မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ထွန်းထွန်းမင်းက ခရွမ်(ထိုင်း)ကို အလဲထိုး အနိုင်ရ

ပို့စ်တင်ချိန် - 5/19/2014 03:00:00 PM


အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်တို့က ကြီးမှူးပြီး H&S Group တို့မှ စီစဉ်ကျင်းပသည့် မြန်မာနှင့်ထိုင်းလက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင်ရန်ကုန်မြို့ သိမ်ဖြူအားကစား ခန်းမ၌ ကျင်းပသည်။

မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲအဖြစ် မြန်မာ နှင့် ထိုင်းလက်ဝှေ့သမားတို့ ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်း သုံးဆိုင်းအပါအဝင်အခြားတွဲဆိုင်း ခုနစ်ဆိုင်းတို့ ပါဝင်ထိုးသတ်ကြသည်။တွဲဆိုင်းများ၏ ပထမပွဲစဉ်တွင်
သားအောင်ပွဲမောင် (အဖြူရောင်သွေးသစ်)နှင့် သိန်းစိုး(ငှက်အော်စမ်း)တို့ပွဲစဉ်တွင် သားအောင်ပွဲ မောင်(အဖြူရောင်သွေးသစ်)မှာ အမှတ်စဉ် ရေတွက်ခံရ၍ သိန်းစိုး(ငှက်အော်စမ်း)က လည်းကောင်း၊

ဒုတိယပွဲစဉ်တွင် ဇင်ကိုဖူး (ဝါဆို)နှင့် ထွန်းဝင်းကျော်(ရွှေကျားမင်း)တို့ပွဲစဉ် တွင် လက်ရည်မမျှသဖြင့် ဇင်ကိုဖူးက လည်း ကောင်း အနိုင်ရခဲ့သည်။ မိုက်မိုက (T & T)နှင့် ခွန်ချိုင်းထက်(အဖြူရောင်သွေးသစ်)တို့ပွဲစဉ်တွင် တတိယအချီပြည့် ထိုးသတ်ယှဉ်ပြိုင်သော်လည်း အနိုင်အရှုံးမပေါ်ဘဲ သရေပွဲဖြစ်သွားသည်။

လေးချီပွဲစဉ်များကျင်းပရာ ပထမပွဲစဉ် ကျော်ဝင်းအောင်(ငှက်အော်စမ်း)နှင့် မောင်ကောင်း(T & T)ပွဲတွင် စတုတ္ထအချီပြည့် ယှဉ်ပြိုင်ထိုးသတ် သော်လည်း သရေပွဲသာဖြစ်သွားခဲ့သည်။ ဒုတိယ ပွဲစဉ်စောဖြိုးဝေ(အဖြူရောင်သွေးသစ်)နှင့်ဖြူလေး (မုဒုံသား)တို့ ပူးတွဲသရေဖြင့်သာ ကျေနပ် ခဲ့ရသည်။ ရှမ်းလေး(ဝါဆို)နှင့် သန်းဇော်ဌေး (ငှက်အော်စမ်း)တို့ ပွဲစဉ်တွင် သန်းဇော်ဌေးမှာ တတိယအချီထိ ယှဉ်ပြိုင်သော်လည်း လက်ရည် မမျှသဖြင့် ရှမ်းလေး(ဝါဆို)အနိုင်ရခဲ့သည်။

ဆက်လက်၍ ငါးချီစိန်ခေါ်ပွဲများယှဉ်ပြိုင် ရာ ပထမပွဲစဉ်တွင် စောလယ်ဘွယ်ထူး (T & T) နှင့် ထွန်းနိုင်ဦး(အဖြူရောင်သွေးသစ်)တို့ ယှဉ်ပြိုင် ရာ ပူးတွဲသရေကျခဲ့သည်။

ပရိသတ်များ အထူးမျှော်လင့်အားပေး ကြသော မြန်မာနှင့် ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ များအား ဆက်လက်ယှဉ်ပြိုင်ရာ ပထမပွဲစဉ်အဖြစ် ကြယ်စင်ဖြိုး (မြန်မာ/အဖြူရောင်သွေးသစ်)နှင့် ဂွန်ချန်ပဲ(ထိုင်း)တို့ပွဲတွင် အထူးစိန်ခေါ်ပွဲများပီပီ အမှားမခံဘဲ ဟာကွက်စောင့်ထိုးသတ်ကြသည်။ သူတစ်ပြန်ကိုယ်တစ်ပြန် လက်ရည်တူ ယှဉ်ပြိုင် ထိုးသတ်ကြပြီး ပူးတွဲသရေကျသဖြင့် အားပေး နေသော ပရိသတ်၏ အသံက တစ်ခန်းလုံး ပွက်လောညံသွားခဲ့သည်။

ဒုတိယပွဲစဉ်အဖြစ် ပြည်နယ်/တိုင်းဒေသ ကြီး ရွှေဆုရှင်စောဂေါ်မူတို (မြန်မာ/သတ္တိ)နှင့် ဖုထိုင်း(ထိုင်း)တို့ယှဉ်ပြိုင်ရာ ပထမအချီတွင် တစ်ဦးနှင့်တစ်ဦး ဟာကွက်ချောင်းနေကြပြီး ဒုတိယအချီတွင် စောဂေါ်မူတို၏ ချိုစောင်းတိုက် ချက်ကြောင့် ဖုထိုင်း(ထိုင်း)မျက်ခုံးထိပြီး လဲကျ၍ နှစ်မိနစ်အနားတောင်းရသည်။ ဒုတိယအချီစစချင်း မှာပင် စောဂေါ်မူတိုဒူးတိုက်ချက် ဖုထိုင်းရင်ဝထိပြီး ပြန်မထနိုင်သဖြင့် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ပရိသတ်များ စိတ်ဝင်စားဆုံးနောက်ဆုံးပွဲ စဉ်မှာ ထွန်းထွန်းမင်း(မြန်မာ/မုဒုံသား)နှင့် ခရွမ်(ထိုင်း)တို့ပွဲစဉ်ဖြစ်သည်။ ခရွမ်(ထိုင်း)သည် မြန်မာလက်ဝှေ့သမားနှင့် ယှဉ်ပြိုင်ထိုးသတ်ဖူး သည့် အတွေ့အကြုံရှိရုံမက ဧပြီ ၁ ရက်က မွန် ပြည်နယ်တွင် ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ ပွဲတွင် ခရွမ်က မြန်မာ့လက်ဝှေ့ချန်ပီယံစောငမန်း ကို ဒုတိယအချီတွင် အနိုင်ရခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် တွေ့မရှောင်နှင့်ပွဲတွင် စတုတ္ထ အချီ၌ တွေ့မရှောင်ကို ရှုံးနိမ့်ခဲ့သည်။

ယခုပွဲစဉ်တွင် ထွန်းထွန်းမင်း (မြန်မာ/မုဒုံ သား) နှင့် ခရွမ်(ထိုင်း)တို့ ထိုးသတ်ရာ ပထမ အချီနှင့် ဒုတိယအချီတို့တွင် ထွန်းထွန်းမင်းက ဖြောင့်လက်သီးနှင့် ဒူးများသုံးကာ ခရွမ်(ထိုင်း)က ဝိုက်လက်သီးဖြင့် ပင့်ထိုးသလို တံတောင်ဖြင့်လည်း တိုက်သည်။ တတိယအချီတွင် ခရွမ်(ထိုင်း)က ဝင်လုံး၍ ကိုင်ပေါက်ရန် ကြိုးစားစဉ်မှာပင် ထွန်းထွန်းမင်းက မေးစေ့ကို လျှပ်တစ်ပြက်တိုက် သဖြင့် လဲကျပြီး နှစ်မိနစ်အနားတောင်းရသည်။

ပြန်အထတွင် ခရွမ်(ထိုင်း)၏ ကန်ချက်ကို ထွန်းထွန်းမင်းက ဖမ်းဆွဲပြီး ထောက်လက်သီး တစ်လုံးပစ်သွင်းသဖြင့် ခရွမ်(ထိုင်း) ဒုတိယအကြိမ် အနားတောင်းရပြန်သည်။ စတုတ္ထအချီတွင် ထွန်းထွန်းမင်းတံတောင်က ခရွမ်(ထိုင်း)မျက်နှာ ထိ၍ တတိယအကြိမ် အနားတောင်းရပြန်သည်။ နောက်ဆုံးပဉ္စမအချီတွင် ထွန်းထွန်းမင်းအချိန် ဆွဲမနေတော့ဘဲ ချိတ်လက်သီးနှင့် ဒူးတိုက်ချက် များ တရစပ်ပစ်သွင်းပြီး ခရွမ်(ထိုင်း)ကို ပွဲသိမ်းပေး လိုက်နိုင်သဖြင့် ပရိသတ်အထူးကျေနပ် နှစ်သက်ခဲ့ သော ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

သတင်း-အောင်ကျော်ဦး
ဓာတ်ပုံ-ခင်မောင်ဝင်း

The Mirror Daily