူ မဗူးဒေါင်း(ခ)ခင်ဆွေဦးနှင့်အတူရှိနေစဉ် ပေါက်ခေါင်းကျေးရွာနေ လှဝေ(၃၃)နှစ်ရောက်ရှိလာပြီး အရက်ရောင်းရန်ပြောသဖြင့် ဒေါ်မကြည်မှ ယခုနှစ်တွင် မရောင်းတော့ကြောင်းပြောခဲ့သည်။ ထိုသို့ ပြောသည်ကို မကျေနပ်၍ လှဝေမှ ဓါးမတစ်ချောင်းကိုင်ကာ ပြန်လည်ရောက်ရှိလာပြီး အိမ်ပေါ်တက်၍ ဓါးဖြင့်ခုတ်ရာ ဒေါ်မကြည်တွင် နဖူးယာမှပါးရိုးထိ အရိုးပြတ်/ပေါက်ပြဲ၊ နှာခေါင်းဖျားပြတ်ရှ၊ ယာပါးရိုး(၆)လက်မခန့်ပေါက်ပြဲ၊ ၀ဲလက်ဖျံကျိုး၊ ဦးခေါင်းထိပ်(၄)လက်မခန့်ပေါက်ပြဲ၊ ဆံပင်အစပ်မှ လည်ဂုတ်ရိုးထိ(၃)လက်မခန့် ပြတ်ရှဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် လှဝေအား ကျောက်ထုနယ်မြေရဲစခန်း(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

အခွန်တံဆိပ်မကပ်သည့် ပြည်ပထုတ် အရက်၊ ဘီယာနှင့် ဆေးလိပ်အချို့ ဖမ်းမိ


ရန်ကုန်၊ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးကွက်တွင် ရောင်းချနေသည့် အရက်၊ ဘီယာနှင့် ဆေးလိပ်တို့တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ် ရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေးရာမှ ပြည်ပထုတ် အရက်၊ ဘီယာနှင့် ဆေးလိပ်အချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

မေလ ၅ ရက်နေ့မှစတင်ကာ ဈေးကွက်အတွင်း လိုက်လံစစ်ဆေးခြင်း ဖြစ်ပြီး အရက်ပုလင်း အလုံး ၅၀ ကျော်၊ ဘီယာဖာ ၅၀ ကျော်နှင့် ဆေးလိပ်ဘူး ၃၀၀ ကျော် ဖမ်းဆီးရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ပြည်တွင်းထုတ်တွေက အကုန်အမှတ်တံဆိပ် ကပ်ကြတယ်။ နိုင်ငံခြားထုတ်တွေပဲ မကပ်တာ” ဟု အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ ပူးပေါင်း၍ လိုက်လံ စစ်ဆေးခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly 

အိမ်ထောင်ရှိအမျိုးသမီးအား တရုတ်ထံရောင်းစားသူများကို ဖမ်းဆီး


ဝိုင်းအောင်

မကွေး၊ မဇ္ဈိမ။ ။ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့က ခေါ်ဆောင်၍ ရောင်းစားခဲ့သူ ဝေဖြိုးနှင့် စန်းစန်းအေးတို့ကို မကွေး၊ မြို့သစ်မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု မြို့သစ် မြို့မရဲစခန်းက မေ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကတည်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့မရဲစခန်းတွင် ရောင်းစားခံရသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက လူပျောက်မှုဖြင့် တိုင်တန်းခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီးသည် အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၈)ရပ်ကွက်တွင် ခင်ပွန်းဖြစ်သူနှင့် နေထိုင်ခဲ့ပြီး သူမ၏မိဘများနေထိုင်သော မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အိုင်တိုကျေးရွာသို့ ပြန်လာရာ လမ်းခရီးတွင် အမည်မသိအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့နှင့် ခင်မင်ရင်းနှီးခဲ့သည်ဟု ဆိုသည်။

၎င်းနှစ်ဦးမှာ မချို၏ အိုင်တိုကျေးရွာသို့ အလည်လိုက်လာခဲ့ပြီး အဆိုပါ လင်မယားက မန္တလေးမြို့ အထည်ဆိုင်တစ်ဆိုင်တွင် လစာကောင်းကောင်းဖြင့် အလုပ်သွင်းပေးမည် ပြောသည့်အတွက် လိုက်သွားခဲ့ကာ သင်္ကြန်အပြီးမှာ ပြန်လာမည်ဟု ပြောဆိုသွား သော်လည်း ပြန်မလာ၍ ခင်ပွန်းဖြစ်သူက လူပျောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မချို၏ ညီမ မစိုးစိုးဝေသည် သူမ၏အစ်မကို ခေါ်သွားသော အမျိုးသား၏ ဖုန်းနံပါတ်ကိုသိ၍ မေ ၁၆ တွင် နေပြည်တော်ဘူတာသို့ ချိန်းဆိုလိုက်ရာ စောင့်ဆိုင်းနေကြသော အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို မီးရထားရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ အမည်မသိနှစ်ဦးကို ကျဉ်တောင်ကန်ရဲစခန်းသို့ ပို့အပ်စစ်ဆေးရာ ရှမ်းပြည်နယ်၊ ဟိုပင်မြို့တွင် နေထိုင်သူ ဝေဖြိုး(ခ) မျိုးထက်(ခ) မောင်ဇော် (၃၆)နှစ်နှင့် ပါလာသူမှာ ဇနီး စန်းစန်းအေး(ခ) နီလာ(၂၃)နှစ်တို့ဖြစ်သည်။

"လူကုန်ကူးတဲ့ သူတွေက နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ မကွေးမြို့တွေထိ ရောက်လာကြပြီ။ တောရွာတွေအထိဆင်းပြီး မရှိဆင်းရဲသား မသိနားမလည်သူတွေကို မက်လုံးပေးနေကြတာ။ ယခုဟာက တိုင်သူရှိမှ ဖမ်းနေကြတာ များတယ်လေ" ဟု မကွေးမြို့ သိင်္ဂါရပ်ကွက် မှ ခင်းပွန်းသည်ကို ထိုင်းသို့ရောင်းစားခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝေဖြိုးနှင့် စန်းစန်းအေးတို့ လင်မယားခေါ်ဆောင်သွားခဲ့သော အမျိုးသမီးကို တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး (အမည်မသိ) တရုတ်တစ်ဦးထံ ယွမ် တစ်သောင်းကျပ်ဖြင့် ရောင်းစားခဲ့သည်ဟု အစစ်ခံသည်။

Mizzima Burmese 

မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား


ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း (ဃ) ဈေး ကားမှတ်တိုင်တွင် မေလ ၁၉ရက် မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

လင်မယားစကားများစဉ် ဖျန်ဖြေပေးသူကို ထိုးကြိတ်ခဲ့သဖြင့် ဖျန်ဖြေသူက တုတ်ဖြင့်ရိုက်၍ သေဆုံး


ရန်ကုန်၊ မေ ၁၉

၁၈.၅.၂၀၁၄ရက်နေ့ ၁၃၀၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မြို့နယ်၊ (၉၃)ရပ်ကွက်နေသူများဖြစ်ကြသည့် သက်ဦး၊(၂၂)နှစ်၊ (ဘ)ဦးမြသိန်း နှင့် စိန်ဝင်းရွှေ၊(၃၀)နှစ်တို့သည် အရက်အတူ
သောက်ခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း၊

ထိုသို့ပြန်လာစဉ်
စိန်ဝင်းရွှေ၏နေအိမ်ရှေ့အရောက်၌ အရက်သောက်သည့်ကိစ္စနှင့်
ပတ်သက်ပြီး စိန်ဝင်းရွှေနှင့် ၎င်း၏ဇနီးတို့စကားများကြစဉ် သက်ဦးမှ
ဝင်ရောက်ဟန့်တားခဲ့ကြောင်း၊ ထိုသို့ဟန့်တားခဲ့သဖြင့် စိန်ဝင်းရွှေမှ သက်ဦးအား ထိုးကြိတ်ကန်ကြောက်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်သဖြင့် သက်ဦးမှ နေအိမ်ရှေ့ရှိ အရှည်(၁)ပေခွဲ၊ လုံးပတ်(၁၀)လက်မခန့်ရှိ သစ်သားတုံးဖြင့် စိန်ရွှေဝင်းအား ရိုက်နှက်ခဲ့ပြီးထွက်ပြေးသွားခဲ့ကြောင်း၊

စိန်ရွှေဝင်းတွင် ဦးခေါင်းနောက်စေ့၌ ပေါက်ပြဲဒဏ်ရာ(၂)ချက်ရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရသဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၁၉၁/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ သက်ဦးအား ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ သက်ဦးကို ဖမ်းဆီးရမိရေးအတွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များနှင့် ခရိုင်အထူးမှုခင်းနှိမ်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်း
ဆောင်ရွက်ခဲ့ရာ ၁၆၃၀ အချိန်တွင် ခရမ်းချောင်းရေထိန်းတံခါးရှိ ပိန်းကန်ကျေးရွာသို့ထွက်ခွာမည့်စက်လှေပေါ်မှဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လူ ၃၀၀ ခန့် သေဆုံးခဲ့သည့် သင်္ဘောနစ်မြုပ်မှု တောင်ကိုရီးယားသမ္မတ တောင်းပန်


ကျောင်းသားကျောင်းသူအများစု အပါအ၀င် ခရီးသည် ၃၀၀ ၀န်းကျင် သေဆုံးခဲ့တဲ့ သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွန်ဟိုင်းက ဒီနေ့ တရားဝင်တောင်းပန်လိုက်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို မဆောင်ရွက်နိုင်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖျက်သိမ်းမယ်လို့လည်း ပြောပါတယ်။

ကယ်ဆယ်ရေး တာဝန်တွေကို အမျိုးသားအရေးပေါ် လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်း လွှဲပြောင်းပေးပြီး စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့က လုပ်သွားမယ်လို့ တောင်ကိုရီးယား သမ္မတက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။

“နာကျင်ခံစားခဲ့ရတဲ့ လူတွေအားလုံးအတွက် တနိုင်ငံလုံးကို တောင်းပန်ပါတယ်။ သမ္မတ တဦးအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်ပေးရမယ့် တာဝန်ဝတ္တရား ရှိသူတဦးအနေနဲ့ တောင်းပန်ပါတယ်” လို့ ပြောပါတယ်။

ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း ၄၇၆ ယောက် လိုက်ပါသွားတဲ့ သင်္ဘောဟာ ဧပြီလက နှစ်မြှုပ်ခဲ့ပြီး ၂၈၆ ဦး သေဆုံးခဲ့ပါတယ်။ ၁၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီသင်္ဘောနစ်မြှုပ်မှုဟာ တောင်ကိုရီးယားမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။

ခရီးသည်တွေထဲက ၃၃၉ ယောက်ဟာ လေ့လာရေးခရီးထွက်ဖို့ သွားတဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေ ဖြစ်ပါတယ်။ ၁၇၂ ယောက်ကိုပဲ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

သင်္ဘောနစ်မြှုပ်စဉ် ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ ကပ္ပတိန်နဲ့ သင်္ဘောဝန်ထမ်းတွေဟာ ကလေးတွေကို နေရာမှာ နေပြီး နောက်ထပ် ညွှန်ကြားချက်တွေကို စောင့်ဖို့ ကြေညာနေတဲ့အချိန်မှာ သင်္ဘောကို စွန့်ခွာနေတာကို တွေ့ခဲ့ရပါတယ်။

သင်္ဘောနစ်မြှုပ်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို သမ္မတ ပါ့ခ်က ပုဂ္ဂိုလ်ရေးအရ တောင်းပန်ခဲ့ပေမယ့် သင်္ဘောနစ်မြှုပ်မှုကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။

အသက်ရှင်ကျန်နေတဲ့ သင်္ဘောဝန်ထမ်း ၁၅ ယောက်စလုံးကို ရာဇ၀တ်မှုနဲ့ စွပ်စွဲထားပါတယ်။ သူတို့ထဲမှာ သင်္ဘော ကပ္ပတိန်နဲ့ အကြီးတမ်း ၀န်ထမ်း ၃ ဦးလည်း ပါဝင်ပါတယ်။

DVB TV News

မြောက်ကိုလံဘီယာတွင် ခရီးသည်တင်ကား မီးလောင်၊ ကလေးငယ် ၃၁ ဦး သေဆုံး


မြောက်ကိုလံဘီယာမှာ ခရီးသည်တင်ကားတစီး မောင်းနှင်နေရင်း မီးလောင်ပြီး ကားပေါ်ပါလာတဲ့ ကလေး ၃၁ ယောက် မီးလောင်သေဆုံးသွားတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

မနေ့က ဖြစ်ပွားတဲ့ အဲဒီမတော်တဆမှုမှာ လူ ၂၅ ဦး ဒဏ်ရာရထားပြီး မီးလောင်ဒဏ်ရာတွေ ပြင်းထန်တယ် လို့လည်း ဆိုပါတယ်။

ဘတ်စ်ကားပေါ် ပါလာတဲ့ကလေးတွေဟာ အသက် ၁ နှစ်ကနေ ၈ နှစ်ကြား ကလေးငယ်တွေဖြစ်ပြီး ဘာသာရေးပွဲတခုကနေ အိမ်ပြန်လာကြတာလို့ ဖှန်ဒါစီယွန် မြို့တော်ဝန် လူဇ် စတယ်လာ ဒူရန်က သတင်းထောက်တွေကို ပြောပါတယ်။

ဘတ်စ်ကားဟာ နေ့လည်ပိုင်းမှာ ပေါက်ကွဲသွားပြီးတော့ မီးလောင်မှုကလဲ ပြင်းထန်တာကြောင့် သေဆုံးသူ အရေအတွက်ကို အတည်ပြု မပြောနိုင်သေးပါဘူး။

အသက်ရှင်ကျန်ရစ်သူတွေရဲ့အပြောအရ ကားဒရိုင်ဘာဟာ ယာဉ်ပေါ်မှာရှိတဲ့ လောင်စာဆီပုံးကို လှမ်းယူလိုက်ချိန်မှာ ဖြစ်သွားတာလို့ မြို့တော်ဝန်က ပြောပါတယ်။

အစပိုင်းကတော့ ဒီမီးလောင်မှုဟာ စက်ပိုင်းဆိုင်ရာ ပြဿ နာကြောင့်လို့ ရဲတပ်ဖွဲ့က ပြောထားတာပါ။

ကားဒရိုင်ဘာ ထွက်ပြေးသွားတာကြောင့် ဒေါသထွက်နေတဲ့ ဒေသခံတွေက ဒရိုင်ဘာရဲ့အိမ်ကိုသွားပြီး ခဲနဲ့ပေါက်ကြတယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

DVB TV News

အသစ်ဆောက်လိုက်တဲ့ ရွှေဂုံတိုင် Ocean မှာရေကြီး၊ အောက်ထပ် ရေမြုပ်

Ocean super market shwegondine မှာရေကြီးနေတာပါတဲ့ အင်ဂျင်နီယာတွေကြိုတင်မတွက်ဆမိလို့ဖြစ်ရတာလို့ဝေဖန်နေကြပါတယ်။




ကလေးငယ်(၅၀)ကျော် အပါအ၀င် လူအယောက်(၆၀) အစာအဆိပ်သင့်မှု ဖြစ်ပြီး တောင်ငူ ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိကုသမှုခံ


ကလေးငယ်(၅၀)ကျော် အပါအ၀င် လူအယောက်(၆၀) အစာအဆိပ်သင့်မှု ဖြစ်ပြီး တောင်ငူ ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိကုသမှုခံ

အိမ်မြောင်တို့ အမြီးကို ပြန်စားကြ


အိမ်မြောင်တွေဟာ ကိုယ့်အမြီးကို စားပါတယ်။ ကိုယ့်အမြီး စားစရာ မရှိတော့ရင် အခြား အိမ်မြောင်ရဲ့  အမြီးကို လိုက်ဖြတ်စား ပါတယ်။ အကြောင်း ကတော့ သူတို့ရဲ့ အမြီးပိုင်းဟာ အစာသိုလှောင်ထားတဲ့ ဂိုဒေါင် တစ်ခု ကဲ့သို့ လုပ်ဆောင်လို့ ဖြစ်ပါတယ်။


အိမ်မြောင်တင် မကပဲ အခြားသော ပုတ်သင်ညို၊ ပုတက်၊ ကင်းလိတ်ချော တို့လည်း ထိုနည်း တူစွာ ဖြစ်ကြောင်း ဆိုပါတယ်။ အမြီးပိုင်းမှာ အစာ သိုလှောင်ထားပြီး လုံးဝ စားစရာမရှိတော့တဲ့ နောက်ဆုံး အခြေအနေ ကျရင် ကိုယ်တိုင် ဖြတ်စား ပါတယ်။ အချို့ကျတော့ ကိုယ့်အမြီး မဖြတ်ပဲ အခြား အကောင်ရဲ့ အမြီးကို လိုက်ဖြတ်စား ပါတယ်။ ပြီးရင် သူက ပြန်ပေါက် ပါတယ်။ ပြန်ပေါက်ပေမယ့် မူလကလို မဟုတ်ပဲ သေးပြီးတော့ အရိုးမပါတော့ ပါဘူး။

ပုံထဲမှာ ကတော့ အိမ်မြောင်နဲ့ ကြွက်ကလေးရဲ့ ချစ်စဖွယ် ကာတွန်းပုံလေးပါ..။ :)

Ref:dyknow
အောင်ခမ်း (www.innewsmyanmar.com)

စိတ်ဖြင့်ခိုင်းစေနိုင်မည့် လက်မောင်းတု မကြာခင် အသုံးပြုနိုင်တော့မည်


အောင်ဟိန်းခိုင် ၊ မေ ၁၉

၈ နှစ်ခန့်ကြာမြင့်သော သုတေသနပြုမှု၏ရလဒ်အဖြစ် အမေရိကန်ကာကွယ်ရေးဌာန၏ အထူးသုတေသနအဖွဲ့ဖြစ်သော DARPA မှလူ၏စိတ်ဖြင့် လိုသလိုခိုင်းစေနိုင်သော လက်မောင်းတုကို စမ်းသပ်အောင်မြင် ခဲ့ရာယခုအခါတွင် အစားအသောက်နှင့်ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့အစည်းဖြစ်သည့် FDA ၏ထောက်ခံချက်ကိုရရှိသွားပြီဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် မိမိ၏လက်ကိုဆုံးရှုံးခဲ့ရသူများအတွက် လက်ရှိအချိန်တွင်စတီးချိတ်ပါဝင်ပြီး အရာဝတ္ထုအချို့ကိုချိတ်ဆွဲ ကိုင်ယူနိုင်သည့် လက်မောင်းတုကိုသာ တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိရာ ၎င်းပစ္စည်းထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်သည့် လက်မောင်းတုကို ကမ္ဘာပေါ်ရှိအဖွဲ့အစည်းအသီးသီးမှ သုတေသနပြုစမ်းသပ်မှုများပြုလုပ်နေရာမှ အမေရိကန်ကာကွယ်ရေးဌာန၏ စိတ်ဖြင့်ခိုင်းစေနိုင်သော လက်မောင်းအတုမှာ FDA အဖွဲ့၏ထောက်ခံချက်ကိုရရှိသည့် ပထမဦးဆုံးသော လက်မောင်းတုဖြစ်သည်။

ဘီးနှစ်လုံးတပ် မတ်တပ်ရပ်အနေအထားဖြင့်စီးနင်းနိုင်သည့် Segway ယဉ်ငယ်များကို တီထွင်ခဲ့သော သိပ္ပံပညာရှင် Dean Kamen ဦးဆောင်သည့် အဖွဲ့အစည်းမှ တီထွင်ထားသည့် လက်မောင်းအတုမှာ အရွယ်ရောက်ပြီးလူသားတစ်ဦး၏လက်မောင်အရွယ်အစားခန့်ရှိပြီး လုပ်ဆောင်ချက်အတော်များများကိုလုပ်ဆောင်နိုင်သည်။

လူ၏ ကြွက်သားလှုပ်ရှားမှုများကို အာရုံခံနိုင်သော electromyogram electrode ဖြင့်ထိန်းချုပ်မှုများပြုလုပ်ထားသည့် ၎င်းလက်မောင်းတုမှာ တပ်ဆင်မည့်သူ၏ ခန္ဓာကိုယ်တွင်ကျန်ရှိခဲ့သည့် လက်မောင်းပြတ်ပေါ်တွင် တပ်ဆင်ရမည်ဖြစ်ပြီး လက်မောင်းတုအတွင်းပါဝင်သည့် အာရုံခံစနစ် (Sensor) များနှင့် ကွန်ပျူတာငယ်တို့မှ အသုံးပြုသူ၏ပြုလုပ်လိုသောလုပ်ဆောင်ချက်များကို သိရှိနိုင်မည်ဖြစ်သည်။

စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လက်မောင်း အတု၏ စွမ်းဆောင်ရည်ထက် သာလွန်ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်ထားနိုင်ပြီး ဇစ်အိတ်များကို အဖွင့်အပိတ်ပြုလုပ်ခြင်း နှင့် သော့များကိုဖွင့်ပိတ်ခြင်းအပြင် ပျော့ပျောင်းသည့် အရာဝတ္ထုများဖြစ်သည့် ကြက်ဥနှင့် အခြားသောအရာဝတ္ထုများကိုကိုင်
တွယ်ရာတွင်လည်း အက်ကွဲမှုများမဖြစ်ပေါ်အောင်ကိုင်တွယ်နိုင်သည်ဟု သိရသည်။

သို့သော်လည်း ၎င်းလက်မောင်းတုကို မည်သည့်အချိန်တွင် ဈေးကွက်တင်ရောင်းချမည်နှင့်
ဈေးနှုန်းအတိအကျကိုတော့ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)