အစိုးရ၏ ဥပဒေအားနည်းချက်များ၊ ငွေရှင်များ၏ ဥပဒေ တလွဲသုံးမှုများကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်သို့ ငွေမည်းများစီးဝင်ရန် အခွင့်သာနေပြီး ဈေးကျဆင်းရန် မလွယ်

ပို့စ်တင်ချိန် - 5/19/2014 02:19:00 PM


မြန်မာနိုင်ငံတွင် အိမ်ခြံမြေဆိုင်ရာ အားနည်းချက်များ၊ ငွေရှင်များ၏ ဥပဒေ တလွဲသုံးမှုများကြောင့် အိမ်ခြံမြေဈေးကွက်သို့ ငွေမည်းများစီးဝင်ရန် အခွင့်သာနေပြီး ဈေးများကျဆင်းရန် မလွယ်ကူကြောင်း စီးပွားရေးနှင့် ဥပဒေပညာရှင်အချို့ သုံးသပ်ပြောကြားသည်။

အိမ်ခြံမြေများကို ၀ယ်ယူရာတွင် ၀င်ငွေရလမ်း မပြနိုင်သော ငွေများဖြင့် အခွန်ရာခိုင်နှုန်း ၃၀ ဆောင်ကာ အိမ်ခြံမြေပိုင်ဆိုင်ခွင့်၊ ၀ယ်ယူခွင့် ရှိနေခြင်းကြောင့် အဆိုပါဈေးကွက် အတွင်းသို့ ငွေမည်းများ စီးဝင်ရန် အခွင့်သာနေခြင်းဖြစ်သည်။

“တကယ်တမ်း ၀င်ငွေရှိရိုးမှန်ရင် ၀င်ငွေခွန် ဆောင်ရပါတယ်။ ကိုယ်လုပ်ငန်းလုပ်လို့ အမြတ်ငွေရရှိရင် အမြတ်ငွေ ဆောင်ရပါတယ်။ ဒါမှ နိုင်ငံတော်အကျိုးကို ထမ်းဆောင်ပြီးသား ဖြစ်မှာပါ။ ၀င်ငွေရလမ်း မပြနိုင်တဲ့ ဘယ်လုပ်ငန်းတွေ၊ လုပ်လို့ရလာမှန်းမသိတဲ့ ငွေတွေဟာ ငွေမည်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါတွေဟာ အစိုးရက ထိန်းချုပ်ရမယ့်ငွေတွေ ဖြစ်တယ်” ဟု Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားသည်။

ထို့ပြင် ထိုသို့ဝင်ငွေရလမ်း မပြနိုင်သည့် ငွေများဖြင့် အိမ်ခြံမြေများ ၀ယ်ယူခွင့်ပြုထားခြင်းသည် ပြည်သူများ၏ တရားဝင် အိုးအိမ်ပိုင်ဆိုင်ခွင့်အပေါ် မမျှတအောင် လုပ်ဆောင်နေသကဲ့သို့ ဖြစ်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီလို ၀င်ငွေရလမ်းမပြနိုင်ဘဲ ၀ယ်ယူခွင့်ပေးထားတာကို ခွင့်ပြုမယ်ဆိုရင်တောင် အခွန်ကို နှစ်ရာ ရာခိုင်နှုန်းအထိ တိုးပြီးကောက်တာ ပိုကောင်းမယ်လို့ ထင်တယ်” ဟု ၎င်းကသုံးသပ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ အစိုးရသစ် တက်ချိန်မှစ၍ ဈေးကျဆင်းသည် မရှိဘဲ ဆက်တိုက်တက်လာခဲ့ခြင်း ဖြစ်သည်။

“အဓိကတော့ ငွေမည်းကို ငွေဖြူလုပ်ချင်သူတွေက အိမ်ခြံမြေဈေးကွက်ထဲကို ၀င်နေတယ်လို့ ပြောနိုင်ပါတယ်။ အခွန်တိုးကောက်တာ လျှော့ကောက်တာကတော့ အိမ်ခြံမြေဈေးကွက်ကို မကျဆင်းစေနိုင်ပါဘူး။ အကြောင်းကတော့ မြန်မာ့အိမ်ခြံမြေဈေးကွက်က တကယ့်ဝယ်လိုအား ရောင်းလိုအားပေါ် မူတည်ပြီး ဖြစ်လာတာ မဟုတ်ပါဘူး။ ငွေရှင်တွေက အိမ်ခြံမြေကို လက်ထဲမှာကိုင်ထားပြီး မဖြစ်နိုင်တဲ့ဈေးကို တင်ထားတာလဲ ပါတယ်” ဟု စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောကြားသည်။

ထိုသို့ ငွေမည်းမှ ငွေဖြူပြောင်းလဲလိုသူများက ၀င်ရောက်လာခြင်းသာ မကဘဲ အစိုးရ၏ ဥပဒေအချို့ကိုလည်း တလွဲသုံးနေခြင်းကြောင့် မြေဈေးများတက်နေရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“နောက်ပြီး အစိုးရရဲ့ မြေယာစီမံခန့်ခွဲမှု ဥပဒေကို တလွဲသုံးတာလဲ ပါတယ်။ လယ်မြေတွေ၊ ဥယျာဉ်ခြံမြေတွေကို တခြားနည်းနဲ့ သုံးနေတာကို ခွင့်ပြုနေတာတွေလည်း ပါတယ်။ ဥယျာဉ်ခြံမြေတွေဆိုတာ အသုံးမပြုတော့ဘဲ စွန့်ပစ်သွားတာကြာပြီး အခွန်လည်း မရတော့သလို လူတွေက ၀င်ရောက်နေထိုင်တာ ကြာနေတော့မှ အစိုးရက လ/န ချပေးရတာ ဖြစ်တယ်။ အခုက အာဏာပိုင်တွေနဲ့ပေါင်းပြီး လယ်မြေတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး အခြားနည်းနဲ့ အသုံးပြုဖို့ ဈေးပြန်တင်ရောင်းတာတွေ လုပ်နေတော့ ဈေးက တရိပ်ရိပ်တက်လာတယ်။ နောက်တစ်ခုက အစိုးရ စီမံကိန်းလုပ်မယ်ဆိုပြီး မြေဈေးကို သက်သက်သာသာနဲ့ ချပေးလိုက်တယ်။ ငွေရှင်တွေက စီမံကိန်း အနည်းအကျဉ်းလောက်ပဲလုပ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းတယ်။ ဒီတော့ မြေယာစီမံခန့်ခွဲမှု ဥပဒေကို သေချာကိုင်တွယ်ဖို့ လိုတယ်။ ဥပဒေနဲ့မညီရင် ဥပဒေအရ ပြန်သိမ်းလို့ ရတာကိုလဲ သိဖို့လိုတယ်” ဟု ဦးတင်သန်းဦးက ဆက်လက်သုံးသပ်သည်။

မြန်မာနိုင်ငံ၏ တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး ဥပဒေပုဒ်မ ၅ (က)တွင် ပြစ်မှုများအနက်မှ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့် ပစ္စည်းများကို တရားဝင်အသွင်ဖြင့် ရောက်ရှိစေရန် တရားမ၀င်သော နည်းလမ်းဖြင့် ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းပြုသည့် ပြစ်မှုများသည် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေနှင့် သက်ဆိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ အထက်ပါဥပဒေကို ချိုးဖောက်၍ ပြစ်မှုထင်ရှား စီရင်ခံရပါက ပြစ်မှုအမျိုးအစားအလိုက် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခံရနိုင်သည်။

Eleven Media Group