မိုင်းတွင်း ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေသူများ အတွက် ယူရို ၁ သန်း လှူဒါန်းခဲ့သည့် ဒရော့ဘာ

ပို့စ်တင်ချိန် - 5/19/2014 10:50:00 PM


တူရကီနိုင်ငံ၊ ဆိုမာမြို့တွင် မိုင်းတွင်း ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်နေသူများ အတွက် ဂါလာတာဆာရေး တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက ယူရို ၁ သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ဂါလာတာဆာရေး ကစားသမားများသည် ကေစီရီအာစီယက်စ်ပေါ် အသင်းနှင့် ကစားသည့် ပွဲမတိုင်မီတွင် မိုင်းအလုပ်သမားများ ဆောင်းသည့် ဦးထုပ်များ ဝတ်ဆင်ကာ အားပေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ကုလသမဂ္ဂ သံအမတ်လည်း ဖြစ်သည့် အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားက ယူရို ၁ သန်း လှူဒါန်းခဲ့သည်။

“ကျွန်တော်က ကုလသမဂ္ဂ သံအမတ် တစ်ယောက် ဖြစ်တဲ့အတွက် ဆိုမာမှာ အကူအညီလိုတဲ့သူ အားလုံးကို ကူညီသွားမှာပါ။ ဒါပေမဲ့ ကျွန်တော့်နာမည်ကို လူတိုင်း အသုံးပြုတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်က ဒီလိုနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို နာမည်ရအောင် လုပ်တဲ့သူမျိုး မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို နာမည်ရအောင် လုပ်ဖို့က ကျွန်တော့်အတွက် မလိုအပ်ပါဘူး” ဟု ဒရော့ဘာက ပြောကြားခဲ့သည်။

မေလ ၁၃ ရက်က တူရကီနိုင်ငံ၊ ဆိုမာမြို့တွင် မြေအောက်မိုင်းတွင်း ပေါက်ကွဲကာ မီးလောင်မှုကြောင့် ၃၀၁ ဦး သေဆုံးခဲ့ပြီး ၎င်းသည် တူရကီ သမိုင်းတွင် အဆိုးရွားဆုံး မိုင်းတွင်းပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။

Ref: goal
soccer myanmar