အာာဏာမက် စစ်တပ် မဟုတ်ကြောင်းသက်သေပြ ဖို့ ဒေါ်စု စိန်ခေါ်

ပို့စ်တင်ချိန် - 5/19/2014 04:49:00 PM


၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကနေ ဒီနှစ်အတွင်း  ပြုပြင်နိုင်အောင် တပ်မတော်သားတွေ အားလုံး ပူးပေါင်းပါဝင်ခြင်းအားဖြင့်၊ စစ်တပ်ဟာ အာဏာ နဲ့ အခွင့်ထူးကို မက်မောနေတာ မဟုတ်ကြောင်း သက်သေထူကြပါလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။

မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲှ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ တနင်္ဂနွေနေ့ မနက်က ပူးပေါင်းကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။

"ဥပဒေဘောင်အတွင်းက လွှတ်တော်အတွင်ကနေပြီးတော့ ကျုပ်တို့တွေ ပြင်ဆင်သွားမယ်၊ ကျပ်တို့တွေ ဟာ အာဏာမက်မောလို့ အထူးအခွင့်အရေးမက်မောလို့ မြေယာမက်မောလို့ လုပ်နေတာဆိုတာ မဟုတ်ဘူးလို့ သက်သေထူလိုက်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်၊ တနည်းအားဖြင့်ပြောရမယ်ဆိုရင် စိန်ခေါ်မှုလို့လည်းပြောလို့ရပါတယ်၊ကျမစိန်ခေါ်ပါတယ် တကယ်လည်း တိုင်းပြည်ကိုချစ်တယ်၊တကယ် လည်း ပြည်သူလူထုကို လေးစားတယ်၊ တကယ်လည်း သတ္တိရှိတယ်၊တယ်လည်း တိုင်းပြည်ရဲ့ အနာဂတ် အတွက် အမျှော်အမြင်ရှိတယ်ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီနှစ်အတွင်းမှာ လွှတ်တော် အတွင်းကနေပြီးတော့ ပြုပြင်နိုင်အောင်လို့ တပ်မတော်သားတွေ၊တပ်မတော်သားများ အားလုံးဝိုင်းဝန်း ပြီးတော့ လုပ်ကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်"

အသက် ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပါဝင်လိုတယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိတွေဆီ စာရေးသားတိုက်တွန်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

မန္တလေး အောင်ပင်လယ် လူထုဟောပြောပွဲကို မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊  ရှမ်း ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ နဲ့ ပြည်သူတွေ သောင်းနဲ့ချီ တက်ရောက် ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ပင်လယ်ကွင်း ဟောပြောပွဲအပြီး နေ့လည် ပိုင်းမှာ မန္တလေးမြို့ခံတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ဟိုတယ် ရွှေပြည်သာ မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လာမယ့် မေလ ၂၇ ရက်ကစပြီး ၂ လကြာ ပြုလုပ်မဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူလူထုက လက်မှတ်ရေးထိုးပါဝင်လာရေး လှုပ်ရှားမှုနဲ့ ပါတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ငွေကြယ်ပွင့်လေးများ ပရဟိတ စာသင်ဝိုင်းအဖွဲ့က ကိုကျော်ဇေယျက ပြောပါတယ်။

"အဓိကကတော့နော် ကျနော်တို့ ဒီ ၄၃၆ ကိုပေါ့နော်၊ရပ်မိရပ်ဖတွေက ဦးဆောင်ပြီးတော့ပေါ့နော် ၂၇ ရက်နေ့မှာပေါ့ ရုံးတွေမှာ ဦးဆောင်ပြီးတော့ ထိုးပေးဖို့ပေါ့နော် သတ္တိရှိရှိနဲ့ပေါ့၊ ကျနော်တို့အနေနဲ့ မေ ၂၇ ကနေ ဇူလိုင် ၁၉ ရက်နေ့အထိကို ဒီ ၄၃၆ နဲ့ပတ်သက်ပြီး ကမ်ဘိမ်းသဘောမျိုးပေါ့ မြို့နယ် ရုံးတွေ၊ရပ်ကျေးရုံးတွေမှာ ဗဟိုကနေစာအုပ်တွေပေးပြီးတော့ လက်မှတ်ထိုးရမှာပေါ့နော် "

ပုဒ်မ ၄၃၆  ပြင်ဆင်နိုင်ရေးနဲ့ပတ်သက်တဲ့ အလားအလာတွေကို ဒေါ်အောင်ဆန်း စုကြည် နဲ့ တက်ရောက်လာသူ တစ်ချို့ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese