၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြန်လည် ပြင်ဆင်ရေးဆွဲသင့်မသင့် အနုပညာရှင်တို့၏ ရင်ထဲက စကားသံများ

ပို့စ်တင်ချိန် - 5/19/2014 10:02:00 PM


Written by မြင့်မြင့်စိုး

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိနေကြပါတယ်။ ဒါ့ကြောင့်မို့ မဇ္စျိမက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲသင့်မသင့်နဲ့ပတ်သက်ပြီး အနုပညာရှင် များရဲ့ရင်ထဲက ခံစားချက်အမြင်များကို ထုတ်ဖော် လှစ်ဟကြည့်ခဲ့ပါတယ်။

မင်းထင်ကိုကိုကြီး

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အဲဒီ ခုနှစ်တုန်းက ကျွန်တော်တို့ တစ်အိမ်သားလုံး မဲမထည့်ခဲ့ဘူး။ ကျွန်တော်ရဲ့ပတ်ဝန်းကျင်က လူတွေလက်လှမ်းမီ သလောက်ကလဲ မဲထည့်တဲ့ သူမရှိသလောက်ပဲ။ မဲထည့်တဲ့ သူတွေကလည်း အဲဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲ ထည့်တဲ့သူ မရှိဘူး။

အဲဒီတော့ နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက် လက်ထဲကိုပုံအပ် ထားတယ်လို့ ယူဆရတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာအားလုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာထားတဲ့ အခြေခံဥပဒေဖြစ်နေတယ်။ အဲဒီလို ပုံစံနဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်မလာနိုင်ဘူး။

Of The Army, By The Army, For The Army အစိုးရမျိုးဖြစ်နေတယ်။ အဲဒီလို အစိုးရမျိုးမဟုတ်ဘဲ ပြည်သူလူထု လက်ထဲ ဒီမိုကရေစီ ရဖို့ဆိုရင် Of The People , By The People , For The People အစိုးရမျိုးဖြစ်ဖို့ လိုတယ်။ Of The Army, By The Army, For The Army အစိုးရမျိုးဖြစ်နေတဲ့ အခြေခံဥပဒေ ကို ပြင်ဆင်သင့်တယ်။

ကျော်ကျော်ဗို

ဒါက နိုင်ငံရေးနဲ့ ဆိုင်တာဆိုတော့ သေသေချာချာ လေ့လာပြီးမှ ပြောတာပိုကောင်းပါတယ်။ အပြုသ ဘောပြောလို့ရမှ ပြောတာကောင်းပါတယ်။ ပြောရမယ်ဆိုရင် အများစုဆုံးဖြတ်တဲ့ အပေါ်မှာပဲမူတည်ပါတယ်။ ကောင်းမယ်ထင်တဲ့ အတိုင်း လူကြီးတွေဆုံးဖြတ်မှာပါ။ လူကြီးတွေ ဆုံးဖြတ်တဲ့ အပေါ်မှာ ကျွန်တော်ဘာမှ မပြောလိုပါဘူး။

အနဂ္ဂ

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတာ အကောင်းဆုံးပါပဲ။ ဒါမှ ဘက်မျှတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာမှာပါ။ အခုဒီအတိုင်းရှိနေတဲ့ ဥပဒေက ဘက်မမျှတဲ့ ဥပဒေဖြစ်နေတယ်။ ပြည်သူကို အကျိုးမပြုတဲ့ ဥပဒေပေါ့။ ပြည်သူကို အကျိုးပြုတဲ့ ဥပဒေဖြစ်ဖို့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲတာ အကောင်းဆုံးပါပဲ။

သျှီ

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာတော့ မလေ့လာထားဘူး။ ဂျာနယ်တွေ၊ အသံလွှင့် ကဏ္ဍတွေကို နားထောင်ကြည့်ရင် အချို့ အချက်တွေက အစ်မတို့ အကြိုက်အရ ပြင်ဆင်သင့်တယ်လို့ ယူဆတယ်။ နိုင်ငံရေးသမားလဲ မဟုတ်တော့ သေချာတော့မသိဘူး။ အစ်မအထင်တော့ ပြင်တာက ပိုကောင်း ပါတယ်။

နိုင်ဇော်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်သင့် မပြင်ဆင်သင့်နဲ့ ပတ်သက်ပြီး ဆောင်းပါး ရေးဖူးတယ်။ အဓိက ပြင်သင့်မပြင်သင့် ဖြစ်နေတာက ရွေးကောက်ပွဲမှာ ဒေါ်စု ဝင်ပြိုင်လို့ရအောင်ဖြစ် နေကြတာပါ။ ကျွန်တော်ပြောချင် တာကတော့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်လို့ရအောင် အခွင့်အရေး တစ်ခုပေး၊ ပြီးမှ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရင်ပြင်။ အဲဒီလိုဖြစ်စေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ပြီး နေရာတစ်ခုရပြီးမှ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်သင့်တယ်လို့တော့ ထင်ပါတယ်။

ရန်ရန်ချန်း

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ရင် သိပ်တော့နားမလည်ပါဘူး။ ဒါပေမဲ့ အသစ်ပြန်လည်ရေး ဆွဲလိုက်တာတော့ အကောင်းဆုံး ပါဘဲလို့ ထင်ပါတယ် ဟု အနုပညာရှင်တချို့ရဲ့ ဆန္ဒအမှန်ကို တွေ့မြင်ခဲ့ရပါတယ်။

Mizzima - News in Burmese