ကားဒါရိုင်ဘာနဲ့ ယာဉ်နောက်လိုက်လောက အမျိုးသမီးတွေ တိုးဝင်လာနေပြီ

ပို့စ်တင်ချိန် - 5/19/2014 10:51:00 PM


ဘတ်စ်ကားဒရိုင်ဘာ၊ တက္ကစီဒရိုင်ဘာဆိုတာ မြန်မာပြည်မှာ အမျိုးသားတွေပဲ လွှမ်းမိုးထားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနယ်ပယ်ထဲကို မြန်မာအမျိုးသမီးတွေ တစတစ တိုးဝင်လာနေပါပြီ။ မြန်မာအမျိုးသမီးတွေအတွက် ပြင်ပမှာ ကားဒရိုင်ဘာအဖြစ် ရင်ဘောင်တန်း ရပ်တည်မှုဟာ အထူးအဆန်းတစ်ခုလား။

ရာထူးမြင့်တဲ့နေရာတွေမှာ အမျိုးသားတွေကိုသာ အရေးပေးလေ့ရှိတဲ့ထုံးစံထဲမှာ အမျိုးသမီးတွေ ထက်ထက်မြက်မြက်ရှိတာကို အရမ်းသဘောကျတဲ့သူကတော့ တက္ကစီဒါရိုင်ဘာ မစုမွန်ကျော်ပါ။ ကားမောင်းမကျွမ်းကျင်ဘဲ မောင်းနေသူတွေများလာနေတဲ့ ရန်ကုန်မှာ ကားနဲ့ဖက်ပြီးကြီးပြင်းလာတဲ့ အမျိုးသမီးတွေဟာ ကျန်အမျိုးသားတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

အမျိုးသားတွေမောင်းတဲ့ တက္ကစီတွေတောင် ညဘက်ကားဆွဲတဲ့အခါ လုယက်ခံရတာမျိုးရှိတာကြောင့် ဒီအချက်ဟာ အမျိုးသမီးဒရိုင်ဘာတွေအတွက် သတိထားရမယ့်အချက်ပါ။ ကိုယ်ပိုင်တက္ကစီနဲ့ ဒါရိုင်ဘာလုပ်နေတဲ့ မဌေးဌေးဝင်းက ညဘက်တွေဆို လမ်းကြိုလမ်းကြားမလိုက်ဘဲ အုံနာခရှာစရာမလိုလို့ စိတ်တောင် လွတ်လပ်ပေါ့ပါးတယ်လို့ ဆိုပါတယ်။

အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး တက္ကစီယာဉ်မောင်းအဖြစ် ရပ်တည်နေတဲ့ အမျိုးသမီးဒါရိုင်ဘာ ရန်ကုန်မှာ ၃ဝလောက်ရှိပါပြီ။ ဗိုလ်တထောင်ဘုရားမှာ ဂိတ်ထိုးတဲ့ ၄၈လိုင်းမှာလည်း မေလ ၁၇ရက်နေ့ကစပြီး အမျိုးသမီး စပယ်ယာ ၁၁ယောက်ကို ခန့်ခဲ့ပါတယ်။ မအိနန္ဒာက ယောက်ျားတစ်ယောက်ကို မှီခိုစရာမလိုဘဲ ကိုယ်တိုင်ဝင်ငွေရှာရတာကို ကျေနပ်ပါသတဲ့။

မကြာခင် ရန်ကုန်မြို့ကြီးမှာ အမျိုးသမီးတက္ကစီဒါရိုင်ဘာတွေ၊ ကားစပယ်ယာတွေ ဝမ်းရေးအတွက် တာဝန်ထမ်းဆောင်နေကြတဲ့မြင်ကွင်းဟာ သမားရိုးကျမြင်ကွင်းတစ်ခု ဖြစ်လာတော့မှာပါ။

Kamayut Media