ရာဇာမင်းယာဉ်မောင်း (ခ)လိုင်စင်ဖြစ်နေ၍ အလုံးစုံအာမခံလျော်ကြေး အာမခံကုမ္ပဏီက ငြင်းနိုင်

ပို့စ်တင်ချိန် - 5/19/2014 02:28:00 PM


ဖြိုး| တနင်္လာနေ့၊ မေလ ၁၉ ရက် ၂၀၁၄ ခုနှစ်

နေပြည်တော် - ရန်ကုန်ပြေးဆွဲသည့် ရာဇာမင်းကားတိမ်းမှောက်ခြင်း၌ ယာဉ်မောင်းသည် အဆင့်မီ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်မထားသဖြင့် ကားအတွက် အလုံးစုံအာမခံလျော်ကြေးကို အာမခံကုမ္ပဏီဘက်မှ ငြင်းပိုင်ခွင့်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။

အဆိုပါတိမ်းမှောက်ခဲ့သည့် ရာဇာမင်းယာဉ်သည် ဧရာမြန်မာအာမခံကုမ္ပဏီ၌ ၂၀၁၄ ဧပြီ ၂၂ ရက်က သိန်း ၉၀၀ ဖြင့် အလုံးစုံအာမခံထားရှိထားသည့် ယာဉ်တစ်စီးဖြစ်သည်။

“သတ်မှတ်လိုင်စင်နဲ့ မမောင်းရင် ယာဉ်အလုံးစုံအာမခံလျော်ကြေးကို ဥပဒေအရ ငြင်းပိုင်ခွင့်ရှိပါတယ်။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရာဇာမင်းကားမှာ ယာဉ်မောင်းက မူလကားကြီးလိုင်စင်ကို သိမ်းခံထားရ သူဖြစ်တယ်။ (ခ)လိုင်စင်ကိုင်ပြီး တက်မောင်းတာ အကြီးမားဆုံးပြဿနာ ပါပဲ။ အဲဒီအတွက် အာမခံကုမ္ပဏီအနေနဲ့ လျော်ကြေးကို သေချာပေါက်ငြင်းခွင့်၊ ကန့်သတ်ခွင့်ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ကလည်း ခရီးသည် အားလုံးကို သတ်မှတ်ထားတဲ့ လျော်ကြေးပေးပေမယ့် ယာဉ်ကိုပေးဖို့တော့ သူတို့စဉ်းစားနေတယ်”ဟု ၎င်းက ပြောသည်။

အလုံးစုံအာမခံထားရှိသည့်ယာဉ်သည် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါက သိန်း ၉၀၀ အာမခံထားလျှင် ၎င်းပမာဏအတိုင်း ပြန်လည်ရရှိနိုင်သော်လည်း ၎င်းယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်းသည် အဆင့် မီသည့် ယာဉ်မောင်း လိုင်စင်ကိုင်ဆောင် မောင်းနှင်သူဖြစ်ရမည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အာမခံ လျော်ကြေးကို သက်ဆိုင်ရာ အာမခံကုမ္ပဏီက ငြင်းပိုင်ခွင့်ရှိကြောင်း ဦးအေးမင်းသိန်းက ရှင်းလင်းပြောကြားသည်။

အဆိုပါ ရာဇာမင်းယာဉ်မောင်းသည် လွန်ခဲ့သောတစ်နှစ်ကျော်က ရန်ကုန်မြို့၌ ယာဉ်သုံးစီးနှင့် ဆက်တိုက် ယာဉ်တိုက်မှုဖြစ်ကာ လူသေဆုံးမှုရှိခဲ့သောကြောင့် ၎င်းင်း၏ လိုင်စင်ကို နှစ်အကန့်အသတ်မရှိ ပိတ်သိမ်းခံထားရသူဖြစ်ကြောင်း အဝေးပြေး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌဦးသန်းထွန်း က ပြောသည်။

အဆိုပါယာဉ်မောင်းသည် နေပြည်တော်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ကုသမှုခံယူလျက် ရှိသည်။ထို့ကြောင့် အဝေးပြေးအမြန်လမ်းမ၌ မောင်းနှင်မည့်ခရီးသည်တင် လေအိတ်ယာဉ်များတွင် သတ်မှတ်ထား သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း လိုက်နာခြင်းရှိ၊ မရှိ၊ မောင်းနှင်သည့် ယာဉ်မောင်းများ အရည်အသွေးပြည့်မီခြင်းရှိ၊ မရှိတို့ကို မေ ၁၂ ရက်မှစ၍ မန္တလေးမြို့ ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ခရီး သည် တင်ယာဉ်ရပ်နားစခန်း၌ သက်ဆိုင်ရာဌာနများ ပူးပေါင်းစစ်ဆေးလျက်ရှိသည်။

Mizzima Burmese