ဗ.က.သကျောင်းသား ရဲ့ ဒဏ်ရာ ရဲ ကြောင့်မဟုတ်ကြောင်း ငြင်းဆို

ပို့စ်တင်ချိန် - 5/19/2014 01:29:00 PM


ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့မှာ ဆန္ဒပြအပြီးပြန်လာတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗ.က.သ အဖွဲ့ဝင် ကိုကောင်းထက်ကျော် ဒဏ်ရာရတာဟာ ရဲတပ်ဖွဲ့ဝင်တွေကြောင့် မဟုတ်ကြောင်း ဒီနေ့ သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြောဆိုခဲ့ပါတယ်။

သဲကုန်းမြို့နယ် မြို့နယ်ဒုတိယရဲမှူး ဦးဇော်အောင်က အဲဒီနေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ကို အခုလိုပြောပါတယ်။

“ကျနော်တို့ဆီကနေ ဖမ်းဝရမ်းအရဖမ်းတယ် ၊ကျောင်းသား ကောင်းထက်ကျော်ကို သုံးလေးယောက်ကပြန်ပြီးတော့ ဆွဲတယ်၊ဆွဲ တဲ့အခါမှာ သူတို့လဲကျပြီးတော့မှ နဖူးမှာပေါက်ပြဲဒဏ်ရာရတယ်၊ အဲ့ဒါကို သပိတ်မှာပါတဲ့ ခင်မာအေး ဆိုတဲ့ အမျိုးသမီးက ပွေ့ထားရင်နဲ့ သွေးတွေသူ့ကိုယ်မှာပေတာကို ရဲကဓါးနဲ့ထိုးပါတယ်ဆိုပြီး မတရား စွပ်စွဲတယ်၊ဒဏ်ရာတွေကို ကျနော်ကိုယ်တိုင်သွားကြည့်တယ် ဘာမှမရှိပါဘူး၊ဒါတွေကို အကုန်လုံး ကျနော် ဖြစ်ရပ်မှန်တွေကို ချပြပြီးတော့ ဒီမှာရှင်းလင်းတာပါ”

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ဗ.က.သ အဖွဲ့ဝင် ကိုကောင်းထက်ကျော်နဲ့ လယ်သမား ၂ဝ လောက်ဟာ သဲကုန်း မြို့နယ် အောင်ကုန်းကျေးရွာက လယ်သမား ကိုပေါက်စကို လွှတ်ပေးဖို့နဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ တွေ ပြန်ပေးဖို့ သဲကုန်းမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အပြန်လမ်းမှာ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးရာမှာ ကိုကောင်းထက်ကျော် ဒဏ်ရာရပြီး လယ်သမား ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဗ.က.သအဖွဲ့ဝင် ကိုကောင်းထက်ကျော် ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး ဗ.က.သအဖွဲ့ချုပ်က ကန့် ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို မနေ့က မန္တလေးမြို့ ဗ.က.သအဖွဲ့ဝင်တွေ ဆန္ဒပြခဲ့ကြပါတယ်။

RFA