အပြာရောင်ကျောက်တုံး


ထိုင်ဝမ်စာရေးဆရာ၊ ပန်းချီဆရာ Jummy ရဲ့ "အပြာရောင်ကျောက်တုံး" လို့ အမည်ရတဲ့ လက်ရာလေးပါ။ လူ့ဘဝကို အပြာရောင် ကျောက်တုံးတစ်တုံးနဲ့ သရုပ်ဖော်သွားခဲ့ပါတယ်။ မျှော်လင့်ချက်ရှိနေသမျှတော့ ဘယ်လောက်ပဲခက်ခဲတဲ့ အခက်အခဲနဲ့ ကြုံပါစေ နောက်ဆုံးမှာ အိပ်မက်တွေ တကယ်အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ စာကနည်းနည်းရှည်ပါတယ်.. ခံစားကြည့်ပါဦးလို့...း)

အပြာရောင်ကျောက်တုံး
_______________

နှစ်တစ်သောင်း ကုန်လွန်ပြီးနောက်….. နှစ်တစ်ထောင် ကုန်လွန်ပြီးနောက်… နှစ်တစ်ရာ ကုန်လွန်ပြီးနောက်…. ဆယ်စုနှစ် ကုန်လွန်ပြီးနောက်…..

တောနက်တစ်နေရာမှာ အပြာရောင်ကျောက်တုံးတစ်တုံး လဲလျောင်းနေခဲ့တယ်။ တောနက်ထဲက ငှက်တွေရဲ့ တေးသီသံ၊ လေထဲလွင့်ဝဲနေတဲ့ပန်းရနံ့နဲ့ သစ်ရွက်တွေကြားက ထိုးဆင်းလာတဲ့နေပြောက်တွေကို သူနှစ်သက်ခဲ့တယ်။ ဒီတောထဲမှာပဲ ထာဝစဉ်လဲလျောင်းခွင့်ရမယ်လို့ သူထင်နေခဲ့တယ်။

ဒါပေမယ့် တစ်နေ့မှာ တောမီးလောင်ခဲ့တယ်။

တောမီးတွေ နေရာအနှံ့ လချီကြာလောင်မြိုက်ခဲ့တယ်။ အရှေ့မှ အနောက်၊ တောင်မှမြောက်ကူးစက်ခဲ့တာ တစ်လောကလုံး မီးခိုးလုံးတွေနဲ့ အမှောင်ကျခဲ့ရတယ်။ ဗလာဖြစ်နေတဲ့ ဟင်းလင်ပြင်ကြီးမှာ မည်းညစ်ညစ် ကျောက်တုံးတစ်တုံးသာ ကျန်ရစ်ခဲ့တော့တယ်။ ပင်လယ်ရေမရတဲ့ ဝေလငါးတစ်ကောင်လို့ သစ်ပင်မရှိတော့တဲ့တောအုပ်ထဲမှာ ကျောက်တုံးမည်းတစ်တုံး လဲလျောင်းနေခဲ့တယ်။

တိမ်တွေညိုမည်းပြီး မိုးတွေအဆက်အပြတ် သည်းသည်းထန်ထန် ရွာသွန်းခဲ့တယ်။ ၇၇၄၉ရက်ကြာအောင် ဆက်တိုက်ရွာသွန်းခဲ့တယ်။ မိုးတိတ်သွားပြီးနောက် ကောင်းကင်တစ်ခုလုံး လင်းလက်လာခဲ့တယ်။ လေထုတွေ တဖြေးဖြေး ကြည်လင်လာခဲ့တယ်။ မိုးရေတွေနဲ့အတူ ကျောက်တုံးပေါ်က မည်းညစ်ညစ်မီးခိုးတွေ ပါသွားခဲ့ပြီး လှပတဲ့အပြာရောင်က နေရောင်နဲ့အတူ တောက်ပလာခဲ့တယ်။

ဗလာကျင်းနေတဲ့လောကကြီးက ရောင်ခြည်အသစ်နဲ့ တဖြေးဖြေး ပြန်နိုးထလာလိမ့်မယ်လို့ ကျောက်တုံးထင်ခဲ့တယ်။ ဒါပေမယ့် သူမှားသွားခဲ့တယ်…. ကျောက်တုံးကြီးက နှစ်ခြမ်းကွဲပြီး ခွဲခွါသွားရလိမ့်မယ်လို့လည်း အိပ်မက်ထဲတောင် သူတွေးထင်မထားခဲ့မိဘူး။

ခရီးလမ်းပေါ် ခြေချတာနဲ့ သူရဲ့လွမ်းဆွတ်ခြင်းက စခဲ့တယ်….

အေးစက်တဲ့ တောင့်တစ်နေရာမှာ သူငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့တယ်။ သူ့ဘေးမှာ ယောက်ျားသားတစ်ဦး ထိုင်ပြီးတွေးတောနေတယ်။ ပြတင်းပေါက်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ နေရောင်တစ်ချို့က အခန်းကို လင်းထိန်စေခဲ့တယ်။

၁၈လကြာပြီးနောက် ဝေးလံတဲ့နေရာတစ်ခုဆီ သူအပို့ခံလိုက်ရတယ်။

ဆူညံမွမ်းကြပ်နေတဲ့ လောကတစ်ခုထဲ သူရောက်လာခဲ့တယ်။ လူတွေကသူ့ကို ချီးမွမ်းကြတယ်။ သူ့ကို အရူးတစ်ပိုင်း စွဲလမ်းကြတယ်။ သူ့ဘေးကနေ မခွါနိုင်ဖြစ်ခဲ့ကြတယ်။

ချမ်းအေးတဲ ဆောင်းတစ်ညမှာ လမ်းမှားတဲ့ကလေးငယ်တစ်ယောက်က မျက်ရည်အဝဲသားနဲ့ သူ့ကိုမေးခဲ့တယ်။

“ကျောက်တုံးကြီး.. ကျောက်တုံးကြီး.. ကျွန်တော့်အိမ်ဘယ်မှာလဲ သိလား”

ကိုယ်နဲ့မရင်းနှီးတဲ့မြို့မှာ ကျောက်တုံးကြီးခပ်ထီးထီးရပ်ပြီး တွေဝေနေခဲ့တယ်။ သူအိမ်ပြန်ချင်နေခဲ့တယ်။ တောအုပ်ထဲက အိမ်ဆီ သူပြန်ချင်နေခဲ့တယ်။

ညသန်းခေါင်းယံအချိန် အပြာရောင် မီးပျံပူဖောင်းတစ်လုံး သူမျက်စိရှေ့က ဖြတ်ပျံသွားခဲ့တယ်။ တောအုပ်ထဲမှာ ကျန်နေတဲ့ ကျောက်တုံးတစ်ခြမ်းကို သူသတိရလိုက်မိတယ်။ ကြီးမားတဲ့ လွမ်းဆွတ်မှုတစ်ခုက သူ့ရင်အစုံကို ကွဲအက်စေခဲ့တယ်။ တခဏအတွင်း အရုပ်ကြိုးပြတ် သူလဲကျသွားခဲ့တယ်။

ကွဲအက်သွားတဲ့ ကျောက်တုံးစတစ်ချို့ လွင့်ပစ်ခံလိုက်ရတယ်။ ပိုကောင်းတဲ့အခြမ်းကို ချမ်းသာတဲ့ အဘွားအိုတစ်ဦးဆီ သူတို့ရောင်းလိုက်ကြတယ်။ အဘွားအိုက နာမည်ကြီး အနုပညာရှင်တစ်ဦးကို ခေါ်ယူပြီး အပြာရောင်ကျောက်တုံးကို ပုံစံသွင်းခိုင်းလိုက်တယ်။

၉လလွန်မြောက်ပြီးနောက် အပြာရောင်ကျောက်တုံးက ဒီထက်ဝေးတဲ့ နယ်မြို့တစ်မြို့ဆီ အပို့ခံလိုက်ရပြန်တယ်။ အဘွားအိုရဲ့ တိတ်ဆိတ်တဲ့ပန်းခြံတစ်ခုထဲ သူရောက်လာခဲ့တယ်။

ချမ်းသာကြွယ်ဝတဲ့အဘွားကြီးက သဘောကောင်းပေမယ့်၊ အရင်ကထက် လူတွေအားကျငေးမောတဲ့ အရည်အသွေးတွေ သူ့မှာရှိခဲ့ပေမယ့် ကျောက်တုံးကြီး မပျော်ခဲ့ဘူး။

နေပူမိုးရွာပါစေ…. မနက်တိုင်း ပန်းခြံထဲ အဘွားအိုရောက်လာတတ်တယ်။ ကျောက်တုံးပြာရဲ့ ဘေးမှာထိုင်ပြီး စကားတီးတိုးပြောနေတတ်တယ်။

လေပြင်းတိုက်တဲ့ ဆောင်းဦးမနက်ခင်းတစ်ခုမှာ အဘွားအိုမူးလဲပြီး သူ့ဆီ အရောက်မလာနိုင်ခဲ့ဘူး။ သူ့ကိုနှစ်သက်တဲ့ အဘွားအိုရဲ့ ချစ်ခြင်းတွေသာ လေနဲ့အတူ သူ့ဆီလွှင့်ဝဲလာခဲ့တယ်။

သူအိမ်ပြန်ချင်ခဲ့တယ်။ သူတို့အိမ်ပြန်ချင်ခဲ့တယ်။ တောနက်ထဲက အခြမ်းဆီ သူတို့ပြန်ချင်ခဲ့ကြတယ်။ ပြင်းပြတဲ့ လွမ်းဆွတ်မှုက သူ့ကိုအက်ကွဲစေခဲ့ပြန်တယ်။ သူလဲကျသွားခဲ့ပြန်တယ်။

တစ်နှစ်အကြာမှာ အဘွားအိုရဲ့ မြေးတစ်ယောက် အဝေးက ပြန်ရောက်လာခဲ့တယ်။ မြက်ရိုင်းတွေ ထူထပ်နေတဲ့ ပန်းခြံကိုပြုပြင်ရင်း အပြာရောင်ကျောက်တစ်စကို အဘွားအိုရဲ့မွေးရပ်မြေ ပင်လယ်ကမ်းစပ်မြို့ တစ်မြို့ဆီ သယ်လာခဲ့တယ်။

ပျားပန်းခတ်လှုပ်ရှားနေတဲ့ ပင်လယ်ကမ်းစပ် တစ်နေရာမှာ အပြာရောင်ကျောက်တုံးနေပြီး တံငါလှေတွေ ပင်လယ်ထဲ တပျော်တပါး ထွက်သွားပြီး တပျော်တပါး ပြန်လာတဲ့အဖြစ်ကို နေ့တိုင်း သူငေးကြည့်နေခဲ့တယ်။

တံငါရွာနားက ကောင်မလေးတစ်ယောက် သူ့ချစ်သူကောင်လေးကို ဆိပ်ကမ်းမှာနေ့တိုင်း လာစောင့်နေခဲ့တယ်။ ကောင်လေးပြန်ရောက်လာတိုင်း နှစ်ဦးသားပွေ့ဖက်ကြတာ မြင်ရသူအဖို့ အားကျစရာကောင်းလှတယ်။ တစ်နေ့မှာ ပင်လယ်ဖက်ထွက်သွားတဲ့ ကောင်လေး ပြန်မလာခဲ့တော့ဘူး။ ကောင်မလေးက ဝတ္တရားမပျက် နေထွက်မှ နေဝင်တိုင်အောင် နေ့တိုင်းလာစောင့်နေခဲ့တယ်။

လှိုင်းတွေ ကမ်းစပ်ကိုရိုက်ပုတ်ကြတယ်။ ပင်လယ်လေအေးတွေ သူ့ကိုတိုက်ခိုက်ကြတယ်။ အပြာရောင်ကျောက်တုံးလေး အပြောကျယ်တဲ့ ပင်လယ်ပြင်ကို ငေးမောရင်း အထီးကျန်နေခဲ့ရတယ်။ သူပြန်ချင်တယ်… နွေးထွေးတဲ့အိမ်ကို သူပြန်ချင်တယ်။

ညနက်နက်တစ်ညမှာ ကောင်မလေးရဲ့ အပြာရောင်ဦးထုပ် ပင်လယ်ထဲကျသွားခဲ့တယ်။ တောနက်ထဲကအခြမ်းကို အပြာရောင်ကျောက်တုံး သတိရမိပြန်တယ်။ ဧရာမလွမ်းဆွတ်မှုတစ်ခုက သူ့ရင်အစုံကို ပြေးဆောင့်ခဲ့တယ်။ နေရာမှာ သူလဲကျသွားခဲ့ပြန်တယ်။

အချိန်တွေက စီးဆင်းသွားတဲ့ရေအလား လျင်လျင်မြန်မြန် ဖြတ်သန်းသွားခဲ့တယ်။ လူတွေက ချစ်ကံခေတဲ့ ချစ်သူနှစ်ဦးကို မေ့ခဲ့ကြသလို ပင်လယ်ထဲ ပြုတ်ကျသွားခဲ့တဲ့ အပြာရောင်ကျောက်တုံးကိုလည်း အမှတ်မရကြတော့ဘူး။

အဲဒီလိုနဲ့ တစ်နေ့မှာ အပြာရောင်ကျောက်တုံးကို ရေငုပ်သမားနှစ်ဦး တွေ့ခဲ့တယ်။

ကွဲအက်လိုက်၊ ပုံသွင်းခံရလိုက်၊ အထီးကျန် ဝမ်းနည်းနေသူတွေကို အဖော်ပြုလိုက်ဆိုပေမယ့် အိမ်ပြန်ချင်တဲ့ သူ့ရင်ထဲက ဆန္ဒတွေမချုပ်ငြိမ်းခဲ့ဘူး။ အိမ်ပြန်ချင်တယ်… တောနက်ထဲက အိမ်ကို သူပြန်ချင်နေခဲ့တယ်။

သူ့ကိုယ်ထည်တွေ သေးသထက် သေးခဲ့ရလည်း လွမ်းဆွတ်မှုက ကြီးသထက်ကြီးခဲ့တယ်။

အနုပညာပြတိုက်တစ်နေရာမှာ အပြာရောင်ကျောက် ချိန်ဆွဲခံရပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ လခြမ်းပုံဖြစ်တယ်။ လူတွေရဲ့အကြည့်ကို သူဆွဲဆောင်နိုင်ခဲ့တယ်။ ရင်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။

သူ့ဘဝမှာ တောနက်တစ်ခုရှိခဲ့တယ်၊ တဖြေးဖြေး မြက်ရိုင်းတစ်ပြင်၊ အဲဒီနောက် ပန်းခြံတစ်ခြံ၊ တဖြေးဖြေး လိပ်ပြာတွေရောက်လာတယ်။ ငှက်တွေရောက်လာတယ်။ ဝံပုလွေတွေ ရောက်လာခဲ့တယ် ဆိုတာကို သူပြန်သတိရမိတယ်။

သစ်တောထဲက အေးမြတဲ့လရောင် ပက်ဖြန်းတဲ့ညကို သူသတိရမိတယ်။ ကြယ်တွေ ကြွေလင့်ခဲ့တဲ့ မနက်ခင်းကို သူလွမ်းမိတယ်။ နွေးထွေးတဲ့နေရောင်ခြည်ကြောင့် အသက်ဝင်ခဲ့တဲ့ ညနေခင်းကို သူအောင်းမေ့မိတယ်။ သူအိမ်ပြန်ချင်ခဲ့တယ်…. လွမ်းဆွတ်မှုက သူ့ကိုထပ်တစ်ဖန် ကွဲအက်စေပြန်တယ်။

ကွဲအက်သွားတဲ့ ကျောက်စတွေကို သင်္ချိုင်းမှတ်တိုင်လုပ်တဲ့ အလုပ်ရုံမှာ အရောင်းခံလိုက်ရတယ်။ ဒီနေရာကို လူတွေ ဝမ်းနည်းကြေကွဲတဲ့ အရိပ်အယောင်နဲ့ နေ့တိုင်းရောက်လာကြတယ်။ ကိုယ်ချစ်ခင်နှစ်သက်သူအတွက် နောက်ဆုံးမှတ်တိုင်တစ်ခု ရွေးပေးကြတယ်။ သူတို့ရဲ့ဝမ်းနည်းမှုတွေက ခိုင်မာတဲ့သူ့ရင်အစုံထဲ တဖြေးဖြေးတိုးဝင်ခဲ့တယ်။ ကြာလေ သူအားပျော့လေ၊ ကွဲအက်လွယ်လေ ဖြစ်လာခဲ့တယ်။

ကျယ်ပြန့်တဲ့ မြေပြင်ထက်တစ်နေရာမှာ အပြာရောင် ကျောက်တုံးလေးတစ်တုံး ငြိမ်ငြိမ်သက်သက် တည်ရှိနေခဲ့တယ်။

ကြေကွဲနေတဲ့ ကောင်လေးတစ်ယောက်က နေ့တိုင်း နှင်းဆီပန်းတစ်စည်းယူပြီး အုတ်ဂူရှေ့မှာ တိတ်တဆိတ်ငိုကြွေးခဲ့တယ်။ ကောင်မလေးကို သူတစ်သက်လုံး သတိရနေမယ်လို့လည်း ပြောတယ်။ မကြာပါဘူး… ကြေကွဲတဲ့ကောင်လေး ပျောက်သွားခဲ့တယ်။ နှင်းဆီပန်းမရှိ၊ မျက်ရည်မရှိတော့တဲ့အုတ်ဂူက မြက်ရိုင်းတွေကြားမှာ လဲလျောင်းနေခဲ့တယ်။

အပြာရောင်ကျောက်ခဲလေး အဲဒီနေရာမှာပဲ ရပ်နေခဲ့တယ်။ ဘယ်သူမှ သူ့အတွက် ကောင်းချီးမပေးခဲ့ဘူး။ ဘယ်သူမှ သူ့ကို သတိမရတော့ဘူး။ တောင်တန်းနဲ့ လေညှင်းတွေကို သူလွမ်းဆွတ်ခဲ့တယ်။ လွင်ပြင်ကျယ်ကို စွတ်စိုစေတဲ့ မိုးတွေကို သူသတိရခဲ့တယ်။ နွေဦးမှာ သူဘေးက ခုန်ပေါက်ပြေးလွှားနေတဲ့ သမင်တွေကို သူတမ်းတမိတယ်။

သူအိမ်ပြန်ချင်ခဲ့တယ်………

နှစ်များစွာအကြာမှာ မိဘမဲ့ကလေးတစ်သိုက် လေ့လာရေးထွက်ရင်း လမ်းတစ်နေရာမှာ အပြာရောင် လက်လက်ထနေတဲ့ ကျောက်တုံးတစ်တုံးကို တွေ့ခဲ့ကြတယ်။ ကျောက်တုံးကိုယူပြီး ဂေဟာအုပ်ကို ပေးလိုက်ကြတယ်။ ကျောက်တုံးနဲ့ ကြောင်တစ်ကောင် ထွင်းထုပေးဖို့ သူတို့တောင်းဆိုကြတယ်။

အဲဒီကလေးတွေ နေ့တိုင်း ပြတင်းပေါက်မှာရပ်ပြီး အဝေးကို ငေးကြည့်တတ်ကြတယ်။ သူတို့လည်း ကျောက်တုံးလိုပဲ မမြင်နိုင်တော့တဲ့ အိမ်တစ်အိမ်ကို လွမ်းဆွတ်နေကြပုံရတယ်။

ခရစ္စမတ်အကြိုည….. ခရစ္စမတ်တေးတွေက ပတ်ဝန်းကျင်တစ်ခွင်လုံး ပြန့်လွင့်နေတယ်။ အိမ်တိုင်းရဲ့ ပြတင်းပေါက်ကနေ နွေးထွေးတဲ့အလင်းတွေ ဖြာထွက်နေတယ်။

နှင်းတွေဝဲလွင့်တဲ့သဏ္ဍာန်ကို သူသတိရမိတယ်။ နှင်းဖုံးခံရတဲ့ အေးစက်မှုကို သူသတိရမိတယ်။ သစ်ရွက်တစ်ရွက်ရဲ့ကောက်ကြောင်းကို သူသတိမရနိုင်တော့တဲ့အတွက် ဝမ်းနည်းမိတယ်။ သူ အိမ်ပြန်ချင်နေခဲ့တယ်……………

ကွဲအက်လိုက်၊ ပုံသွင်းခံရလိုက်၊ သိမ်းဆည်းခံရလိုက်၊ မေ့လျော့ခံရလိုက်နဲ့……

လူတွေရဲ့အမြင်ကို သူဂရုမစိုက်ခဲ့ဘူး၊ လူတွေရဲ့အပြောကို သူလျစ်လျူရှူထားတယ်။ တောနက်ထဲက အိမ်နဲ့ အခြားတစ်ခြမ်းကိုပဲ သူစိတ်ထဲမှာ ထည့်ထားတယ်။

ညနက်နက်တစ်ညမှာ ခြေကျိုးနေတဲ့ အိမ်ခြေမဲ့ခွေးတစ်ကောင် လမင်းကိုကြည့်ပြီး ကြေကြေကွဲကွဲ ဆွဲအူလိုက်တယ်။ အိမ်ကသူ့နဲ့ ဝေးသထက် ဝေးခဲ့ပြီလေ…

ခိုင်မာတဲ့ ကျောက်နံရံတစ်ခုထဲ သူမြုပ်ခံထားရပြီး ညည လူတွေရဲ့သက်ပြင်းချသံကို သူနားထောင်ခဲ့ရတယ်။ ထောင်ထဲက ကောင်မလေးတစ်ဦး နေ့တိုင်းငိုယိုခဲ့တယ်။ လမိုက်ညမှာ ကောင်းကင်ရဲ့အလင်းရောင်နဲ့ သူသီချင်းဆိုခဲ့တယ်။ မှောင်မည်းမည်းညမှာ ကြေကွဲစရာကောင်းတဲ့ သီချင်းသံက ကောင်းကင်ပေါ် လင်းလက်နေတဲ့ ကြယ်ရောင်တွေနဲ့ တူနေတယ်။

မနက်ခင်းရဲ့နှင်းရနံ့တွေကို တဖြေးဖြေး သူမေ့သွားမှာစိုးရိမ်မိတယ်။ ကောင်းကင်ထက်က အထီးကျန် သိန်းငှက်ကို မမြင်မတွေ့နိုင်မှာ သူကြောက်ခဲ့တယ်။ အိမ်ကိုလွမ်းတဲ့ သူ့အလွမ်းတွေ တဖြေးဖြေးမှုန်ဝါးလာမှာကို သူစိုးရိမ်ခဲ့တယ်။

ညနေဆည်းဆာမှာ ရင်းနှီးတဲ့ငှက်အော်သံတစ်ခုကို သူကြားခဲ့မိတယ်။ တောနက်ထဲကတစ်ခြမ်းကို သူသတိရမိပြန်တယ်။ လွမ်းဆွတ်မှုက သူ့ကို ကွဲအက်စေပြန်တယ်….

မျှော်လင့်ချက်တွေကို သူလက်မလွှတ်ခဲ့ဘူး။ နေရပ်တောနက်ထဲ ပျံသန်းနိုင်ဖို့ပဲ သူအိပ်မက်ခဲ့တယ်။ ဒါပေမယ့် ရှည်လျားတဲ့ လမ်းတွေကြောင့် သူလမ်းမှားခဲ့ရတယ်… ဦးတည်ရာ ပျောက်ခဲ့ရတယ်…

တောင်နောက်က တောအုပ်ထဲမှာ အပြာရောင်ကျောက်တုံးလေး ဆိတ်ဆိတ်ငြိမ်ငြိမ် လဲလျောင်းနေခဲ့တယ်။ ဒီတောအုပ်က ဟိုးဝေးဝေးကသူ့အိမ်နဲ့ ခပ်ဆင်ဆင်တူတယ်။ ဒါပေမယ့် သူ့တစ်ခြမ်းက ဒီနေရာမှာရှိမနေခဲ့ဘူး။ နယ်လှည့်ဆပ်ကပ်တစ်ခု ဒီမြို့ကိုရောက်လာပြီး ၄ရက်မြောက်နေ့မှာ လူရွှင်တော်တစ်ဦးက သူ့ကိုကောက်ယူသွားခဲ့တယ်။

သူ့ကို ဘောလုံးတစ်လုံးအဖြစ်ပုံသွင်းပြီး လူတွေနှစ်သက်တဲ့အရောင် ခြယ်လိုက်တယ်။ ဆပ်ကပ်နဲ့အတူ နယ်တကာ သူလှည့်လည်ခဲ့တယ်။ လူတွေက သူ့အတွက်လက်ခုပ်တီးကြတယ်။ ညာသံပေးကြတယ်။ သူ့အနားမှာ ပျော်ရွှင်သံတွေ ဝန်းရံနေခဲ့တယ်။

ပူအိုက်တဲ့ နွေတစ်ညမှာ အဝေးတောအုပ်ကလွင့်လာတဲ့ ပန်းသီးကြွေသံကို သူကြားလိုက်မိတယ်။ သူအိမ်ပြန်ချင်နေခဲ့တယ်………..

ကွဲအက်သွားတဲ့ ကျောက်တုံးတစ်တုံးက နှင်းပြင်မှာ နှင်းဖုံးခံထားရတယ်။ ဒါပေမယ့် သူရဲ့ပြင်းပြတဲ့ လွမ်းဆွတ်မှုတွေက နှင်းတွေကို မြန်မြန်အရည်ပျော်စေခဲ့တယ်။ ခွေးကလေးတစ်ကောင်က ကျောက်တုံးကိုကိုက်ချီပြီး သခင်ကိုပေးလိုက်တယ်။

သခင်လူငယ်က သူ့ကို အိမ်အထိသယ်ခဲ့ပြီး အဖိုးတန်တဲ့ပစ္စည်းတစ်ခုလို ထိန်းသိမ်းထားခဲ့တယ်။

တောထဲက မေပယ်လ်ရွက်တွေ အနီရောင်ပြောင်းတဲ့တစ်နေ့မှာ ရင်းနှီးတဲ့ ဆောင်းဦးရဲ့အနံ့အသက်ကို သူရှုရှိုက်ခဲ့မိတယ်။ တောင်အရပ်ကို ပျံသန်းကြမယ့် ငှက်အုပ်တွေကို သူသတိရမိတယ်။ ဝက်ဝံတွေ တွင်းအောင်းပြီး ဆောင်းခိုမယ့်ပုံရိပ်ကို သူမြင်ယောင်မိတယ်။

သူအိမ်ပြန်ချင်ခဲ့တယ်…………

ကွဲအက်သွားတဲ့ကျောက်တုံးကို လူငယ်ကလှပတဲ့အသည်းပုံဖြစ်အောင် ပုံသွင်းလိုက်တယ်။ ပြီးတော့ ချစ်ဦးသူရဲ့လည်တိုင်မှာ ဆွဲထားပေးလိုက်တယ်။ လောကတစ်ခုလုံး လှပတဲ့ ပန်းကမ္ဘာဖြစ်သွားခဲ့တယ်။ နွေဦးရဲ့ပန်းတွေ တောတောင်ဖုံးမတတ် ပွင့်ခဲ့ကြတယ်။ ပျော်ရွှင်တဲ့အသည်းတစ်ခုလို့ ကောင်မလေးရဲ့ ရင်ညွန့်မှာ ကျောက်တုံးလေး မြဲမြဲဖက်တွယ်ထားခဲ့တယ်။

အရာအားလုံးကို ကောင်မလေး ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အပြာရောင်ကျောက်တုံးမှာ ဘာမှမရှိခဲ့ဘူး။

နုနုယ်တဲ့အချစ်တစ်ခု အလွယ်တကူသေဆုံးချိန်မှာ လည်ပင်းထက်က အပြာရောင်ကျောက်တုံးကို ကောင်မလေး ဝမ်းပန်းတနည်း ဖြုတ်ချခဲ့တယ်။ ပြီးတော့ အဝေးကို လွှင့်ပစ်ခဲ့တယ်။

သံနဲ့သစ်သားနှစ်ခုကြားမှာ ကျောက်တုံးတစ်တုံး လဲလျောင်းနေခဲ့တယ်။ မီးရထားတွေက ဟိုမှသည် ပျားပန်းခတ် ဖြတ်သန်းနေကြတယ်။ ဘယ်သူကမှ သူ့ကိုကောက်မယူခဲ့ကြဘူး။ အဝေးတောနက်ကအော်သံကို သူတိုးတိုးလေး ကြားလိုက်မိတယ်။

ရထားတစ်ခါဖြတ်တိုင်း သူပျော်ပျော်ရွှင်ရွှင် တစ်ခါကွဲအက်တယ်
ရထားတစ်စီးဖြတ်တိုင်း သူပျော်ပျော်ရွှင်ရွှင် တစ်ခါကွဲအက်တယ်

……

နောက်ဆုံး အပြာရောင်ကျောက်တုံးက သဲတစ်ပွင့်ဖြစ်သွားခဲ့တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ သဲတစ်ပွင့် ဖြစ်သွားခဲ့တယ်။

နွေလေတိုက်တဲ့အချိန် လေနဲ့အတူ သူပါသွားခဲ့တယ်။
မြို့ပြင်ကို သူအလျင်အမြန် ရောက်လာခဲ့တယ်။
ရွာငယ်ထက်ကို သူအလျင်စလို ကျော်ဖြတ်ခဲ့တယ်။
လမ်းမအတိုင်း မရပ်မနား သူခရီးနှင်ခဲ့တယ်။
အပြောကျယ်တဲ့ပင်လယ်ကို သူညင်ညင်သာသာ ဖြတ်သန်းခဲ့တယ်။
တောနက်ထဲသူရောက်ခဲ့တယ်။
နောက်ဆုံး အခြားတစ်ခြမ်းဆီ သူပြန်ရောက်ခဲ့ပါတယ်....

နိုင်းနိုင်းစနေ (Sunday, May 31, 2009)


သင့်ဘက်က ဆောရီးလို့ တောင်းပန်စကား ပြောဖို့မလိုအပ်တဲ့ အရာများ




ဒီနေ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့စကားကို ဘယ်နှစ်ခါတောင် ပြောပြီးနေပြီလဲ။ တစ်ခါတစ်လေ ကိုယ်တွေးထားတာထက် ပိုပြီး တောင်းပန်ပါတယ်ဆိုတဲ့ စကားကို ပြောဖြစ်နေသလို မလိုအပ်တဲ့အရာတွေ အတွက်လည်း ပြောဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ကိုယ့်ဘက်က အမှားတစ်စုံတစ်ရာ လုပ်ထားမှသာ ဆောရီးလို့ ပြောသင့်တာမျိုးပါ။ ကိုယ့်စကားသံကို အကျယ်ကြီးပြောလိုက်မိတာမျိုး၊ ကိုယ့်သူငယ်ချင်း ရဲ့  မွေးနေ့ကို မေ့နေတာမျိုးတွေ ဆိုရင်တော့ တောင်းပန်ပါတယ်လို့ ပြောသင့်တဲ့ အခြေအနေတွေပေါ့နော်။ ကဲ ကိုယ့်ဘက်က တောင်းပန်တဲ့အကြောင်း မပြောသင့်တဲ့ အချိန်အခါတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။Scrabble ကစားတဲ့အခါ တစ်ဖက်လူကို ကိုယ်ကနိုင်တယ်။ ဒါ့အပြင် ကစားပွဲတစ်ခုခုမှာ ကစားဖော်ကို ကိုယ်ကအနိုင်ရသွားတယ်။ ဒီလိုအချိန်အခါမျိုးမှာ ဆောရီးလို့ မပြောသင့်ပါဘူး။ ပြိုင်ပွဲမှာ အနိုင်ရသွားတာမျိုး၊ ကိုယ်ကတစ်ခုခုမှာ ထူးချွန်နေတာမျိုးတွေကြောင့် တောင်းပန်သင့်တယ်လို့ ဘယ်တော့မှ မထင်ပါနဲ့။ တောင်းပန်စကားလည်း မပြောပါနဲ့။

၂။ကိုယ်တွေ့ဖို့အစီအစဉ်မရှိတဲ့ ၊ စီစဉ်မထားခဲ့တဲ့ အသိတစ်ယောက်နဲ့ တွေ့တဲ့အခါမျိုးမှာလည်း သူ့ကို ဆောရီးလို့ ပြောစရာမလိုပါဘူး။

၃။တန်းစီဝယ်ရတဲ့ နေရာမျိုး တစ်ခုမှာ ကိုယ်မှာလိုက်တဲ့ အစားအသောက်က များလို့၊ ဒါမှမဟုတ် ၅မိနစ်လောက် အချိန်ပေးလုပ်ရတဲ့အရာမျိုးဖြစ်နေလို့ သူတို့ကို တောင်းပန်စရာမလိုပါဘူး။ ကိုယ်ကငွေပေးပြီး ၀ယ်တဲ့သူပါ။ ကိုယ်ကြိုက်တဲ့အရာကို ကိုယ့်စိတ်ကြိုက်ဝယ်ယူလို့ရတယ်လေ။

၎။ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက် တစ်မိနစ်၊ တစ်ရက်၊ တစ်ပတ် စသဖြင့် လိုအပ်တဲ့အချိန်ကို ယူရမှာပါပဲ။ ဒီ့အတွက် ဘယ်သူကိုမှ တောင်းပန်စရာမလိုပါဘူး။

၅။ကိုယ့်အိမ်ကိုလာမယ့် ဧည့်သည်တွေမကြိုက်တဲ့ မုန့်တစ်ခုခုကို လုပ်ထားမိလို့ သူတို့ကို တောင်းပန်စရာမလိုပါဘူး။ ကိုယ်ကတမင်ရည်ရွယ်ပြီး လုပ်ထားတာ မဟုတ်တဲ့အတွက် သူတို့ကို တစ်ခြားအချိုပွဲတစ်ခုခုနဲ့ ပြောင်းဧည့်ခံလိုက်ရုံပါပဲ။

၆။ကိုယ့်ရဲ့အသွင်အပြင်၊ ဆံပင်၊ မိတ်ကပ်စတာတွေက တစ်မျိုးကြီးဖြစ်နေလို့ တစ်ဖက်လူကို တောင်းပန်စရာ ဘာအကြောင်းမှမရှိပါဘူး။ ဒီလိုအဆင်မပြေတာမျိုးဆိုတာကတော့ လူတိုင်းဖြစ်တတ်ပါတယ်။

၇။တစ်ခါတစ်လေ တစ်ယောက်တည်း နေချင်မိတာမျိုးကလည်း ဖြစ်တတ်တဲ့အရာပါပဲ။ လူတစ်ယောက်အတွက် ဒါဟာ လိုလည်းလိုအပ်ပါတယ်။ အဲ့ဒီအတွက် ဘယ်သူ့ကိုမှ တောင်းပန်ဖို့ မလိုပါဘူး။

၈။အခြားတစ်ယောက်ရဲ့ အမြင်ကို သဘောမတူတာမျိုးအတွက်လည်း သင့်ဘက်က တောင်းပန်စရာမလိုပါဘူး။ ဘာ့ကြောင့် သူ့အမြင်ကို သဘောမတူရသလဲဆိုတဲ့ဖြေရှင်းချက် ကိုယ့်မှာရှိနေသရွေ့ပေါ့။

၉။အမျိုးသမီးတွေ ဓမ္မတာလာနေချိန်မှာ စိတ်အားငယ်တတ်ကြပါတယ်။ ငိုချင်လာလို့ ငိုချလိုက်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီ့အတွက်လည်း အခြားသူတွေကို တောင်းပန်ဖို့မလိုအပ်ပါဘူး။

၁၀။ကိုယ့်အမျိုးသားနဲ့ အတူနေတဲ့အခါ ကိုယ်မကြိုက်တဲ့ position၊ ကိုယ်နဲ့အဆင်ပြေတဲ့ အနေအထားတွေကို ပြောပြဖို့လိုအပ်ပါတယ်။ ဒီ့အတွက်လည်း တောင်းပန်တဲ့စကားပြောဖို့ မလိုအပ်ပါဘူး။

Ref:womenshealthmag.com
မေသော်
Trend Myanmar

မဟာသန္တိသုခပိုင်ဆိုင်မှု အရှုပ်တော်ပုံ



ချိတ်ပိတ်ခံထားရသော မဟာသန္တိသုခကျောင်းတိုက်ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
ပိုင်ဆိုင်မှုအတွက် လပေါင်းများစွာ အငြင်းပွားနေခဲ့သည့် ရန်ကုန်မြို့၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်အတွင်းရှိ မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပြဿနာများ အဆုံးသတ်ရေးအတွက် သံဃာများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၀ ရက် ညပိုင်းတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။
သို့သော် ထိုသို့ပြဿနာများ အဆုံးသတ်ရေးအတွက် ကြိုးပမ်းမှုသည် နောင်ဖြစ်လာမည့် ပြဿနာများ၏ အစတစ်ခု ဖြစ်လာခဲ့သည်။ ညဥ့်သန်းခေါင်ယံအချိန်တွင် ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး သီတင်းသုံးနေသည့် သံဃာတော်အချို့ကို လူဝတ်လဲ ထိန်းသိမ်းလိုက်သည့် လုပ်ရပ်သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များအတွက် အံ့သြထိတ်လန့်စရာကိစ္စ ဖြစ်ခဲ့သည်။
ထိုမှစ၍ ပြဿနာများသည် မီးခိုးကြွက်လျှောက် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် သမ္မတဦးသိန်းစိန်က သူ၏အစိုးရအဖွဲ့အတွင်းမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ရာထူးမှဖြုတ်ချကာ ထိန်းသိမ်းလိုက်သည်။
မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ ပါဝင်ပတ်သက်နေသူများအကြား ပြောကြားချက်များက ကွဲလွဲလျက်ရှိသည်။
သံဃာတော်များ၊ အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိများ၊ နိုင်ငံတွင်း လူသိများသည့်သူများ၏ ကျောင်းတော်ကြီးနှင့် ပတ်သက်၍ ပြောကြားမှုများသည် ကွဲလွဲနေပြီး မည်သူက အမှန်ကိုဖုံးကွယ်ထားသလဲ ဆိုသည့်အချက်သည် စိတ်ဝင်စားစရာကောင်းသည့် အချက်ပင်ဖြစ်သည်။
ကျောင်းတော်ကြီးကို ၀င်ရောက်ချိပ်ပိတ်ခြင်းမပြုမီ တစ်လခန့်အလိုတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)မှ ဦးညိုအုန်းမြင့်အား မဟာသန္တိသုခကျောင်းတော်ကြီးသို့ သမ္မတက စေလွှတ်ခဲ့ပြီး ဦးသိန်းစိန်က ပီနန်ဆရာတော်ကြီးထံ အေးချမ်းစွာ သီတင်းသုံးနေထိုင်နိုင်ကြောင်း သတင်းစကားပါးခဲ့ကြောင်း ထိုစဉ်က ပီနန်ဆရာတော်နှင့် အတူရှိနေသည့် သံဃာတော်အချို့က မိန့်ကြားသည်။
‘‘ပီနန်ဆရာတော်ကြီးကို ကျောင်းကမထွက်ရင် အင်အားသုံးဖယ်ရှားမယ်ဆိုပြီး စာပို့တာဟာ မသင့်လျော်ဘူးဆိုတာ ရှင်းပြနေတုန်း MPC က ဦးညိုအုန်းမြင့်ဆိုတဲ့ ဒကာရောက်လာပြီး သမ္မတကြီးရဲ့ မေတ္တာရပ်ခံချက်နဲ့ သီတင်းသုံးနေထိုင်နိုင်ပါတယ်ဆိုပြီး လာလျှောက်တယ်’’ဟု ထိုစဉ်က ပီနန်ဆရာတော်နှင့်အတူ ရှိနေသည့် ရွှေဝါရောင်ပညာဒါနကျောင်းမှ ဆရာတော်ဘဒ္ဒန္တပဏ္ဍ၀ံသ(ပြည်ကျော်)ကမိန့်သည်။
အေးချမ်းစွာသီတင်းသုံးနေထိုင်ရန် သမ္မတထံမှ သတင်းစကားလာပို့သည့် ဦးညိုအုန်းမြင့် ပြန်သွားပြီး တစ်လခန့်အကြာတွင်တော့ မဟာသန္တိသုခကျောင်းလည်း ချိပ်ပိတ်ခံခဲ့ရပြီး ကျောင်းနေသံဃာတော်များလည်း လူဝတ်လဲကာ ထိန်းသိမ်းခံလိုက်ရတော့သည်။
သို့သော်လည်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူကတော့ ဦးညိုအုန်းမြင့်အား သမ္မတက စေလွှတ်ခဲ့သည်ဆိုသည့်သတင်းကို ငြင်းဆိုခဲ့ပြန်သည်။ ကာယကံရှင် ဦးညိုအုန်းမြင့်ကလည်း အဆိုပါသတင်းများနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့သည်။ ဦးညိုအုန်းမြင့်ထံ 7 Day က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီး နောက်တစ်ရက်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း တာဝန်ခံရှင်းလင်းသည့် ဦးအံ့မောင်၏ ရာထူးနှင့် ပတ်သက်ပြီးလည်း အငြင်းပွားလျက်ရှိသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးအံ့မောင်က ၎င်းသည် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်ဟု ဆိုခဲ့သည်။ သို့သော်လည်း ဦးအံ့မောင်သည် သမ္မတ၏အကြံပေးမဟုတ်ကြောင်း သမ္မတရုံးက တုံ့ပြန်ခဲ့ပြန်သည်။ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဦးအံ့မောင်မှာ သမ္မတအကြံပေးမဟုတ်ဘဲ သမ္မတရုံးအကြံပေးတစ်ဦးသာ ဖြစ်သည်ဆိုသည်။ ယခုဆောင်းပါးရေးနေစဉ်တွင် ဦးအံ့မောင်ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးကြောင်း သတင်းများ ထွက်ပေါ်နေချိန်ဖြစ်သည်။
ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားနေခဲ့သည့် နှစ်ဖက်အကြားတွင်လည်း ရှုပ်ထွေးမှုများ ဖြစ်ပွားနေပြီး ကိုယ်စီကိုယ်စီ အကြောင်းပြချက်များ ခိုင်ခိုင်လုံလုံရှိနေခဲ့သည်။
ပိုင်ဆိုင်မှုအငြင်းပွားနေသော တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးကိစ္စရပ်နှင့် ပတ်သက်၍ လေ့လာစုံစမ်းမှုပြုလုပ်ခဲ့ရာတွင် ပိုင်ဆိုင်မှု အထောက်အထားဖြစ်သော မြေဂရန်အမည်ပေါက်စာရင်းတွင်ပင် ကွဲလွဲမှုများဖြစ်ပေါ်ကာ အငြင်းပွားနေကြောင်း တွေ့ရှိရသည်။
ပြည်ပနိုင်ငံများတွင် နှစ်ပေါင်း ၃၀ ခန့် သွားရောက်သီတင်းသုံး သာသနာပြုနေသော ပီနန်ဆရာတော်ကြီး ဦးပညာဝံသသည် ဘွဲ့တံဆိပ်တော်ခံယူရန် ၁၉၉၄ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာခဲ့သည်။ ထိုသို့ ကြွရောက်လာချိန် ဆရာတော်ကြီး မြန်မာနိုင်ငံ၌ သီတင်းသုံးနေထိုင်ရန် တပည့်ဒါယကာများက ကျောင်းဆောက်လုပ်လှူဒါန်းလိုကြောင်း ဆရာတော်ကြီးအား လျှောက်ထားခဲ့သည်။
ဆရာတော်ကြီးက မိမိအနေဖြင့် ကျောင်းမလိုဘဲ ပြည်ပသာသနာပြုရဟန်းတော်များ မွေးထုတ်ရန် သင်တန်းကျောင်းတစ်ကျောင်းသာ လိုအပ်သည်ဟု မိန့်ကြားသဖြင့် မဟာသန္တိသုခကျောင်း ပေါ်ထွန်းလာစေရန် ဆောင်ရွက်ခဲ့ရသည်ကို ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)က ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မြင့်ဆွေထံ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ရက်စွဲဖြင့် ပေးပို့သည့်စာတွင် ဖော်ပြထားသည်။
‘‘ဘုန်းကြီးနာမည်နဲ့ ဂရန်ပေးထားတာ ရှိပါတယ်။ စင်ကာပူပီနန်ကျောင်းလို့ ပေးထားတော့ ဆရာတော်ပဲပေါ့။ စင်ကာပူပီနန်ဆရာတော်ကျောင်းလို့ ပေးထားတော့ ဒီတစ်ပါးတည်းရှိတာလေ။ ဆရာတော်နှစ်ပါးရှိရင်တော့ ဟုတ်တာပေါ့’’ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။
အဆိုပါကျောင်း မြေဂရန်ပိုင်ဆိုင်မှုကို နှစ်ဖက်စလုံးက ပိုင်ဆိုင်သည်ဟု ပြောဆိုနေကြသော်လည်း အဆိုပါကျောင်း မြေပိုင်ဆိုင်မှုဂရန်အမည်ပေါက်တွင် ဦးပညာဝံသနာမည်ဖြင့် ရေးထိုးထားခြင်းမဟုတ်ဘဲ မဟာသန္တိသုခ(စင်ကာပူပီနန်ကျောင်းတိုက်) အမည်ပေါက်ဖြင့် ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
‘‘ဒီလိုဂရန်တွေမှာ ကျောင်းတိုက်အမည်ပေါက်ဆိုရင် ပုဂ္ဂလိကတစ်စုံတစ်ဦးနဲ့ မဆိုင်ဘူး။ ကျောင်းနဲ့ပဲဆိုင်တယ်။ အုပ်ချုပ်သူဘုန်းကြီးနဲ့ မဆိုင်ဘူး’’ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။
မြေငှားဂရန်စာချုပ်ကို လေ့လာရာတွင် မြေပုံဂရန်နှစ်ခုရှိနေပြီး ၁၉၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ်တွင် တစ်ကြိမ် ထုတ်ပေးခဲ့သည်။ ပထမအကြိမ် ထုတ်ပေးသည့် ဂရန်တွင် အမည်ပေါက်အဖြစ် စင်ကာပူပီနန်ကျောင်းအဖြစ် ရေးသွင်းခဲ့ပြီး ဒုတိယအကြိမ်ထုတ်ပေးသည့် ဂရန်တွင် မဟာသန္တိသုခ စင်ကာပူပီနန်ကျောင်းဟူ၍ ရေးသွင်းခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေငှားစာချုပ်ကို ၁၉၉၅ အောက်တိုဘာ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ပေးခဲ့ပြီး ကျောင်းတိုက်တည်ရှိရာ လက်ရှိမြေနေရာ နှစ်ဧကအား စင်ကာပူပီနန်ကျောင်းတိုက်အမည်ပေါက်ဖြင့် ပေးအပ်ထားကာ အငှားစာချုပ်ရသူ လက်မှတ်ရေးထိုးရမည့်နေရာတွင် တိပိဋကနိကာယ သာသနာပြုဥပဋ္ဌာက ပြည်ပသာသနာပြုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)မှ လက်မှတ်ရေးထိုးရယူခဲ့ကြောင်း အဆိုပါဂရန်တွင် ဖော်ပြထားသည်။
ဖော်ပြပါ မြေနေရာပေါ်တွင် မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီးနောက် တိုးချဲ့တည်ဆောက်မည့် သိမ်ကျောင်းနေရာအတွက် တိုးချဲ့မြေဧရိယာအပါအ၀င် မြေနှစ်ဧကကျော်ကို ၂၀၀၀ ပြည့်နှစ်တွင် အမည်ပေါက်အဖြစ် မဟာသန္တိသုခ (စင်ကာပူပီနန်ကျောင်းတိုက်) အမည်ပေါက်ဖြင့် ပေးအပ်ခဲ့ပြီး အငှားစာချုပ်ရသူနေရာတွင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု စင်ကာပူပီိနန်ကျောင်းတော်ကြီး ဥပဋ္ဌာကအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)ကပင် လက်မှတ်ရေးထိုးရယူခဲ့သည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဆရာတော်ကြီး တည်ဆောက်လိုသောကျောင်းမှာ ထိုခေတ်ကာလတန်ဖိုးအရ လွန်စွာမြင့်မားလှသဖြင့် တည်ဆောက်နိုင်ခြင်း မရှိသောကြောင့် မိမိအနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ အကူအညီတောင်းခံဆောင်ရွက်ခဲ့သဖြင့် ၁၉၉၆ ခုနှစ်တွင် ကျောင်းတော်ကြီးကို အများပြည်သူ စုပေါင်းလှူဒါန်းငွေဖြင့် ဆောက်လုပ်ခဲ့ရာ သုံးနှစ်အတွင်း ပြီးစီးအောင်မြင်ခဲ့သဖြင့် သံဃိကရေစက်ချလှူဒါန်းမှု ပြုခဲ့ကြောင်း အထက်ပါစာတွင် ရေးသားဖော်ပြထားသည်။
‘‘၂၀၀၄ ခုနှစ်ကျတော့ ဦးခင်ညွန့်က ဘုန်းကြီးဆီစာရေးတယ်။ ဒီကျောင်းဟာ အရှင်ဘုရားမရှိလို့ အုပ်ချုပ်ရေးအဆင်မပြေလို့ သံဃနာယကကို ခဏတစ်ဖြုတ် အပ်ထားတာပါတဲ့။ ပြီးတော့ အစိုးရအနေနဲ့လည်း အပြီးသိမ်းတာ မဟုတ်ပါဘူးတဲ့’’ဟု ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။
ထိုကျောင်းတိုက်ကြီး တည်ဆောက်စဉ် ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၈၅၀၀ ခန့် ကုန်ကျခဲ့ပြီး ပီနန်ဆရာတော်ဦးပညာဝံသနှင့် အလှူရှင်များ လှူဒါန်းငွေမှာ သိန်းတစ်ထောင်ရှိခဲ့သည်။ ၀န်ကြီးဌာနအချို့၊ အများပြည်သူလှူဒါန်းမှုနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့မှ လှူဒါန်းငွေမှာ သိန်း ၅၅၀၀ ရှိခဲ့သော်လည်း လောက်ငမှုမရှိသဖြင့် စည်ပင်ဘဏ်မှ သိန်းပေါင်းနှစ်ထောင် ချေးယူဆောက်လုပ်ခဲ့ရသဖြင့် ကျောင်းတိုက်ကြီးပြီးစီးချိန်တွင် သိန်းနှစ်ထောင် အကြွေးတင်ကျန်ရှိခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာနမှ စာရင်းများတွင် ဖော်ပြထားသည်။
‘‘ဒီကုန်ကျငွေအပေါ် တချို့တွေက သံသယရှိတယ်။ ဒါပေမဲ့ ဒီကျောင်းတိုက်ဟာ အဲဒီတုန်းက အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့် ကော်မတီဥက္ကဋ္ဌအနေနဲ့စီမံပြီး နိုင်ငံတော်က တည်ဆောက်ခဲ့တဲ့ ကျောင်းဖြစ်တဲ့အတွက် ဒီစာရင်းအရ ကုန်ကျမှုတွေဟာ အစိုးရကပဲ တာဝန်ယူဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်’’ဟု သာသနာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။
‘‘အလှူငွေတွေကလည်း ဘုန်းကြီးလှူတာဆိုရင် ဘယ်သူကပဲလှူလှူ အတူတူပဲလေ။ ခုမှ ဒါတွေလာပြီးခွဲနေတာလား’’ဟု ပီနန်ဆရာတော်ကြီးက မိန့်သည်။
ကျောင်းတိုက်၏ စီမံခန့်ခွဲမှုလျော့ရဲလာသဖြင့် စနစ်တကျရှိစေရန် ၂၀၀၂ ခုနှစ် အောက်တိုဘာ ၈ ရက် ရက်စွဲဖြင့် ကျောင်းတော်ကြီး၏ သြ၀ါဒစရိယဆရာတော်ကြီးများအဖွဲ့ကို ဖွဲ့စည်းကာ နိုဝင်ဘာလတွင် အတွင်းရေးမှူး(၁)က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ ကျောင်းတော်ကြီး၏ အုပ်ချုပ်၊ စီမံကိစ္စရပ်များနှင့် ပတ်သက်၍ လျှောက်ထားမှုပြုခဲ့သည်။
‘‘ဒီကျောင်းကြီးကို နိုင်ငံတော်အစိုးရကိုယ်တိုင်က သံဃမဟာနာယကအဖွဲ့ကို လွှဲအပ်လှူဒါန်းပြီးသားဖြစ်ပါတယ်။ အစိုးရလည်း ဒါကို အဓမ္မသိမ်းခဲ့သလို မဟနကလည်း အဓမ္မအလှူခံခဲ့တာမဟုတ်ပါဘူး။ ဒါဟာ သံဃိကကျောင်းဖြစ်ပါတယ်။ သံဃိကပစ္စည်းကို ပုဂ္ဂလိကလုပ်ရင် ပါရာဇိကအာပတ်သင့်တဲ့အထိ ဒဏ်ထိပါတယ်’’ဟု သံဃမဟာနာကအဖွဲ့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ထိုကဲ့သို့ သံဃိကလှူဒါန်းထားသောကျောင်းကို ပီနန်ဆရာတော်ကြီး၏တပည့်ဖြစ်သူ ဦးဉာဏုတ္တရနှင့်အဖွဲ့ ၀င်ရောက်နေထိုင်နေသဖြင့် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော မဟနဆုံးဖြတ်ချက်အရ ကျောင်းတိုက်မှ ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျောင်းတိုက်မှ ထွက်ခွာသွားခဲ့ကြောင်း မဟန၏မှတ်တမ်းများတွင် ဖော်ပြထားသည်။
‘‘၂၀၀၄ ခုနှစ်ကျတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဘုန်းကြီးကို စာပေးတယ်။ ဒီကျောင်းက အရှင်ဘုရားမရှိတဲ့အခါ အုပ်ချုပ်ဖို့ အဆင်မပြေတဲ့အတွက် သံဃနာယကို အပ်ထားတာပါတဲ့။ အဲဒီအချိန်မှာလည်းပဲ ဘုန်းကြီးရဲ့တပည့်တွေနဲ့ ဘုန်းကြီးရဲ့ဆရာတော်ကြီး အသက်(၉၆) နှစ်ရှိတဲ့ ဆရာတော်ကြီးကို အခုလိုပဲနှင်ချခဲ့တယ်’’ဟု ပီနန်ဆရာတော်က ပြည်ပသတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ထည့်သွင်းမိန့်ကြားသည်။
အဆိုပါကိစ္စရပ်များ ဖြစ်ပွားခဲ့ပြီးနောက် ပီနန်ဆရာတော်ကြီးအနေဖြင့် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာခဲ့ကာ သန္တိသုခကျောင်းတွင် ဆရာတော်တစ်ပါးတည်းကိုသာ အာဂန္တုပုဂ္ဂိုလ်အဖြစ် နေထိုင်ခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဆဋ္ဌမအကြိမ်အစည်းအဝေးမှ ဆုံးဖြတ်မှုပြုခဲ့သည်။
ဆရာတော်ကြီး ပြန်လည်ရောက်ရှိပြီး မကြာမီကာလဖြစ်သော ၂၀၁၃ ခုနှစ် မတ်လတွင် ဆရာတော်ကြီး၏ ဒါယကာတစ်ဦးဖြစ်သူ စာရေးဆရာချစ်စံဝင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံလိပ်မူ၍ လျှောက်ထားတောင်းဆိုခဲ့သည်။ အဆိုပါကျောင်းတိုက် ပြန်လည်ရရှိလိုမှုအပေါ် နိုင်ငံတော်သမ္မတ၊ သာသနာရေးပြည်ထောင်စုဝန်ကြီးတို့ထံသို့ အကြောင်းကြားစာပေးပို့ခဲ့သော်လည်း သံဃာကိစ္စဖြစ်သဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကိုသာ ခံယူပါရန် အကြောင်းပြန်ခဲ့သည်။
၎င်းကိစ္စရပ်ကို ၂၀၁၃ ခုနှစ် မတ်လ ၁၇ ရက်တွင် ပြုလုပ်သော မဟန ၄၇ ပါးစုံညီ အစည်းအဝေးက နိုင်ငံတော်အကြီးအကဲများအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ရေစက်ချလှူဒါန်းပြီးဖြစ်၍ ပေးခွင့်မရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။
ထိုကဲ့သို့ ပိုင်ဆိုင်ခွင့်ဝိ၀ါဒ အငြင်းပွားမှုများ ဖြစ်ပွားလာသဖြင့် မဟနမှ ညွှန်ကြားစာလေးစောင်ထုတ်ပြန်ကာ ပီနန်ဆရာတော်ကြီးအပါအ၀င် ကျောင်းတိုက်သို့ ၀င်ရောက်နေထိုင်သူများကို ကျောင်းတိုက်မှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ညွှန်ကြားစာများ ထုတ်ပြန်ခဲ့သည်။
‘‘ဘုန်းကြီးအနေနဲ့က ညွှန်ကြားလွှာလေးစောင်အထိ ထုတ်ပြီးအသိပေးခဲ့တယ်။ ဒီနှစ်ဇန်န၀ါရီလကတည်းက စပြီးထုတ်တာ။ ဧပြီလ ၃၁ ရက်က နောက်ဆုံးထားပြီး လေးစောင်မြောက်ကို ပို့ခဲ့တယ်။ ဒါပေမဲ့ ကျောင်းတိုက်က ဖယ်ရှားမပေးဘူး’’ဟု မဟနမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ထိုကဲ့သို့ ကိစ္စရပ်များဖြစ်ပွားခဲ့ပြီးနောက် ယခုလ ၁၀ ရက်ညတွင် သက်ဆိုင်ရာအာဏာပိုင်များက ကျောင်းတိုက်အတွင်းရှိ သံဃာများ၊ လူပုဂ္ဂိုလ်များကို ခေါ်ဆောင်ကာ ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက ‘‘ဘုန်းကြီးက ဘာမှအာဏာမရှိတော့ လုပ်နေလည်းအပိုပဲ။ အာဏာရှိတဲ့သူတွေ ယူပါစေ။ ဒီကျောင်းတိုက်ကြီး ပြန်ရအောင် ဘာမှမလုပ်တော့ပါဘူး’’ဟု မိန့်ဆိုသည်။
ပိုင်ဆိုင်မှုအငြင်းပွားနေသည့် မဟာသန္တိသုခအရေးကိုင်တွယ်မှုနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီးကိုပင် အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်ကာ အကျဉ်းချခဲ့သည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူခဲ့ခြင်းသည် သန္တိသုခကိစ္စကလည်း အကြောင်းတစ်ခုပါဝင်ခဲ့ပြီး ၀န်ကြီးသည် သမ္မတ၏ မှာကြားချက်များကို ကျော်လွန်လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။
သို့သော်လည်း ဝေဖန်သူများကတော့ ဦးဆန်းဆင့်အရေးယူခံရခြင်းတွင် သန္တိသုခကိစ္စသည် အဓိကျသည့်ကိစ္စဟု မထင်ကြောင်း ပြောသည်။
အငြင်းပွားနေသည့် မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပြဿနာသည် အစိုးရအဖွဲ့ဝင်များ၊ ပါဝင်ပတ်သက်သူများအကြား အချိန်ကြာလာသည်နှင့်အမျှ ရှုပ်ထွေးလာခဲ့သည်။
‘‘ဒီနောက်ကွယ်မှာ လူတွေမသိတဲ့ ကိစ္စတစ်ခုခုရှိနိုင်တယ်။ သန္တိသုခကိစ္စသည် အဓိကမကျဘူးလို့ထင်တယ်’’ဟု ရွှေဝါရောင်ပညာဒါနကျောင်းမှ ဆရာတော်ဘဒ္ဒန္တပဏ္ဍ၀ံသ(ပြည်ကျော်)က မိန့်သည်။        ။
မဟာသန္တိသုခ ချိပ်ပိတ်ခံရပြီး နောက်ဆက်တွဲဖြစ်ရပ်များ
ဇွန် ၁၀    မဟာသန္တိသုခကျောင်းတော်ကြီးကို ချိပ်ပိတ်
ဇွန် ၁၁    သမ္မတရုံးအကြံပေး ဦးအံ့မောင်အပါအ၀င် သာသနာရေးဝန်ကြီးဌာနအရာရှိများက ကျောင်းတိုက်အတွင်း ကျူးကျော်နေထိုင်သူများကို         ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား။
ဇွန် ၁၃    မဟာသန္တိသုခမှ ဆရာတော်ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင်သို့ပို့။
ဇွန် ၁၄    ဦးအံ့မောင်သည် သမ္မတအကြံပေးမဟုတ်ဟု သမ္မတရုံးကတုံ့ပြန်။
ဇွန် ၁၈    သာသနာရေးဝန်ကြီးဟောင်း သူရဦးမြင့်မောင်အား သမ္မတ၏ သာသနာရေးအကြံပေးအဖွဲ့ခေါင်းဆောင်နှင့် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်အား ယင်းအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်။
ဇွန် ၁၉    သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ရာထူးမှဖြုတ်ချကာထိန်းသိမ်း။
ဇွန် ၂၀     - ထိန်းသိမ်းခံ ဆရာတော်ဦးဥတ္တရနှင့် သံဃာများအား ရုံးထုတ်စစ်ဆေး။ အာမခံဖြင့် ပြန်လွှတ်ပေး။
    - ထိန်းသိမ်းခံနေရသည့် ဦးဆန်းဆင့်ကို ရမည်းသင်းထောင်ပို့။ မိသားစုကို အကျယ်ချုပ်ချ။
    - ဦးဆန်းဆင့်နေရာကို သာသနာရေးဒုဝန်ကြီးဦးစိုးဝင်းဖြင့် အစားထိုးရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်း။

7day daily

ဦးလေးဖြစ်သူက အလိုမတူပဲ သားမယားပြုကျင့်



ဒလမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့ ဇွန်လ ၂၂ ရက်နေ့ ညနေ
၆ နာရီခွဲခန့်တွင် တိုင်ကြားခဲ့ရာ ယမန်နှစ် စက်တင်ဘာလအတွင်းက ဖခင်ဖြစ်သူ၏ ညီဖြစ်သူ
စန်းဝင်း (၅၅ နှစ်)မှ နေစရာအိမ်မရှိသဖြင့် နေအိမ်တွင်လိုက်နေရန် လက်ခံခေါ်ယူခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလတွင်းက ဖခင်မရှိခိုက် ဦးလေးဖြစ်သူက အိပ်ခန်းအတွင်း သားမယားပြုကျင့်ခဲ့
ကြောင်း မိဘများကိုပြန်ပြောပါက သတ်ပစ်မည်ဟုပြောပြ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
ကိုယ်ဝန် ငါးလခန့် ရရှိချိန်တွင် မိဘများ မေးမြန်းသဖြင့် မေးမြန်းစဉ် စန်းဝင်းမှ သားမယားအဖြစ်
အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

Myanmar Times

ဖယောင်းတိုင်းဖြင့် ဆံပင်ကိုမီးရှို့၍ ဆံပင်ညှပ်ခြင်း ခေတ်စားနေ



ဖက်ရှင်မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ နယူးယော့ခ်မြို့က အလှပြင်ဆိုင်တွေမှာ အခုတလော ခေတ်စားနေတာကတော့ ဖယောင်းတိုင်မီး ကို အသုံးပြုပြီး ဆံပင်ညှပ်ခြင်း ဖြစ်ပါတယ်။ ဒီနည်းကို ဗီလာတာရာပီယားလို့လည်း ခေါ်ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဘရာဇီးလ် စူပါမော်ဒယ် ဘာဘာရာဖီယာဟိုက သာမန်ရိုးကျ ဆံပင်ညှပ်ခြင်းကို မပြုလုပ်ဘဲ ဖယောင်းတိုင် မီးနဲ့ ဆံပင်ညှပ်ခြင်းပြု လုပ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့ မော်ဒယ်တွေ ကလည်း ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်မှုကို ပြုလုပ်ခဲ့တာမို့ ဒီနည်းကို အမျိုးသမီးတွေ စမ်းသပ်ဖို့ စိတ်ကူးလာကြပါတယ်။ ဘရာဇီးလ်နိုင်ငံ မှာတော့ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်နေတာ ကာလ အတော်ကြာနေပြီ ဖြစ်ပါတယ်။ ဆံပင်ကို ချည်နှောင်ပြီး ဖယောင်းတိုင်မီးရှို့ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းကြောင့် ဆံပင်တွေဟာ အလွယ်တကူပြန် ရှင်သန်လာပြီး မကြာခဏပြုလုပ်ပေးပါက ကောင်းမွန်တဲ့ ဆံပင်သားကို ရရှိစေမှာ ဖြစ်ပါတယ်။ ၁၉၆၀ ကာလတွေမှာ တောင်အမေရိက ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေဟာ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်လေ့ရှိကြ တယ်လို့ သိရပါ တယ်။ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်း စတင်ပြုလုပ်သူဟာ စိုးရိမ်မှုတွေ အနည်းငယ်ရှိတတ်ကြပြီး ဆံပင်ကထွက်လာတဲ့ ညှော်နံ့ တွေကြောင့် အနှောင့် အယှက်ဖြစ်တတ်ကြ ပါတယ်။ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်းကို (၁၂) ပတ် တစ်ကြိမ် ပြုလုပ်ပါက ဆံပင်သားတွေ ကောင်းမွန်လာလိမ့်မယ်လို့ ဆိုထား ပါတယ်။ ဒါပေမဲ့ ဒီနည်းနဲ့ ဆံပင်ညှပ်ရာမှာ ကုန်ကျစရိတ် အလွန်များမှာ ဖြစ်ပြီး၊ ဆံပင်အတို၊ အရှည်ကို မူတည်ပြီး ဒေါ်လာ(၁၅၀)ကနေ (၂၀၀)အထိပေး ရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ်က မော်ဒယ်တွေကတော့ ဖယောင်းတိုင်မီးနဲ့ ဆံပင်ညှပ်ခြင်းကြောင့် ပိုမိုလှပလာတယ်လို့ ယုံကြည်နေကြပါတယ်။
The Messenger


ဂျပ်စတင်ဘီဘာ ယာဉ်မတော်တဆမှုဖြစ်


ဘီဘာလီဟေးလ်က Steak House ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားပြီး ကာဒီလက် အနက်ရောင် Escalade ကားကြီးနဲ့ စားသောက်ဆိုင်က ပြန်ထွက်လာတဲ့ ဂျက်စတင်ဘီဘာကို BMW ကားတစ်စီးက ဝင်တိုက်လိုက်တာပါ။

ဇွန်လ ၂၄ ရက်နေ့က သူ့ချစ်သူ ဆလီနာဂိုးမက်ဇ်နဲ့အတူ စားသောက်ဆိုင်ကအထွက်မှာ အခုလို ဝင်တိုက်ခံရတာလည်း ဖြစ်ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရကတော့ BMW ကားဟာ အရှိန်မထိန်းနိုင်ဘဲ ဘီဘာရဲ့ ကားကို ဝင်တိုက်တာလို့ ဆိုပါတယ်။BMW ကားက ဘီဘာရဲ့ နောက်ခန်း ညာဘက်ကို ဝင်တိုက်လိုက်တာ ဖြစ်ပါတယ်။ ကားကို ဒရိုင်ဘာမပါဘဲ ဘီဘာ တစ်ယောက်တည်းက မောင်းလာတာ ဖြစ်ပေမယ့် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း၊ သူ့အခြေအနေ ကောင်းမွန်ကြောင်း၊ အခင်းဖြစ်ပွားပြီးချိန်မှာ ချက်ချင်းပဲ ဘီဘာဟာ နောက်ကားတစ်စီးပေါ်ပြောင်းပြီး အမြန်ဆုံး ထွက်သွားကြောင်း ACESHOWBIZ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းမှာတော့ ဘီဘာဟာ ပါပါရက်ဇီတွေ လိုက်လာမှန်းသိလို့ ရှောင်ပြေးရာက သူ့ကားကို BMW ကားက ဝင်တိုက်သွားတာလို့ ဖော်ပြထားပါတယ်။ ဘီဘာတစ်ယောက် ဒီလိုကား မတော်တဆမှုဖြစ်တာ တစ်ကြိမ်မကတော့ပါဘူး။ ပါပါရက်ဇီတွေရဲ့ ရန်ကို ရှောင်ရင်းတိမ်းရင်း မကြာခဏ ယာဉ်မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မနှစ်တုန်းကလည်း ဘီဘာက သူ့ဖာရာရီကားလေးနဲ့ မောင်းထွက်သွားတုန်း ပါပါရက်ဇီတစ်ယောက် နောက်က ကားနဲ့လိုက်ရာက လမ်းဖြတ်ကူးသူတစ်ယောက်ကို တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကလည်း သူ့နောက်ကို သည်းကြီးမည်းကြီး လိုက်နေတဲ့ ပါပါရက်ဇီ ကားနှစ်စင်းဟာ အချင်းချင်း တိုက်မိတာတွေ ဖြစ်ခဲ့ပါသေးတယ်။ တော်ဝင်မင်းသမီး ဒိုင်ယာနာဟာလည်း ပါပါရက်ဇီတွေရဲ့ ရန်ကြောင့် ကားမှောက်ပြီး သေဆုံးခဲ့ရပါတယ်။

The Voice Weekly

ရနောင်းခရိုင်တွင် မြန်မာအလုပ်သမားတဦးထံမှ ရာဘ ၄ သောင်း ဖမ်းမိ



ဓာတ်ပုံ – manager.co.th
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပတ်နမ့်မြို့နယ်ထဲမှာရှိတဲ့ ဆရနီးကျွန်း ရေပြင်စစ်ဆေးရေးဂိတ်မှာ မြန်မာအလုပ်သမားတဦးဆီက စုစုပေါင်း ရာဘအလုံးရေ ၄ သောင်းပါ အထုပ် ၂၀ ထုပ်နဲ့ အိုက်စ်ရေခဲမူးယစ်ဆေး အလေးချိန် ၀ ဒသမ ၁၃ ဂရမ် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်း မှာ ဖော်ပြပါတယ်။



မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ၀င်လာတဲ့ စင်းလုံးငှားလှေတစီးကို ရေတပ် အာဏာပိုင်ရဲတွေက မင်္သကာလို့ စစ်ဆေးရာမှာ အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား မျိုးမင်းကို ထံကနေ အဲဒီ မူးယစ်ဆေးတွေ ဖမ်းမိတာလို့ ရနောင်း ဒုခရိုင်ဝန် နိုင်းဖိနစ် ဘွန်းလိုတ်က ဇွန် ၂၄ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်စစ်ဆေးချက်အရ မျိုးမင်းကိုဟာ ဟတ်ယိုင်ခရိုင် ဆုန်ခလာမြို့နယ်မှာ အလုပ်ရှင်ရှိတဲ့ မြန်မာအလုပ်သမားတဦးဖြစ်ပြီး အဲဒီမူးယစ်ဆေးတွေကို ကော့သောင်းကနေ ဟတ်ယိုင်ကို ပို့ပေးဖို့ အငှား သယ်ဆောင်လာခဲ့ကြောင်းနဲ့ သယ်ဆောင်ခ ဘတ် ၄ သောင်း ရရှိကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ ရာဘမူးယစ်ဆေးတွေဟာ အနီရောင်နဲ့ ကမ္ဘာ့လုံးပေါ်မှာ ခြင်္သေ့ရပ်နေတဲ့ တံဆိပ် ပါရှိတာကြောင့် ထိုင်းဘက်က အလိုရှိကြောင်း ၀ရမ်းထုတ်ထားတဲ့ ဗိုလ်မှူးယိဆေးနဲ့ ဆက်စပ်တဲ့ ဂိုဏ်းကလို့ ယူဆရကြောင်း အမှတ် ၈ မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့က ဗိုလ်မှူး ၀ိဆစ် ဆုကွန်းဆက် ကလည်း သတင်းစာရှင်းလင်းပွဲမှာ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

မျိုးမင်းကို ကို အဆင့် ၁ အပြင်းစားမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဆက်လက်အရေးယူနိုင်ဖို့ ပတ်နမ့်ရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

DVB Burmese

ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပရာ ဆောပိုလိုမြို့တွင် ပိုလီယိုဗိုင်းရပ်စ်ပိုး တွေ့ရှိ


ဓာတ်ပုံ- ရိုက်တာ

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ဘရာဇီးမှာ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပရာမြို့တွေထဲ တခုဖြစ်တဲ့ ဆောပိုလိုမြို့မှာ ပိုလီယိုဗိုင်းရပ်စ်ကို တွေ့ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့က ပြောခဲ့တာပါ။
ဒါပေမယ့် လူကို ကူးစက်မှုတော့ လောလောဆယ် မရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို ဆောပိုလိုမြို့ ဗီရာကိုပို့စ် နိုင်ငံတကာလေဆိပ်မှာ မတ်လက တွေ့ရှိခဲ့ပြီး အရင်အပတ်ကမှ ဘရာဇီးကျန်းမာရေး အာဏာပိုင်တွေက အစီရင်ခံခဲ့ပါတယ်။

ပိုလီယိုဗိုင်းရပ်စ်ဟာ အာရုံကြောစနစ်ကို ချွတ်ယွင်းစေပြီး နာရီပိုင်းအတွင်းမှာ အကြောသေမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါကို ကုသဆေးမရှိသေးပေမယ့် ကာကွယ်ဆေးနဲ့တော့ တားဆီးနိုင်ပါတယ်။

အသက် ၅ နှစ်အောက် ကလေးတွေဟာ ဒီဗိုင်းရပ်စ်ကို ခုခံနိုင်မှု အားအနည်းဆုံး ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာ ပိုလီယို ကင်းစင်ခဲ့တာ ၁၉၈၉ ခုနှစ်တည်းက ဖြစ်ပြီး လူဦးရေရဲ့ ၉ ၈ ရာခိုင်နှုန်းကို ပုံမှန် ပိုလီယို ကာကွယ်ဆေးတိုက်ထားပါတယ်။

DVB Burmese

ဘိလပ်မြေတွေ သင်္ဘောအစီးလိုက် အကြီးအကျယ် မှောင်ခို တင်သွင်းနေ


သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် ဆိုပြီး နိုင်ငံတကာ ဆိပ်ကမ်းတွေကနေ ဘိလပ်မြေတွေ သင်္ဘောအစီးလိုက် တင်သွင်းလာပြီး ရန်ကုန်ရောက်မှ အိတ်သွတ် ဈေးကွက်တွင်း ပြန်လည် ရောင်းချမှုတွေ ရှိနေကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမည်မဖော်လိုသူ အရာရှိတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တင်သွင်းလာတာ ဖြစ်လို့ ဒီဘိလပ်မြေတွေကို အကောက်ခွန်လွတ် တင်သွင်းခွင့်ပေးတာကို အခွင့်ကောင်းယူပြီး မှောင်ခိုသဘော ဈေးကွက်တင် ရောင်းချတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နောက်ပိုင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ဒီထက် အရှိန်မြှင့် အကောင်အထည် ဖော်လာရင် ခုထက် မှောင်ခိုသွင်းမှုနဲ့ မသမာမှုတွေ ပို များလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

DVB Burmese

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း



‘‘သမ္မတရဲ့ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဝိုင်းလုပ်ပေးတဲ့လူကတော့ ရှိနေမှာပေါ့။ ဝိုင်းမလုပ်ပေးတဲ့လူကတော့ ရှိမှာမဟုတ်တော့ဘူး’’



[ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]
ယခုရက်ပိုင်း အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ ထပ်မံပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ထို့အပြင် တိုင်းရင်းသားဒေသများတွင်လည်း တိုက်ပွဲအချို့ဖြစ်ပွားနေသည်။ အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ခုတတိယပြုပြင်ပြောင်းလဲရေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတော့ နုတ်ထွက်ခွင့်ပြုလိုက်ပြီး။ နောက် တခြားနာမည်ကြီးဝန်ကြီးချုပ်တွေကိုရော အနားပေးဖို့ရှိလား။

ဖြေ- ဝန်ကြီးချုပ်တစ်ယောက်ကိုလဲဖို့က အတော်ခက်ခဲတယ်။ တော်တော်ခက်တယ်ဆိုတာ နယ်မြေလူထုအခြေအနေ၊ အဲဒီမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကို ကြည့်ရတာပေါ့။ အတတ်နိုင်ဆုံး တည်ငြိမ်နေရင်တော့ လဲစရာမရှိဘူး။ မတည်ငြိမ်ရင်တော့ တည်ငြိမ်အောင် နည်းပေါင်းမျိုးစုံကြိုးစားရတာပေါ့။ ပြည်နယ်အတွက်၊ တိုင်းဒေသကြီးအတွက် စိတ်ပူနေရရင် သူ့ကို ဒုက္ခပေးသလိုဖြစ်တာပေါ့။

မေး- ဒါဆို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က သမ္မတကြီးကို ဒုက္ခပေးလို့ နုတ်ထွက်ခွင့်ပြုလိုက်တာလား။

ဖြေ- သူ့ကို ဒုက္ခပေးတာတော့ မဟုတ်ဘူး။ ရခိုင်ပြည်နယ်အရေးအခင်းကို ပိုင်ပိုင်နိုင်နိုင် မကိုင်တွယ်နိုင်ဘူးပေါ့။ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပြဿနာတွေက ခုထိ မပြီးသေးဘူး။ မပြီးသေးတာကို ပြည်နယ်အစိုးရမှာ တာဝန်ရှိတာပေါ့။ ဗဟိုအစိုးရမှာလည်း တာဝန်ရှိတာပေါ့။ ပြည်နယ်အစိုးရက မဖြေရှင်းနိုင်ဘူးလေ။

မေး- အခုနောက်ပိုင်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေက အရှိန်လျော့သွားတယ်လို့ ပညာရှင်တွေက ဝေဖန်တာတွေရှိပါတယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားတာလဲ။

ဖြေ- အဓိက,ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတာ အားလုံးအစစအရာရာ ပြုပြင်ပြောင်းလဲရမှာပဲ။ အင်စတီကျူးရှင်းတွေက မခိုင်မာဘူး။ အရင်တုန်းက အင်စတီကျူးရှင်းတွေက ဗဟိုဦးစီးစနစ်ကို အထောက်အကူပြုတဲ့ အင်စတီကျူးရှင်းတွေပေါ့။ အင်စတီကျူးရှင်းတွေ မခိုင်မာတော့အပေါ်က ဘယ်လောက်ပြောင်းပြောင်း နောက်က အင်စတီကျူးရှင်းတွေက မလိုက်တဲ့အခါကျတော့ နောက်ကလူတွေက မပါဘူး။

မေး- တချို့ပြုတ်သင့်တဲ့ ဝန်ကြီးတွေ မပြုတ်ဘူးလို့ သမ္မတကို ဝေဖန်တဲ့ အပေါ်မှာကော။

ဖြေ- ဒါက နှစ်ဖက်အမြင်ပေါ့။ သမ္မတလည်း ဝန်ကြီးတစ်ယောက်ကို ဖြုတ်ဖို့ဆိုတာ တော်တော်စဉ်းစားမှာပေါ့။ စဉ်းစားတဲ့အခါမှာလည်း ကောင်းကွက်တွေ၊ ဆိုးကွက်တွေ ယှဉ်ပြီးစဉ်စားမှာပေါ့။ ကောင်းကွက်တွေက ဆိုးကွက်တွေကို ကျော်လွှားသွားနိုင်ရင် ဆက်ရှိနေမှာပေါ့။ ဆိုးကွက်တွေများပြီး ကောင်းကွက်မရှိရင်လည်း ပါသွားမှာပေါ့။

မေး- သမ္မတရဲ့ တတိယပြုပြင်ပြောင်းလဲရေးမှာ ဘာတွေလုပ်မှာလဲ။

ဖြေ- သူရဲ့ မဟာဗျူဟာ လုံးဝမပြောင်းဘူးဗျ။ သူက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်မယ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်။ ပုဂ္ဂလိကပိုင်းကို ပြုပြင်ပြောင်းလဲရေးလုပ်မယ်။ အုပ်ချုပ်ရေးပိုင်း ပြုပြင်ပြောင်းလဲရေး။ ဒီပြုပြင်ပြောင်းလဲရေး လေးခုကတော့ သူရဲ့မဟာဗျူဟာပဲ။ ဒါကို လုံးဝမပြောင်းဘူး။ ပထမအဆင့်မှာ အရှိန်မြှင့်မယ်။ အရှိန်လျော့သွားရင် ဒုတိယအကြိမ် အရှိန်ထပ်မြှင့်မယ်။ ဒုတိယအဆင့်မှာ အရှိန်လျော့သွားရင် တတိယအဆင့်ကို အရှိန်ထပ်မြှင့်တာပဲ။ သူရဲ့မဟာဗျူဟာက လုံးဝမပြောင်းဘူး။ ဒါတွေအားလုံး ပြုပြင်ပြောင်းလဲရေး လုပ်မှာပဲ။

မေး- နည်းနည်းအသေးစိတ် ပြောပြပေးပါလား။ တတိယပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဘာတွေအဓိကလုပ်မလဲ။

ဖြေ- အဓိက,ကတော့ သမ္မတကြီး ပြောပြောနေတာကတော့ ပြည်သူလူထုဆင်းရဲနေတာကို သူ ဒါကို ဝိုင်းလုပ်ပေးချင်တယ်လို့ အမြဲတမ်းပြောနေမယ်။ ပြည်သူလူထု ဆင်းရဲနေတာကို နည်းလမ်းနှစ်ခု လုပ်လို့ရတာပေါ့။ တစ်ခုကတော့ သူတို့ ချမ်းသာအောင်လုပ်ပေးတာ။ နောက်တစ်ခုက ချမ်းသာအောင် မလုပ်ပေးနိုင်ရင်တောင်မှ သူတို့ကို ဒုက္ခမရောက်အောင် လုပ်ပေးတာ။

မေး- ဒီရက်ပိုင်းမှာ အစိုးရအဖွဲ့တချို့ အပြောင်းအလဲဖြစ်မယ်လို့ သတင်းတွေထွက်နေပါတယ်။ ဘယ်လိုလူမျိုးတွေဖြစ်နိုင်လဲ။

ဖြေ- သမ္မတကြီးပြောခဲ့တာရှိတာပဲ။ သူပြုပြင်ပြောင်းလဲရေးလုပ်မယ် ပထမအဆင့်လုပ်ပြီးပြီ။ ဒုတိယအဆင့်လုပ်ပြီးပြီ။ အခု တတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်တာပေါ့။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာလည်း သူ့ရဲ့ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကို ဝိုင်းလုပ်ပေးတဲ့လူကတော့ ရှိနေမှာပေါ့။ ဝိုင်းမလုပ်ပေးတဲ့လူကတော့ ရှိမှာမဟုတ်တော့ဘူး။ ဒါက ရှင်းရှင်းလေးပဲ။ ပထမအဆင့် ပြုပြင်ပြောင်းလဲရေးတုန်းကလည်း သူလက်တွဲလို့ရတဲ့လူ တွဲတာပဲ။ မရတဲ့လူဖြုတ်ခဲ့တာပေါ့။ ဒုတိယအဆင့် ဒီလိုပဲလုပ်တာပေါ့။ တတိယအဆင့်မှာလည်း လုပ်နိုင်တာပေါ့။ သူရဲ့ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့လူတွေကို ခိုင်းရမှာပဲ။ သူရဲ့ပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့အတွက်။

မေး- ဘယ်သူတွေပါသွားနိုင်လဲ။ ကျန်းမာရေးဝန်ကြီးပါတယ်လို့ ကြားနေလို့။

ဖြေ- ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က လျှောက်သွားနေရတာ။ ဒီတစ်ပတ်အတွင်းမှာ ဖြစ်သွားတာတွေကို အပ်ကျမပ်ကျမသိဘူး။

မေး- ဦးဆန်းဆင့်ကိုကော အဓိက ဘာဖြစ်လို့ အရေးယူလိုက်တာလဲ။

ဖြေ- သူ့ကို အထောက်အပံ့မဖြစ်လို့ပဲ ဖြစ်မှာပေါ့။ သူ့ကို အထောက်အပံ့မဖြစ်တဲ့လူကတော့ သူထားမှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့လည်း အထောက်အပံ့ ဒီနေ့မဖြစ်ရင် ဒီနေ့သွားရမှာပဲ။ ဒါကတော့ မဆန်းဘူး။ သမ္မတက သူခိုင်းတဲ့အလုပ်ကိုမလုပ်ရင် သူက ဝန်ကြီးကို လဲပစ်လို့ရတယ်။ ဝန်ကြီးတစ်ဦးကလည်း သူလုပ်ချင်လို့ မဟာဗျူဟာကိုတင်ပြလို့ သမ္မတက ဒါကိုခွင့်မပြုရင်လည်း သူ့ဘာသာသူ နုတ်ထွက်ရမယ်။ အင်စတီကျူးရှင်းတွေ ခိုင်မာအောင်လုပ်ဖို့ လိုအပ်တယ်။ အဲဒီလိုလုပ်နိုင်မှပဲ ပြုပြင်ပြောင်းလဲရေးဖြစ်မှာပဲ။

မေး- သမ္မတကြီးရဲ့နှလုံးထဲမှာ ထည့်ထားတဲ့စက် လဲလိုက်ပြီလို့ ကြားတယ် ဟုတ်လား။

ဖြေ- သူ့အချိန်နဲ့သူ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် ဆေးစစ်ခံပါတယ်။ ဆေးစစ်ခံတဲ့အခါမှာလည်း ကျန်းမာရေးကောင်းနေတယ်ဆိုတာ သိရတယ်။

မေး- KNU နဲ့ တိုက်ပွဲပြန်ဖြစ်တာတွေရှိတယ်။ NCCT နဲ့ ဆွေးနွေးပွဲကလည်း ရပ်ဆိုင်းထားတယ်ဆိုတော့ ငြိမ်းချမ်းရေးက ဘယ်လိုဖြစ်သွားတာလဲ။

ဖြေ- ကရင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စက ဒါတိုက်ပွဲလို့ မခေါ်သင့်ဘူး။ တပ်ချင်းမှားတယ်လို့ပဲ ခေါ်တယ်။ နှစ်ဖက်ပြောကြဆိုကြတာလည်း တပ်ချင်းမှားတယ်လို့ ဒီလိုပြောကြတယ်။ ရှမ်းပြည်နယ် ဖြစ်တာကလည်း ငြိမ်းချမ်းရေးဆိုတာဟာ အပစ်အခတ်ရပ်စဲရေးပြီးတဲ့အခါမှာ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ နယ်မြေသတ်မှတ်တာ၊ စစ်မြေပြင်လိုက်နာရမယ့် စည်းကမ်းဒါတွေ မလုပ်နိုင်သေးဘူး။ ဒါတွေမလုပ်နိုင်သေးတဲ့ကာလမှာ ဒီလိုပဲဖြစ်မှာပဲ။ ဒီနေ့လက်မှတ်ထိုးတာနဲ့ မနက်ဖြန် သေနတ်သံ လုံးဝစဲသွားပြီလို့ပြောလို့မရပါဘူး။ ဒီအခြေအနေကို ထိန်းသိမ်းနိုင်ဖို့လိုတာပေါ့။

မေး- တပ်မတော်သားတွေကို ဘာဖြစ်လို့တောင်းပန်တာလဲ။

ဖြေ- ကျွန်တော်က တပ်မတော်သားတစ်ယောက်ဖြစ်တယ်။ ကျွန်တော်ပြောတဲ့စကားကို တပ်မတော်သားတွေက စိတ်ဆိုးကြတယ်။ စိတ်မကောင်းဖြစ်ကြတယ်။ ကျွန်တော့်အနေနဲ့ ဒါ တောင်းပန်သင့်တယ်လို့ ထင်တာပေါ့နော်။ ကြီးတယ်၊ ငယ်တယ် သဘောမထားပါဘူး။ ဒါက ဒီမိုကရေစီကျင့်စဉ်မှာ တောင်းပန်တယ်ဆိုတာ ကျင့်စဉ်တစ်ခုပါ။

မေး- ဘာများ ဖြည့်စွက်ပြောကြားချင်ပါသေးလဲ။

ဖြေ- ဒီအချိန်မှာတော့ ကိုယ်လည်း သိပ်များများမပြောချင်ဘူး။ ဒီအချိန်မှာတော့ ဦးလှဆွေပြောသလိုပဲ ‘ဦးအောင်မင်းက ဆန္ဒစောနေတဲ့ပုံပေါ်တယ်။ ဦးအောင်မင်းက စားလည်းဒီစိတ်။ အိပ်လည်းဒီစိတ် ဒီလိုဖြစ်နေတယ်’ ငြိမ်းချမ်းရေးအတွက်ကို သူပြောတာ တကယ်မှန်တယ်။ ကိုယ့်ဆီမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ငြိမ်းချမ်းရေးပဲ အဓိကထားပါတယ်။ ဒါကိုပဲ အမြဲတမ်းကြည့်နေတယ်။

ကျေးဇူးတင်ပါတယ်။        ။

7day daily

နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် တရုတ်ရေတပ် ပုလဲဆိပ်ကမ်းကို ရောက်ရှိ


ပစိဖိတ်အနားဝန်းလို့ နာမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ တရုတ်ရေတပ်သင်္ဘောတွေ ဇွန် ၂၄ ရက်နေ့က ပုလဲဆိပ်ကမ်းကို ပထမဆုံးအကြိမ် ရောက်လာပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့က ပူးတွဲ ပုလဲဆိပ်ကမ်းမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံကို အမေရိကန်အစိုးရက လက်ခံ ကျင်းပတာပါ။

တရုတ်နဲ့ အမေရိကန်ကြား စစ်ရေးမယုံကြည်မှုတွေ ခိုင်မြဲနေပေမယ့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဖျက်သင်္ဘောနဲ့ ကင်းထောက်သင်္ဘော တစီးစီပါတဲ့ သင်္ဘော ၄ စီး စေလွှတ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်က အငြင်းပွားမှုတွေကြောင့် တင်းမာမှုတွေ မြင့်မားနေပြီး အမေရိကန်နဲ့ တရုတ်ကြား ဆိုင်ဘာလုံခြုံရေးနဲ့ တရုတ်ရဲ့ စစ်ရေးတိုးမြှင့်မှုတွေကြောင့် ဆက်ဆံရေး မချောမွေ့ချိန်မှာ တရုတ်အစိုးရက ခုလို ဆုံးဖြတ်ခဲ့တာပါ။

တရုတ်ဟာ အရင်က ဒီ စစ်ရေးလေ့ကျင့်မှုကို ၁၉၉၈ ခုနှစ်က လေ့လာသူတွေ လွှတ်ခဲ့ဖူးတယ်။ တခါမှတော့ ပါဝင်မှုမရှိခဲ့ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

တရုတ်ဟာ အမြောက်ပစ်လေ့ကျင့်မှု၊ ပင်လယ်ရေကြောင်းလုံးခြုံရေး၊ စစ်သင်္ဘောလေ့ကျင့်မှု စစ်ဘက်ဆေးဝါးဖလှယ်မှု၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ ရေငုပ်လေ့ကျင့်မှုတို့အပြင် ကပ်ဘေးလျော့ချရေးတို့မှာ ပါဝင်လေ့ကျင့်မှာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ဟာဝိုင်ယီ ကျွန်းစုတွေနားမှာ လေ့ကျင့်မှာပါ။

DVB Burmese

ရိုမန်းဘော့ထ်ဂယက်


ယခုရက်ပိုင်းစာပေလောကအတွင်းသာမကလူမှုကွန်ရက်စာမျက်နှာများပေါ်သို့ပင် ကျယ်ပြန့်စွာ ရိုက်ခတ်သွားခဲ့ပြီး  လူအများစုဆွေးနွေးဝေဖန်မှုများနေသည့် အမည်တစ်ခုက ရိုမန်းဘော့ထ်ဖြစ်သည်။

ရိုမန်းဘော့ထ်ဆိုသည့်အသံ က လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တစ် ခွင် ကျယ်ကျယ်လောင်လောင်ဖြစ်လာရပြီး စာပေလောကအတွင်းမှာပါလှုပ်လှုပ်ခတ်ခတ်ဖြစ်နေခဲ့သည်။  ရိုမန်းဘော့ထ်ဟူသည် အဘယ်နည်းဟု မသိသူတို့ကမေးမြန်းလာကြသည်။ မဖတ်ရသေး သူတို့က အသည်းအသန်လိုက်လံရှာဖွေဝယ်ယူနေကြသည်။ထုတ်ဝေပြီး ရက်ပိုင်းမှာပင် ရိုမန်းဘော့ထ်က ကျပ် ၂၅၀၀မှ ကျပ် ၄၀၀၀ အထိ ဈေးခုန်တက်သွားခဲ့ သည်။ ဇွန်လ ၂၃ ရက်တွင် ထိုစာ အုပ်၏ ပေါက်ဈေးက ကျပ် ၈၀၀၀ နှုန်းအထိ မြင့်တက်လာသည်။

ရိုမန်းဘော့ထ်သည် စာအုပ် တစ်အုပ်ဖြစ်သည်။ ဇာတ်လမ်း တစ်ခုပါဝင်သည်။ သို့သော်စာ အုပ်ပါ အကြောင်းအရာတို့မှာ လိင်အသားပေးလွန်းသည့် အပြာ စာပေဖြစ်ကြောင်း ဝေဖန်နေကြ ခြင်းဖြစ်သည်။ ရတနာဝင်းထိန်၊ မန္တလာမောင်မောင်တုတ်၊ ဇမ္ဗူတ လူအစရှိသည့် အမည်များဖြင့် ထွက်ရှိဖူးသည့် လိင်ပိုင်းဆိုင်ရာ စာအုပ်များတစ်ခေတ်ပြီးနောက် ယခုကဲ့သို့ ၁၈+ဟုခေါ်သည့် လိင် အပြာစာပေဆန်ဆန်စာအုပ်တစ် အုပ်ကို တရားဝင်ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

  ယခင်က လိင်ဆိုင်ရာစာအုပ်များကို ခွင်ပြုချက်မဲ့ တရားမ၀င်ထုတ်ဝေဖြန့်ချိခဲ့ကြပြီး ပန်းဆိုး တန်းရှိ စာအုပ်အဟောင်းဆိုင် တန်းများတွင် ခိုးကြောင်ခိုးဝှက် ၀ယ်ယူဖတ်ရှုခဲ့ကြသည့်ခေတ်အ လွန် စာပေလွတ်လပ်ခွင့်အထိုက် အလျောက်ရရှိလာသော အချိန်တွင် ယခုစာအုပ်က စာအုပ်ဆိုင် များပေါ်သို့ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက် ကစတင်၍ စာပေထုတ်ဝေမှုများ အားလုံးအထိုက်အလျောက် ဖြေ လျှော့ပေးခဲ့သည်။ ထိုနောက်ပိုင်း တွင် စာရေးဆရာ မိုးသက်ဟန်က လိင်ပိုင်းဆိုင်ရာအရေးအသားအ နည်းငယ်ပါဝင်သော်လည်း ယခု စာအုပ်လောက်မကြမ်းသည့် ပြင်သစ်ဝတ္ထုစာအုပ်တစ်အုပ်ကို ဘာသာပြန်ရေးသား  ထုတ်ဝေခဲ့ဖူးသည်။

 အောင်ရင်ငြိမ်း၏ ယခုစာအုပ်မှာ လူငယ်များကို လမ်းမှား ရောက်အောင် တွန်းပို့နေသည့် စာအုပ်ဖြစ်ကြောင်း၊ မုဒိမ်းမှုများ ပြားနေသည့် ကာလတွင် အမှုများထပ်တိုးအောင် လှုံ့ဆော်ပေးနေသ ကဲ့သို့ဖြစ်နေကြောင်း၊ စာပေလွတ် လပ်ခွင့်သည် ယခုစာအုပ်မျိုးထွက်လာစေရန် ပေးထားခြင်းမဟုတ် ကြောင်း၊ ယခုစာအုပ်ကို ခွင့်မပြု သင့်ဘဲ ကန့်ကွက်ကြောင်း စသ ဖြင့်  ဖေ့စ်ဘွတ်ခ်သုံးစွဲသူတို့က အင်တိုက်အားတိုက်ဝေဖန်ခဲ့ကြ သည်။

 လိင်ပိုင်းဆိုင်ရာအပြာစာ အုပ်လုံးဝမဟုတ်ကြောင်း စာရေး သူ အောင်ရင်ငြိမ်းက ငြင်းချက် ထုတ်ထားသည်။ သို့ရာတွင် ဖတ် ရှုပြီးသူများနှင့် မဖတ်ရှုရသေးဘဲ  ဝေဖန်နေကြသူများကတော့ အပြာစာအုပ်သာဖြစ်ပြီး မထုတ်ဝေသင့်ကြောင်း ရှုတ်ချလျက်ရှိသည်။

‘‘ပြစ်မှုပုဒ်မ ၄၁၇ ကာမလိမ် လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဓိကဇာတ်ကောင် မစ္စတာ ရိုမန်းဘော့ထ်၊ တရားရင်ဆိုင်မှုနဲ့ အပြိုင်လိင်ကိစ္စအရှုပ်အထွေးများ၊ ရဲရင့်ပွင့်လင်းလွတ်လပ်သော လိင်ပိုင်းဆိုင်ရာအရေးအသားများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် အပြစ်ဆိုသော စကားရပ်များအပေါ် အမြင်သစ်များ၊ ကိုယ့်ကျင့် တရားနှင့်လူမှုကျင့်ဝတ်အသစ်များ’’ဟု စာအုပ်ကို ကြော်ငြာထားသည်။

ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ်ကို  ကဗျာဆရာတစ် ယောက်ရဲ့  ဆိုက်ကိုနောက်ခံ ၀တ္ထုဟု နောက်ကျောဖုံးတွင် ရေးသားထားပြီး ဝေဖန်ရေးစာရေး ဆရာ မင်းခက်ရဲနှင့် စာရေးဆရာမလေးတို့က အမှာစာရေးသားခဲ့ကြသည်။အဆိုပါစာအုပ်ကို ဈေးကွက်ထဲသို့ ဖြန့်ချိပြီး ရက်ပိုင်းမှာပင် သတင်းစာဆရာ စည်သူအောင်မြင့်က စာအုပ်အပေါ် ဝေဖန်ချက်  ဆောင်းပါးတစ်ပုဒ်ရေး သားခဲ့ကာ IRRAWADDY ၀က်ဘ်ဆိုက်နှင့်  ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်  ဖော်ပြခဲ့သည်။

‘‘ပြောရရင် နိုင်ငံမှာ မုဒိမ်းမှု ဖြစ်ပွားမှုနှုန်းမြင့်တက်နေချိန်၊ အဲ ဒီအထဲကမှ လူမဆန်တဲ့ သက်ငယ်မုဒိမ်းအမှုတွေက ရာခိုင်နှုန်း အချိုးအစားအများကြီး  ပါဝင်နေချိန် ပြည်သူတွေ ပူပန်သောရောက်နေ ချိန် ဒီဝတ္ထုထုတ်ဝေလာတာပါ’’ဟု ဆောင်းပါးရှင် စည်သူအောင်မြင့် က မှတ်ချက်ပေးထားသည်။

‘‘ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်က ရိုမန်းဘော့ထ်လို့ခေါ်တဲ့ လူတစ်ပိုင်း၊ စက်တစ်ပိုင်းလူ၊ သူ့ပတ်ဝန်းကျင်ကတော့ သူ့ ကို  လူအဖြစ်ပဲ သတ်မှတ်ထားတဲ့ သဘော။ မိန်းမရဖူးတယ်၊ ကလေးရဖူးပြီး ကွဲနေတဲ့သူ။ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လိုက်လံအိပ်စက် လိင်ဆက်ဆံနေ တဲ့သူ။ အဲဒီအထဲမှာ ရိုးရိုးအမျိုး သမီးတွေပါသလို (၁၇) နှစ်အ ရွယ်၊  အရွယ်မရောက်သေးသူ လည်းပါ၊ အသက်ကြီးကြီး ယော က်ျားနဲ့ ကလေးတွေရထားတဲ့ အိမ် ထောင်သည် အမျိုးသမီးနဲ့လည်း အိပ်ရဲ့။ သူကတော့ လိင်ဆက်ဆံ တဲ့ အခန်းလို့ပဲ ရှင်းရှင်းခေါ်တယ်။ အဲဒီအခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ်လိင်ဆက်ဆံကြတာဟာ အမှားကျူးလွန်တာ မဟုတ်ဘူးဆိုတာမျိုးလည်း  အသေအချာတရား ဟောထားလေရဲ့’’ဟု စည်သူ အောင်မြင့်က စာအုပ်တွင်ပါဝင် သည့် ဇာတ်လမ်းအသွားကို ရှင်းပြထားသည်။

ထိုသို့ဖော်ပြခြင်းမှ စတင်ကာ အဆိုပါရိုမန်းဘော့ထ်စာအုပ်က လူသိပိုများသွားခဲ့သည်။

နိုင်ငံခြားသတင်းဌာနတစ်ခု မှ ဓာတ်ပုံဆရာကိုလင်းဘိုဘိုက ‘‘အပြာစာအုပ်ကို ရေးတာ၊ ထုတ် တာ မအံ့သြပါဘူး။ အပြာစာအုပ် ကို သေသေချာချာဖတ်ပြီးမှ အတည်ကြီး မီဒီယာတွေမှာ အားပါး တရဝေဖန်တဲ့သူတွေကိုပဲ အံ့သြ တာ။ တစ်တစ်ခွခွစာကောက်လေးတွေနဲ့ဆိုတော့ အပြာစာအုပ်ကို ကြော်ငြာအမှာစာရေးပေးသလိုခံစားရတယ်’’ဟု ရိုမန်းဘော့ထ် စာအုပ်ကို စတင်ဝေဖန်ခဲ့ရာတွင် ကြော်ငြာဆန်သည်ဟု ဝေဖန်ခံရ သည့် ကိုစည်သူအောင်မြင့်အပေါ် သုံးသပ်ထားသည်။

 မျက်နှာဖုံးသရုပ်ဖော်ပုံမှာ ရိုဘော့ထ်စက်ရုပ်တစ်ရုပ်ကို အပေါ်ပိုင်းဗလာဖြင့် အမျိုးသမီးတစ်ဦး က ဖက်အိပ်နေပုံဖြစ်သည်။ ထို စာအုပ်ကိစ္စက လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်ပေါ်တွင်  ယခုနောက်ပိုင်း စာအုပ်တစ်အုပ်နှင့် ပတ်သက်၍ စိတ်ဝင်စားမှုအများဆုံး၊ ဝေဖန် ပြောဆိုမှုအခံရဆုံးတစ်ခုဖြစ်လာ ခဲ့သည်။

   စာပေလွတ်လပ်ခွင့်ပေး လိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့လိင်အရေးအသားများ ပါဝင်သည့်စာအုပ်ထွက်ရှိလာခြင်းအပေါ် စာဖတ်ပရိသတ်က မဖြစ်သင့်ကြောင်း ဝေဖန်လိုက်ကြပြီး စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

‘‘လူနဲ့ တိရစ္ဆာန်ကွာတာ အ ရှက်တရားပါ။ ပွင့်လင်းတာနဲ့ အရှက်နည်းတာ မတူပါ။ ကိုအောင်ရင်ငြိမ်းဟာ ဒီမိုကရေစီရဲ့ သဘောအရ လွတ်လပ်မှုကို လိုချင်ရင် ဒီ မိုကရေစီရဲ့ အများမကြိုက်ရင် လုပ်ဖို့မသင့်ဆိုတာ လက်ခံရမှာ ပါ။ ခုဟာက ဗိုလ်ချုပ်ပြောသလို လွတ်လပ်ရေးရပြီဆိုပြီး လမ်းပေါ် တက် ဆေးရိုးလှမ်းတာပါ။ သူက ဆေးရိုးလှမ်းရုံမက ဖင်လှန်ပြီး ချီး ယိုတာပါ။ ပညာရေးနိမ့်နေတော့ နဂိုကမှ စဉ်းစားတွေခေါ်မှုအား နည်းပြီး  ဆင်ခြင်တုံတရားနည်း နေတာပြောပြဖို့ ခက်မယ်။ မမျှော် လင့်နိုင်တဲ့ ပြဿနာတွေ ပေါ်လာပါလိမ့်မယ်။ ခုတောင် ကျောင်းသား/သူတွေ  စာသင်ခန်းမရောက်ဘဲ တည်းခိုခန်းတွေရောက်နေတာ၊ တည်းခိုခန်းတွေ ဧည့်သည်အမှန်နဲ့  ရပ်တည်နေတာလား။ ကျုပ်တို့ကလေးတွေမှာ လမ်းလွဲနေပါတယ်ဆိုမှ  သူက တွန်းချနေတာ။ သူခွဲတဲ့ ဗုံးက အနုပညာကွဲ၊ မကွဲမသိဘူး။ ယဉ်ကျေးမှုနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်တော့ အသေခံခွဲသူနဲ့အတူ သေသွားပါတယ်’’ဟု ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂမှ အတွင်းရေးမှူးဦးဇော်မျိုးလှိုင်ကပြောသည်။

ကဗျာဆရာအောင်ရင်ငြိမ်း သည် ယခင်ကလည်း ‘‘တစ်ကိုယ် ရေအာသာဖြေခြင်း’’ဟု အမည် ပေးထားသည့် စာအုပ်တစ်အုပ် လည်း ထုတ်ဝေခဲ့ဖူးသည်။ ယခုစာအုပ်ကိစ္စပျံ့နှံ့ဆူညံနေချိန်တွင်ဇွန်လ ၂၁ ရက်က ‘‘ရိုမန်း ဘော့ထ်စာအုပ်ကို ဆိုင်တွေက ပြန်သိမ်းဖို့ဖြန့်ချိရေးကို ပြောထားပါတယ်’’ဟု အောင်ရင်ငြိမ်းက ဖေ့စ်ဘွတ်ခ်တွင် သတင်းပါးခဲ့သည်။

  ထိုသို့ပြန်သိမ်းထားသင့် ကြောင်းကို စာပေမူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးက အောင်ရင်ငြိမ်းထံ ဖုန်းဆက်၍ အကြံပေးခဲ့ခြင်းဖြစ်သည်။

စာအုပ်တစ်အုပ်လုံးတွင် ဇာတ်လမ်းနှင့် ဇာတ်ကောင်စရိုက် အစား လိင်ဆက်ဆံသည့်အခန်း များကိုသာ ရွေးချယ်၍ ဝေဖန်မှု များပြားနေခြင်းဖြစ်သည်။ အောင် ရင်ငြိမ်း ရေးသားရာတွင် ကာမပိုင်မိန်းမတစ်ဦးနှင့် လိင်ဆက်ဆံခြင်းက အပြစ်မရှိသည့် သဘောသက်ရောက်မှုအချို့ကြောင့်လည်း ဝေဖန်မှုပြင်းထန်ခဲ့ကြခြင်းပင်။

‘‘မိန်းမတွေနဲ့လိင်ဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေကိုပဲ ဝေဖန်နေ ကြတာ ခင်ဗျားတို့ မသိစိတ်မှာ အပြာရောင်တွေ လွှမ်းမိုးနေလို့ လား။ ကျွန်တော့်ရဲ့ တရားဥပဒေ နဲ့ ဆိုင်တဲ့အမြင်တွေ လိင်လွတ် လပ်ခွင့်အမြင်တွေကို ဆွေးနွေးဖို့ ပျက်ကွက်နေကြတာ ခင်ဗျားတို့ ဉာဏ်မမီလို့လား၊ ရှေးရိုးစွဲ အသိ အမြင်ချိုးဖောက်မှုတွေကို မမြင် ချင်ဟန်ဆောင်နေကြတာ မျက် ကန်းရှေးရိုးစွဲတွေ မို့လို့လား’’ လို့ အောင်ရင်ငြိမ်းက ဆိုသည်။

စာရေးဆရာဝေမှူးသွင်က လည်း ‘‘ပြည်ပမှာအနေကြာတဲ့ မြန်မာမိတ်ဆွေတချို့ကလည်း အောင်ရင်ငြိမ်းအကြောင်း  သေချာမသိတော့  အောင်ရင်ငြိမ်းဆိုတာ ခေါင်းလားလို့  ကျွန်တော့်ကို စိတ်တိုတိုနဲ့  လှမ်းမေးကြတာရှိတယ်’’ ဟု ဆိုခဲ့သည်။

‘‘အထဲမှာ တစ်တစ်ခွခွရေး ထားပေမယ့် ဖတ်သင့်၊ မဖတ်သင့်ဆုံးဖြတ်လို့ရအောင် စာရေးသူက စာအုပ်အဖုံးမှာ ရေးပေးထားပါတယ်။ ဒါကြောင့် မဖတ်ချင်ရင် အစကတည်းက မဖတ်ဘဲ နေလို့ရပါတယ်။ မလိမ့်တပတ်နဲ့ ယူဖတ်အောင် လုပ်ထားပုံတော့ မပေါ်ပါဘူး။ ဒါပေမဲ့ (၁၈) နှစ် အထက်သာဖတ်ရန်ဆိုတာကို မြန်မာလို ဒီထက်ကြီးကြီးလေးရေးပြီး စာအုပ်ဝယ်မယ့်သူအတွက် သိသာအောင်လုပ်ပေးနိုင်ရင်တော့  ပိုကောင်းမှာပါ။ စာအုပ်ဆိုင်မှာလည်း တခြားစာအုပ်တွေနဲ့ မရောဘဲ သီးသန့်တင်ပေးထားရင် ကောင်းမယ်။ ဒီစာပေအမျိုးအစားရဲ့ အကျိုးနဲ့ အပြစ်ကို ဆွေးနွေးရမယ်ဆိုရင်တော့တော်တော်ရှည်လျားပါလိမ့်မယ်။ဆိုးကျိုးသက်သက်ပဲ  ဖြစ်စေတာတော့ မဟုတ်ပါဘူး’’ ဟု စာဖတ်သူနေမျိုးနိုင်ကလည်း ဖေ့စ်ဘွတ်ခ်တွင် မှတ်ချက်ပေးခဲ့သည်။

‘‘ရိုမန်းဘော့ထ်မှာပါတဲ့ လိင် ဆက်ဆံတဲ့ အရေးအသားတွေက အနုစိတ်လွန်းသွားတယ်လို့ထင် တယ်။ ဒီအခန်းတွေကို လိုအပ် လို့ထည့်ထားတယ်ဆိုပေမယ့် မ ရောင်ရာဆီလူးလွန်းသွားတာက အခုလို ဂယက်ပွက်သွားတယ်လို့ မြင်မိပါတယ်။ အဲဒီအခန်းတွေ အနုမစိတ်ရင်လည်း  စာရေးသူ ပြောချင်တဲ့ Message ကိုလာပြီး ထိ ခိုက်မယ်မထင်ဘူး’’ဟု ကဗျာ ဆရာ လင်းလက်တာရာကပြော သည်။

အောင်ရင်ငြိမ်းကတော့ သူ ၏လက်ရာရိုမန်းဘော့ထ်ဘက်မှ အခိုင်အမာရပ်တည်နေဆဲပင်။

 ‘‘တစ်ခွန်းတည်းပြောမယ်။ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဟာ အပြာစာအုပ်မဟုတ်ဘူး’’စသဖြင့် အောင်ရင်ငြိမ်းက ဆက်တိုက် ကာကွယ်နေခဲ့သည်။ ထို့နောက် အောင်ရင်ငြိမ်း(သို့) ရိုမန်းဘော့ထ် ကြီးက သူနှင့် သူ့စာအုပ်ကို ဝေဖန် ရှုတ်ချနေကြသူများကို အောက်ပါ အတိုင်း မေးခွန်းထုတ်လိုက်သည်။

 ‘‘ရိုမန်းဘော့ထ်ဝေဖန်သူ တွေကို မေးခွန်းတစ်ခုပဲမေးချင် တယ်။  အပြာခန်းတွေပဲ ရွေးဖတ် ခဲ့ကြသလား’’ဟု ဆိုသည်။

‘‘သမီးရှင်တစ်ယောက် အနေနဲ့ဗျာ ကျွန်တော်တို့မိဘတွေဆိုတာ ကိုယ့်မိဘတွေဆီကနေ လက်ဆင့်ကမ်းအမွေနဲ့ သားသမီးကို သွန်သင်ရတာရှိတယ်။  ဘုရား ဟောတရားအဆုံးအမကို ကိုး ကားတာရှိတယ်။ ကိုယ်တိုင်စာဖတ်ခြင်းကြောင့် ဖြစ်လာတဲ့ အသိတွေနဲ့ လမ်းပြတာရှိတယ်။ (၁၈) နှစ်အောက်မဖတ်ရဆိုတော့ အဲဒီ စာရေးဆရာက မဖတ်အောင် တာဝန်ယူရဲလို့လား။ သိပ်ကို ခေတ်မီချင်ရင် အင်္ဂလိပ်စာကျွမ်းအောင်လုပ်၊ နိုင်ငံခြားမှာ သွားရေး။ မြန်မာပြည်မှာတော့ လာမရေးနဲ့ဗျာ။ သူရေးတဲ့စာ သူ့သားသမီးကို ပေး ဖတ်ရဲသလား။ ဒါပါပဲ။ လုံးဝလက်ခံစရာမရှိပါဘူး’’ဟု နေပြည်တော်မှ သမီးတစ်ယောက် ဖခင်ဦးသက်နောင်ကပြောသည်။

ထိုကဲ့သို့ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်တွင် အောင်ရင်ငြိမ်း၏ ရို မန်းဘော့ထ်ကို မလိုလားသူနှင့် ရို မန်းဘော့ထ်ကို လက်ခံသူတို့ နှစ် ဖက်အငြင်းပွားမှု ပြင်းထန်လာချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံးမှ အောင်ရင်ငြိမ်းကို တရားစွဲဆိုမှုများပြုလုပ်၍ အရေးယူသွားရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်း များထွက်ပေါ်လာသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကလည်း မြန်မာနိုင်ငံ၏ စာပေလွတ်လပ်ခွင့် အပေါ် တလွဲအသုံးချသူများရှိနေ သည့်အတွက် ယင်းကဲ့သို့ တလွဲ အသုံးချနေမှုကို ပြည်သူများအား လုံးက  ၀ိုင်းဝန်းထိန်းသိမ်းသင့် ကြောင်း ပြောကြားလိုက်သည်။

စာအုပ်ကို မတွေ့မဖတ်ရှုရ သေးဘဲ စာအုပ်ရရှိပါက အဖွဲ့ လိုက်ဖတ်ရှုကာ သုံးသပ်သွားမည် ဖြစ်ကြောင်းနှင့် လူငယ်များကိုပါ ပျက်စီးစေနိုင်သည့်အတွက် အား လုံးက ထိန်းသိမ်းပေးသင့်ကြောင်း ဦးရဲထွဋ်ကပြောကြားခဲ့ခြင်းကို ဒီမိုကရေစီတူဒေးသတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

 ‘‘ပြန်ကြားရေးက အရေးယူ တရားစွဲမယ်ဆိုရင် အရမ်းစိတ်ဝင် စားစရာကောင်းတဲ့အမှုတစ်ခု ဖြစ် သွားလိမ့်မယ်’’ဟု ငါတို့စာပေမှ ထုတ်ဝေသူ ကိုစန်းမွန်အောင်က ပြောသည်။

ထို့နောက် ကိုစန်းမွန်အောင် က အဆိုပါစာအုပ်အပေါ်တွင်  ‘‘၁၈ နှစ်အောက်မဖတ်ရတဲ့ စာ အုပ်မျိုးဆိုရင် လွယ်လွယ်ကူကူ ၀ယ်မရတဲ့ နေရာမှာ ရောင်းချသင့် တယ်။ စာအုပ်ဆိုင်တွေမှာ ပေါ် ပေါ်ထင်ထင်ရောင်းတာမဟုတ်ဘဲ နေရာသီးသန့်ထားပြီးတော့ တင် ပေးထားတာမျိုး လုပ်သင့်တယ်။ တချို့က ဒါကိုမြင်ရင် ရှော့ခ်ဖြစ် နိုင်တယ်။ တချို့လူတွေကျတော့ ဒီလိုစာပေမျိုးတွေ ဖတ်ခဲ့ဖူး၊ ရုပ် ရှင်တွေ ကြည့်ခဲ့ဖူးတဲ့သူတွေ အ များကြီးပါပဲ။ ဒါတွေက လူသား ဘ၀ထဲမှာ ရှိနေမယ့်အရာတွေပါ ပဲ’’ဟု ဆိုသည်။

ဥက္ကာကိုကို
7day daily

ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့သူများ နာရေးအတွက်သာ ၀န်ကြီးဌာန တာဝန်ယူ


ဓာတ်ပုံ− နစ်ကီ
လှည်းတန်းဈေးအနီး တွင် ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးသူနှစ်ဦးအတွက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက နာရေးလိုအပ် ချက်များနှင့် ရက်လည်ဆွမ်း ကျွေးအတွက်သာ ဆောင်ရွက် ပေးကြောင်းနာရေးတွင် လိုက်ပါဆောင်ရွက်နေသည့် ဈေးသူ၊ ဈေးသားများကပြောသည်။

သေဆုံးသူနှစ်ဦးတို့အနက် အမျိုးသမီးငယ်ကို ထိန်ပင်သု သာန်နှင့်  အမျိုးသားကို ရေဝေး သုသာန်တွင် ဇွန်လ ၂၃ ရက် ညနေ ၃ နာရီက အသီးသီးမီး သင်္ဂြိုဟ်ခဲ့သည်။

‘‘ရက်လည်ဆွမ်းကျွေးရယ်၊ နာရေးရယ်အတွက် သွားရေး၊ လာရေးအားလုံးလုပ်ပေးတယ်။ ထောက်ပံ့ကြေးကတော့ အစအ ဆုံးဌာနကနေ ကူညီပေးတယ်’’ ဟု ကမာရွတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်မိုးညိုက ပြောသည်။

သေဆုံးသွားသည့် မိန်းက လေးသည် လှည်းတန်းဈေးထဲ တွင် ပြောင်းဖူးနှင့် ကုန်စိမ်း ရောင်းသော မိန်းကလေးဖြစ်ပြီး မိဘနှစ်ဦးကို အလုပ်အကျွေးပြု နေသော မိန်းကလေးဖြစ်သည်။

‘‘ကျွန်တော့် မြို့နယ်ထဲမှာ မတော်တဆပဲဖြစ်ဖြစ်၊ ဘာ ကြောင့်ပဲဖြစ်ဖြစ် ဌာနကတာဝန် ရှိတဲ့ ကျွန်တော့်ကိုပဲ အရေးယူ ဆောင်ရွက်သွားမှာပါ’’ဟု ကမာ ရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦး အောင်ကျော်မိုးညိုကပြောသည်။

ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်က လှည်းတန်းဈေးအနီး  ပေ ၅၀ လမ်းတွင် Main Service လျှပ်စစ်ကြိုး ပြတ်ကျခဲ့သော ကြောင့် ဓာတ်လိုက်၍ လူနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။

ထိုကဲ့သို့လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ သေဆုံးခဲ့ခြင်းကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ဖြေရှင်းပေးသင့်ပြီး တာဝန်ရှိသူများကိုလည်း အရေးယူမှုများ ပြုလုပ် သင့်ကြောင်း ပြည်သူများကြား ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်။

7day daily

ကြောင်များသည် လူပြောသမျှနားလည်ပြီး လူတွေကို အရူးဟု သတ်မှတ်ထားကြောင်းဆို


အမေရိကန်က တရိစ္ဆာန် လေ့လာသူ ပညာရှင်များရဲ့ တွေ့ရှိချက် အသစ် ဖြစ်ပါတယ်။ ယင်းတွေ့ရှိချက် အရ ကြောင်များဟာ လူတွေရဲ့ ပြောတဲ့ စကား အားလုံး နီးပါးကို နားလည်ကြောင်း သိရပါတယ်။

သို့ပေမယ့် သူတို့ဟာ ခွေးတွေလို လူတွေကို လူတွေကို အထိုက်အလိုက် ကို ပြုမူ ပေးတတ်တဲ့သူများတော့ မဟုတ် ပါဘူး။ အကြောင်း ကတော့ ကြောင်များဟာ လူတွေကို အရူးလို သတ်မှတ်ခြင်းသာ ဖြစ်ပါတယ်။ အရူးလို သတ်မှတ်တယ် ဆိုတာ သိလျက်နဲ့ ပြောလည်း၊ ပြန်တုန့်ပြန်လည် မထူးဘူး ဆိုတဲ့ အလေ့အထနဲ့ နေထိုင်ခြင်းသာ ဖြစ်ပါတယ်။

လူတွေ ဘာပဲလုပ်လုပ် ဖြစ်ချင်ရာ ဖြစ်နေကြပါစေ ဆိုပြီးတော့ ခေါင်းအေးအေးထား စိတ်လွတ်ကိုယ်လွတ် နေထိုင်တတ်တဲ့ အလေ့ အထ ကြောင့်သာ ကြောင်များဟာ လူသားတွေကို နားမလည်ဘူးလို့ ထင်ရခြင်း ဖြစ်ပါတယ်။ အမှန်တော့ ကြောင်များဟာလည်း ကမ္ဘာပေါ်မှာ ဥာဏ် အကောင်းဆုံး တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်နေတဲ့ တိရစ္ဆာန် တစ်မျိုး ဖြစ်ပါတယ်။
.
Ref: sciencefact
အောင်ခမ်း (www.innewsmyanmar.com)

အရေးပေါ်လိုင်းမှ သတင်းပေးမှုကြောင့် မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရ


ဓာတ်ပုံ – manager.co.th

ထိုင်းနိုင်ငံ ဘန်ကောက်မှာ အရေးပေါ်လိုင်း သတင်းပေးမှုကြောင့် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်ခရိုင် ဒင်းဒဲန်းမြို့နယ် ပချားဆုန်ခေါ့လမ်းသွယ် ၁၆ ထဲမှာ တရားမ၀င် အလုပ်သမားတွေ ရှိတယ်ဆိုပြီး ဖုန်းနံပတ် ၁၁၉၁ အရေးပေါ်လိုင်းကို သတင်းပေးပို့ချက်အရ လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေးအဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဆိုပါ အိမ်ကို ဇွန် ၂၄ ရက်နေ့က ၀င်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ တရားမ၀င်အလုပ်သမား အမျိုးသမီး ၈ ဦး အမျိုးသား ၆ ဦး စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးရမိကြောင်းနဲ့ စစ်ဆေးချက်အရ အားလုံးဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူကာ နယ်စပ်ကို ပြန်ပို့မယ်လို့ လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေးဦးစီးဌာနရဲ့ ညွှန်မှူး ဒုဗိုလ်မှူးကြီး နိုင်းချစ်ဖုပ် ဒိုးမင်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ပိုင်ရှင် နန်းဆောင်ကျရစ် ထဲင်းပို အသက် ၄၄ နှစ်ကိုလည်း တရားမ၀င်သူတွေ လက်ခံထားရှိမှုနဲ့ ဆက်လက်အရေးယူသွားမယ်လို့ ညွှန်မှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB Burmese

အမတ်ဦးလှဆွေ၏ ပြောကြားချက်များ အသရေဖျက်မှုနှင့် မငြိရန် ဦးရဲထွဋ်ပြော



မြတ်ကျော်သူ၊ ကျော်စွာဝင်း

သာသနာရေးဝန်ကြီး အသစ်ခန့်အပ်မည်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ပြောဆိုမှုများသည် အသရေဖျက်မှုနှင့် မငြိစွန်းစေရန် လိုအပ်သည်ဟု ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်က ဇွန် ၂၄ ရက်က သတိပေးပြောကြားလိုက်သည်။ ဦးဆန်းဆင့်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွင် သာသနာရေးဒု-၀န်ကြီးဖြစ်သည့် ဦးစိုးဝင်းကို အစားထိုးခန့်အပ်ရန် သမ္မတက ဇွန်၂၀ ရက်တွင် ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ထားသည်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လွှတ်တော်တွင်း ပြောဆိုဆွေးနွေးမှုများအပေါ် အခြေခံဥပဒေက ကာကွယ်ထားပေမယ့် လွှတ်တော်ပြင်ပ ပြောဆိုမှုများမှာတော့ သာမန်ပြည်သူများလိုပဲ မိမိစကားဟာ အသရေဖျက်မှုလို ကိစ္စမျိုးနဲ့ ငြိစွန်းမှု မရှိအောင်လည်း သတိပြုဖို့ လိုတယ်”ဟု ဦးရဲထွဋ်က မဇ္ဈိမ၏မေးမြန်းချက်ကို အီးမေးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ဦးလှဆွေ၏ မဇ္ဈိမကို ပြောကြားချက်များအရ ဦးစိုးဝင်းသည် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် ဦးဆောင် ညွန်ကြားရေးမှူးလုပ်စဉ်က ငွေကြေးအရှုပ်အရှင်းများ ရှိခဲ့သည်ဟုဆိုပြီး ယခုကိစ္စကို “လွှတ်တော်မှာ ကန့်ကွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်က ကြားနေပါ။ သူ့အကြောင်းမေးလို့ ကျွန်တော် သိသလောက်ပြောတာ”ဟု ဆိုသည်။

“အဲ့ဒီလိုကိစ္စမှာ ဦးစိုးဝင်း ပါဝင်ပတ်သက် ကျူးလွန်တာ မရှိကြောင်း စုံစမ်းစစ်ဆေးမှုများ ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်တော့ ဦးလှဆွေ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ သူ့အကြောင်းနဲ့သူ အငြိမ်းစားယူသွားခဲ့ပြီး ဖြစ်ပါတယ်”ဟု ဦးစိုးဝင်း နှင့် ဦးလှဆွေတို့နှင့် ပတ်သက်၍ ဦးရဲထွဋ်က ပြောသည်။

ထို့ပြင် ဦးစိုးဝင်းနှင့်ပတ်သက်သည့် ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ဦးလှဆွေ၏ မီဒီယာအပေါ် စွပ်စွဲချက်များသည် အမှန်တကယ်ဖြစ်ပါက မသင့်တော်ဟု ဦးရဲထွဋ်က ဆိုသည်။

Mizzima Burmese

စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူ အသက်ဆုံးရှုံး



မြောင် ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မြောင် မြို့နယ် အုတ်နှဲဘုတ်ကျေးရွာတွင် တစ်ရွာတည်းသားချင်း စကားများရန်ဖြစ်ပြီး ဓားရှည်ဖြင့် လိုက်ခုတ်ရာ ကျန်အခြားတစ်ဦးမှာ တိမ်းရှောင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ထွက်ပြေးသူ၏ဇနီးကို ဓားကိုင်ဆောင်သူက ရက်စက်စွာသတ်ခဲ့ခြင်း၊ဒဏ်ရာ များရရှိပြီး အခင်းဖြစ်ပွားသည့် နေရာ တွင် လဲကျသေဆုံးခဲ့ခြင်းကြောင့် အရေးယူထားကြောင်း သိရသည်။

စုံစမ်းသိရှိရသည်မှာ ဇွန် ၁၄ ရက် ညနေ ၇ နာရီခွဲက မြောင်မြို့နယ် အုတ်နှဲဘုတ်ကျေးရွာနေ ကိုကျော်ရွှေ (၃၈ နှစ်) ကျပန်းနှင့် ငလင်း(ခ) ဝေလင်းထွန်း (၂၅ နှစ်) ကျပန်းတို့ နှစ်ဦးစကားများရန်ဖြစ်ခဲ့ရာ ငလင်း (ခ)ဝေလင်းထွန်းက အသင့် ကိုင်ဆောင်လာသည့် ဓားရှည်ဖြင့် ခုတ်ရာ ကိုကျော်ရွှေမှာ တိမ်းရှောင် ထွက်ခဲ့သော်လည်း ၎င်းကျေးရွာနေ ဦးကံရှိန်၏အိမ်ရှေ့တွင် ကိုကျော် ရွှေ၏ဇနီးဖြစ်သူ မမိုးဝေနှင့် ငလင်း (ခ)ဝေလင်းထွန်းနှင့်ထပ်မံတွေ့ရှိပြီး စကားများရာမှ အသင့်ကိုင်ဆောင် လာသည့် ဓားဖြင့်ခုတ်ရာ မမိုးဝေ မှာ ဒဏ်ရာဖြင့် လဲကျသေဆုံးသွားခဲ့ သည်။ သို့ဖြစ်ပါ၍ ငလင်း(ခ)ဝေလင်း ထွန်းအား တရားဥပဒေအရ အရေးယူ ပေးပါရန် ခင်ပွန်းဖြစ်သူက တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးတင်လှိုင်က ကျေးရွာ သို့ သွားရောက်ပြီး အခင်းဖြစ်ပွား သည့် နေရာကို မြေပုံကြမ်းရေးဆွဲ၍ သေဆုံး သူအား မြို့နယ်ဆေးရုံသို့ပို့ပြီး ပြစ်မှု ကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးနိုင် ရေး စီမံဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ မှာ မန္တလေးတိုင်းဒေသကြီး သပိတ် ကျင်းမြို့နယ် လိပ်ကျကျေးရွာတွင် တိမ်းရှောင်ခိုအောင်းနေထိုင်သည့် သတင်း ကိုရရှိသဖြင့် ဇွန် ၁၆ ရက် တွင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသောင်း ငွေ ကြီးကြပ်ဦးဆောင်သော အဖွဲ့နှင့် အုတ်နှဲဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေတို့ လိပ်ကျကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားလျက်ရှိကြောင်း သိ ရသည်။

တင်ကိုကို


MOI Webportal Myanmar 

နို့ ထက် ဘီယာကို ပိုကြိုက်နေတဲ့ “ယမကာလုလင်” နှစ်နှစ်သားလေး


တရုတ်နိုင်ငံက လမ်းလျှောက်တတ်စကလေးလေးတစ်ယောက် စီးကရက်သောက်နေ
တဲ့ ဗီဒီယို လွန်ခဲ့တဲ့ အပတ်တွေက ပေါ်ထွက်လာပြီးနောက် အခုတစ်ခါလည်း
 နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပြန်ပါတယ်။ ဒီတစ်ခါတော့ နှစ်နှစ်သားလေးတစ်ယောက်ဟာ အယ်လ်ကိုဟော စွဲနေတယ်လို့ သိရပါတယ်။

ချန်းချန်း ဆိုသူ နှစ်နှစ်သားလေးဟာ နို့ အစား ၀ိုင်နဲ့ ဘီယာပုလင်းတွေကို ပိုကြိုက်နေပြီး ‘ယမကာလုလင်လေး’ အဖြစ် ဒေသတွင်းမီဒီယာတွေမှာ လူသိများနေပါတယ်။

ချန်းချန်းတစ်ယောက် အရက်ပုလင်းတစ်ပုလင်းသောက်နေတဲ့ ဓာတ်ပုံထွက်လာပြီးနောက် ဒေသအာဏာပိုင်တွေဟာ ချန်းချန်းရဲ့ မိဘတွေကို စုံစမ်းစစ်ဆေးနေပါပြီ။

ချန်းဟာ ဆယ်လသားအရွယ်မှာ အယ်ကိုဟောကို စတင်မြည်းစမ်းကြည့်ခဲ့ပြီး ဖခင်ဖြစ်သူက တူကို ၀ိုင်ထဲ နှစ်ကာ ကလေးကို မြည်းခိုင်းခဲ့တာပါ။

ချန်းဟာ  ဘီယာတစ်လုံးလောက်ကို အမူအရာမပျက် အေးဆေးသောက်နိုင်တယ်လို့ မိဘတွေက ဆိုပါတယ်။ တကယ်လို့ သူ့ ကို ဘီယာမတိုက်လို့ ရှိရင် ချန်းက စိတ်ကောက်တတ်တယ်လို့ လည်း မိဘတွေက ပြောပြပါတယ်။

“ သူ့ မျက်လုံးတွေက အမြဲတမ်း ဘီယာပုလင်းတွေရောက်နေတာ။ သူ မမြင်နိုင်တဲ့နေရာတွေမှာပဲ ကျွန်မတို့  ပုလင်းတွေကို သိမ်းဖို့ ပဲ ကြိုးစားရတာပေါ့။” လို့ ချန်းရဲ့ ဒေါ်လေးဖြစ်သူ Cai Teng က ရှင်းပြပါတယ်။

“ တစ်ခါတစ်လေ သူ အရမ်း ဆူနေပြီး ဘာလုပ်ရမှန်းမသိရင် သူ့ ကို ၀ိုင်နည်းနည်းလောက် တိုက်လိုက်တာပဲ”

ချန်းရဲ့ ဒေါ်လေးကတော့ ကလေးကို နောက်ထပ် အယ်ကိုဟောတွေ မတိုက်တော့ပါဘူးလို့  တိုင်တည်ပြောဆိုနေပါပြီ။ ဒီအပတ်မှာ ကလေးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အစည်းအဝေးတစ်ခု လုပ်ဖို့ ရှိပါတယ်။ မိသားစုနဲ့ ဆက်ထားဖို့ မသင့်ဘူးဆိုရင် ကလေးကို စောင့်ရှောက်ရေးဌာနဆီ ပို့ ထားရမှာပါ။

Ref: Metro.co.uk
Treand Myanmar

ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ



မင်နက်ဆိုတာပြည်နယ် တွင် နေထိုင်သူ အသက် ၂၆ နှစ် အရွယ် အမျိုးသား တစ်ဦးသည် ၎င်း ဖောက်ထွင်း ခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

နီကိုလပ်စ်ဝစ်ခ်ျ ဟုခေါ်သည့် ဖောက်ထွင်းရေး သမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင်ဘက် ရှိ နေအိမ် တစ်အိမ် တွင် ဖောက်ထွင်းမှု တစ်ရပ် ပြုလုပ် ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြု ခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့ သွားခဲ့ကြောင်း အာဏာပိုင်များ က ပြောကြား ခဲ့သည်။

ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်ထွင်း ခံရကြောင်းကို သတိပြုမိပြီး နေအိမ်မှ ငွေသားများ အပြင် အကြွေးဝယ် ကတ်များနှင့် နာရီတစ်လုံး ပျောက်ဆုံး ခဲ့ကာ ဂျင်းဘောင်းဘီ တစ်စုံ၊ ခါးပတ် တစ်ခုနှင့် Nike တင်းနစ်ဖိနပ် အချို့ကို တွေ့ရှိ ခဲ့ကြောင်း၊ ၎င်းအပြင် ကွန်ပျူတာ၌ Facebook page တစ်ခု ဖွင့်ထားသည်ကို သတိပြုမိပြီးနောက် ရဲများထံ အကြောင်းကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စတာဝုဒ်က ဝစ်ခ်ျသည် သူခိုး တစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ဖုန်းနံပါတ် ကို ဝေမျှကာ အချက်အလက် များကို တောင်းဆို ခဲ့သည်။ ညနေပိုင်းတွင် မစ္စတာဝုဒ်သည် ဝစ်ခ်ျထံမှ message တစ်စောင်ကို ရရှိခဲ့ပြီး အိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများ ကို ပြန်ပေးရန် အတွက် ချိန်းဆိုခဲ့ကာ ဖောက်ထွင်းရေး သမားက ကျန်ခဲ့သည့် ပစ္စည်းများ ကို ပြန်လာယူချိန်တွင် ၉၁၁ ကို ဖုန်းဆက်ပြီး ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

ရဲများက ဝစ်ခ်ျကို ဖမ်းဆီးချိန်တွင် ၎င်းသည် မိမိ၏ နာရီကို ဝတ်ဆင် ထားကြောင်းနှင့် အဆိုပါ ဖောက်ထွင်းရေး သမားသည် ကမ္ဘာပေါ်တွင် အတုံးဆုံး ဒုစရိုက်သမား ဖြစ်ကြောင်း မစ္စတာဝုဒ် က ပြောကြားခဲ့သည်။

ဝစ်ခ်ျသည် အဆိုပါ ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် ၁ဝ နှစ် အပြင် ဒဏ်ကြေး ဒေါ်လာ ၂ဝ,ဝဝဝ ပြစ်ဒဏ် ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

Info Bank

ကိုယ်နဲ အောင်မြင်မှုချင်းတူ လှပမှုချင်း တူသူများကို အိမ်ထောင်ဖက်အဖြစ် အများဆုံး ရွေးချယ်ဖြစ်ကြသည်ဟု ဆို


ဆုမြတ်

နယူးယောက် ၊ ဇွန် ၂၀

ချောမောလှပသည့် မိန်းမပျို တစ်ယောက်က အသက်ကြီးကြီး အမျိုးသားတစ်ယောက်နှင့် လက်တွဲ သွားပါက မိန်းကလေးက ငွေမက်လို့ သို့မဟုတ် အမျိုးသားဘက်က မိန်းကလေး၏ ရုပ်ရည်ကို စွဲလမ်းသောကြောင့်ဟု အများအားဖြင့် ကောက်ချက် ချကြသည်။

ဖိုမကိစ္စတွင် လက်တွဲဖော်၏ ထူးခြားသည့် အရည်အချင်းက ရုပ်ဆင်းသွင်ပြင် နှင့် ၀င်ငွေထက် ပိုအဆုံးအဖြတ် ပေးသည်ဟု ပညာရှင်များက ဆိုသည်။ အသက်ကြီးသော အမျိုးသားသည် ငယ်ရွယ်ချောမောသည့် ဇနီးမယားကို လိုချင်သည့် ပုံသေကားကျ  သဘောထားမှာ စိတ်ကူးယဉ် သက်သက်သာဖြစ်သည် ဟု သိပ္ပံပညာရှင်များက ဆိုသည်။

ငယ်ရွယ် ချောမောသည့် ဇနီးမယားကောင်းများ နှင့် လက်တွဲကာ အဆင်ပြေနေကြသည့် စုံတွဲများကို လေ့လာကြည့်ရာ လက်တွေ့တွင် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု တစ်မျိုးတည်းကြောင့်သာ မဟုတ်ဘဲနှင့် လူမှုစီးပွားရေး အခြေအနေတို့ ကြောင့်လည်း အတွဲညီနေခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

ချစ်သူ စုံတွဲများအကြား တူညီမှုများကို လေ့လာရာတွင် ရုပ်ဖြောင့်သည့် အမျိုးသားများသည် လှပသည့် အမျိုးသမီးများနှင့် လက်တွဲဖြစ်ပြီး အောင်မြင်သည့် အမျိုးသားများသည် အောင်မြင်သည့် အမျိုးသမီးများနှင့် လက်တွဲဖြစ်သည်ကို တွေ့ရကြောင်း က၊ွမ်းကျင်သူတစ်ဦးက ဆိုသည်။

လက်တွဲဖော် ရွေးချယ်ရာတွင် ပညာရေး၊ လူမျိုး၊ ဘာသာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်နိုင်မှု တူညီသည်ကို ရွေးချယ်ကြ တတ်သည်ကို လည်း တွေ့ရှိရသည်။

““အမျိုးသမီးတွေဟာ ငွေနဲ့ အလှအပကို အလဲအလှယ် မလုပ်ချင်ကြပါဘူး။ အဆင့်အတန်းမြင့်ချင်လို့ လက်ထပ်လိုက်ရုံနဲ့ အဆင့်အတန်း မြင့်မသွားပါဘူး””ဟု လေ့လာမှု ပြုခဲ့သည့် အမေရိကန်နိုင်ငံနော် တာဒန်တက္ကသိုလ်မှ လူမှုဗေဒပညာရှင် အဲလိဇဘက် မက်ကလင်တော့ခ် က ပြောသည်။

““အဲဒီအပြင် အောင်မြင်တဲ့ အသက်ကြီးကြီး အမျိုးသား တစ်ယောက်ဟာ လှပါတဲ့ စူပါမော်ဒယ်လို မိန်းကလေးတွေကို ငွေနဲ့ပေါက် ၀ယ်ယူလိုက်ခြင်းထက် အောင်မြင်တဲ့ ရွယ်တူ မိန်းမတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်တဲ့ ဥပမာတွေ အများကြီးရှိပါတယ်””ဟုလည်း ၄င်းက ဆက်ပြောသည်။

နာမည်ကျော် ကြားသူများနှင့် ပတ်သက်ပြီး ထိုလူများသည် ငယ်ရွယ်လှပသည့် ဇနီးကိုသာ လိုချင်ကြသည် ဟူသော အတွေးမျိုးသည် နာမည်ကျော် မဟုတ်သည့် သာမန်သူများ အကြားတွင် မှားယွင်း ယူဆနေကြသော အချက်လည်းဖြစ်ကြောင်း စစ်တမ်းကဆိုသည်။

ဆရာဝန် တစ်ယောက်

messenger

နိုင်ငံရေးသမားတွေ စပိန်၊အင်္ဂလန်လို မဖြစ်ကြစေနဲ - စစ်တပ် နဲ့ နိုင်ငံရေး- (ဇာဂနာ)




စစ်တပ် ဟာ နိုင်ငံရေး နဲ့  ဝေးဝေးနေသင့်တယ်။စစ်တပ် က လွှတ်တော်ထဲမှာ
ဝင်ထိုင်နေတာ ဘယ်လိုမှ ကြည့်မကောင်းဖူး။စစ်တပ်ကို ၂၅ ရာခိုင်နှုန်းပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရမယ်။ဒီစကားလုံးတွေဟာ ၂၀၁၀အလွန်မြန်မာ့
နိုင်ငံရေးမှာခေတ်စားလာခဲ့သလို ၂၀၁၃ ခုနှစ်ထဲမှာတော့ အပြင်းအထန် ငြင်းခုန်စရာ
ခေါင်းစဉ်တစ်ခု ဖြစ်လို့ လာပါတော့တယ်။တစ်ချို့ ကလဲ ခုချိန်မှာ စစ်တပ်ကို မထိ မတို့ သင့်ဖူးလို့ ဆိုကြပါတယ်။စစ်တပ်ဟာ အခွင့်ထူးခံ ဖြစ်နေတယ်လို့ လဲ ဝေဖန်ကြ
သလို စိန်ခေါ်တယ် ဆိုတဲ့စကားတောင် ခေတ်စားသွားခဲ့ပါရော။

ကျွန်တော် တို့ တိုင်းပြည်ဟာ ၁၉၆၂ ခုနှစ်ကနေ သည်နေ့ ထိ စစ်တပ်ရဲ့လက်အောက်
မှာပဲ ရှိနေသေးတယ် ဆိုတာကိုတော့ မမေ့သင့်ပါဖူး။ဦးသိန်းစိန် ဦးဆောင် တဲ့ အစိုးရ
ဟာ တကယ်တော့ အရပ်သား အစိုးရ မဟုတ်သေးဖူးဆိုတာကို တစ်ခါတစ်ခါ
မေ့သွားကြပုံရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၈ ရာခိုင်နှုန်းဟာ စစ်သားတွေချည်းပဲဆိုတာလဲ သတိချပ်သင့်ပါတယ်။ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတယ် ဆိုတာ
လောက်တော့ ကျွန်တော် တို့ မြန်မာပြည်က သနားပါတယ်။ဒီနေ့ နိုင်ငံရေးမှာ အပြောင်းအလဲကိုလိုလားပါတယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၀ထိ ဗိုလ်ချုပ်ကြီးပါပဲ။သူရဦးရွှေမန်း လဲ တူတူပါပဲ။ဝန်ကြီးဦးစိုးသိန်းဆိုလဲ ဒုတိယ ဗိုလ်ချုပ်ကြီးပါ။ငြိမ်းချမ်းရေးဝန်ကြီးဦးအောင်မင်းဟာလဲ ဗိုလ်ချုပ်ပါ။
တစ်နေ့က ပြုတ်သွားတဲ့ သာသနာရေးဝန်ကြီးလဲ ဗိုလ်ချုပ်ပါပဲ။

တင်းမာတဲ့သဘောထားရှိတယ်လို့ အမြဲတမ်းဝေဖန်ခံရတဲ့ စစ်တပ်ဖက်မှာ ၂၀၁၀ နောက်ပိုင်းရောက်လာတဲ့အခါကျတော့
(၁)ပျော့ပျောင်းတဲ့အုပ်စု
(၂)တင်းမာတဲ့အုပ်စု ဆိုပြိး အပျော့ဂိုဏ်း အမာဂိုဏ်း နှစ်ဂိုဏ်းကွဲလာတယ် လို့ ဆိုကြပါတယ်။(ကျွန်တော့ အမြင်အရတော့ ဒီလို နှစ်ဂိုဏ်း ကွဲနေတယ် ဆိုတာ ဇာတ်ည့န်းပါပဲ။ကမ္ဘာမှာဒီလို နှစ်ဂိုဏ်းကွဲလေ့ ရျိတယ် ဆိုတဲ့ ဖြစ်နေကြ သဘာဝ ကို မြန်မာပြည်မှာ ပုံတူပွားလိုက်တာပါပဲ)

တစ်ခါ အတိုက်အခံတွေဖက်မှာ
(၁)ညှိနှိုင်းလိုသူများ နဲ့ 
(၂)ဆန့်ကျင်လိုသူများ
ဆိုပြီး နှစ်ဂိုဏ်းကွဲနေတယ် လို့ ဆိုပြန်ပါတယ်။
ဒါကြောင့်လဲ နိုင်ငံရေးပညာရှင်တွေက အပျော့ဂိုဏ်း နဲ့  ညှိနှိုင်းလိုသူများ နှစ်ဖွဲ့ ကို
ပေါင်းစပ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အင်အားစုကြီးတစ်ခု အဖြစ် တည်ဆောက်
ရမယ် လို့ ဆိုကြပြန်ပါတယ်။တကယ်လဲ အပျော့၈ိုဏ်း က ညှိနှိုင်းလိုသူများကို လက်တွဲ
လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။

နမူနာပြရရင်(၁)ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ၊ဦးစိုးသိန်း၊ဦးအောင်မင်း၊
သူရ ဦးရွှေမန်း၊ဦးခင်အောင်မြင့်တို့ ရဲ့ ဆက်ဆံရေး (၂)၈၈(ငြိမ်း ပွင့်) နဲ့  ဦးစိုးသိန်း၊
ဦးအောင်မင်းတို့ ရဲ့ဆက်ဆံရေးတို့ ကို ကြည့်ကြပါ။ဒီကနေ အဖြေ ဘာထွက်လာပါသလဲ။

အမှန်အတိုင်းသုံးသပ်ကြည့်ရင် ကိုယ့်ဖက်က ပေးလိုက်ရတာ တော်တော် များပါတယ်။
ထူးပြီးပြောင်းလာတာတော့ တစ်ခုမှ မတွေ့ ခဲ့ရပါဖူး။တစ်နေ့ က ဖြစ်ခဲ့တဲ့ ဘုန်းကြီးကျောင်းဝင်စီးတဲ့ ကိစ္စ၊ဦးဆန်းဆင့်ကိုဖြုတ်လိုက်တဲ့ကိစ္စတွေထိ အစိုးရဟာ စစ်တပ်လိုပဲတွေးပြီး စစ်သားလိုပဲ ဆုံးဖြတ်တုန်းပဲဆိုတာ ပေါ်လွင်နေတုန်းပါ။

ဒီတော့ ကျွန်တော် တို့  စစ်တပ်ရဲ့ သဘောသဘာဝ ကို အရင်လေ့လာကြည့်ရအောင်။
တခြားတခြားသော တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့အဖွဲ့ အစည်းတွေနဲ့  စစ်တပ်ဟာဘာကွာသလဲ။သိသိသာသာထင်ထင်ရှားရှားကွာခြားချက်လေးချက်ကို
သွားတွေ့ပါတယ်။
(၁)စစ်တပ်ဟာ စစ်ပွဲတွေရဲ့ အရေးအပါဆုံးအဖွဲ့ပဲ။စစ်ဖြစ်တယ် ဆိုကထဲက စစ်တပ်
ပါလာပြီ။လက်နက်ပါလာပြီ။ဒီတော့ စစ်တပ်ဟာ ပြသနာ တစ်ခုပေါ်လာရင် စေ့စပ်
ညှိနှိုင်းဆွေးနွေးဖို့ထက် လက်နက်နဲ့ဖြေရှင်းဖို့ ကိုပဲ အာသီသ ရှိတယ်။
(၂)စစ်တပ်ဟာ အထက်အမိန့် ကို အနာခံဆုံးအဖွဲ့ ဖြစ်တယ်။
စစ်တပ်ရဲ့ဖွဲ့ စည်းပုံဟာကျစ်လျစ်တယ်။စည်းမျဉ်းစည်းကမ်းလိုက်နာတယ်။ရာထူးကြီး
သူရဲ့စကားကို ရာထူးငယ်သူက ဘယ်တော့မှ မပယ်ရှားဖူး။
(၃)စစ်တပ်တိုင်း အသက်ကိုစွန့် ဖို့  ဆုံးဖြတ်ထားသူတွေ နဲ့ ဖွဲ့ စည်းထားတာပဲ
ဖြစ်တယ်။တိုက်ခိုက်မယ်၊သတ်ဖြတ်မယ်၊သေမယ် ဆိုတာ စစ်တပ်ရဲ့ သဘာဝပဲ။
အသက်ကိုစွန့် ဖို့ တောင်ဝန်မလေးမှတော့ ဘာကိုပဲ ဖြစ်ဖြစ် မကြောက်တော့ဖူး
ဆိုတဲ့ စိတ်အခြေခံ ရှိနေမှာပဲ။
(၄)စစ်တပ်တိုင်းဟာ နိုင်ငံရေး ရဲ့အထက်မှာ သူတို့ရှိနေတယ် လို့ ထင်တတ်ကြတယ်။
နိုင်ငံ့တော် လုံခြုံရေး။တိုင်းပြည် မပြိုကွဲရေး ဆိုတဲ့တာဝန်တွေကို အဓိက ထမ်းဆောင်
ထားတာစစ်တပ်ပဲဆိုတဲ့အစွဲရှိနေတယ်။အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာရင်
စစ်တပ်ကလက်ပိုက်ကြည့်နေမှာမဟုတ်ဖူးဆိုတာကတော့ စစ်တပ်တိုင်းရဲ့လက်သုံး
စကားပါပဲ။

အာဖရိက၊လက်တင်အမေရိက နဲ့  အာရှတိုက်တို့မှာ စစ်တပ်က နိုင်ငံရေးမှာဝင်ဝင်
စွက်ဖက်တာတွေ့ တွေ့ နေရမှာပါ။အရပ်သားအစိုးရတွေကိုဖြုတ်ချတာ၊အရပ်သား
အစိုးရယောင်ဆောင်တာတွေလဲ အများကြီးပါ။စစ်တပ် အာဏာသိမ်းတိုင်း လက်သုံး
စကားကတော့ တိုင်းပြည်ကိုကယ်တင်ဖို့ ဆိုတာချည်းပါပဲ။

ကမ္ဘာမှာ စစ်တပ် နဲ့  နိုင်ငံရေးဆက်ဆံမှုဟာ ၂မျိုးပဲ ရှိပါတယ်။
(၁)လွတ်လပ်တဲ့ဆက်ဆံမှု။
----------------------------------
စစ်တပ် နဲ့  နိုင်ငံရေး ကို သီးခြားခွဲထုတ်ထားတယ်။
(က)အစိုးရအဖွဲ့ က အားလုံးကိုတာဝန်ယူတယ်။
စစ်တပ်ကလဲ အစိုးရ ရဲ့ လက်အောက်ခဲအဖွဲ့ တစ်ခုပဲ ဖြစ်တယ်။
(ခ)အစိုးရအဖွဲ့ ကပဲ ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ ချမှတ်တယ်။
စစ်တပ်က အဲဒီပေါ်လစီတွေကိုအောင်မြင်စေဖို့ အကောင်အထည်ဖော်ရတယ်။
(ဂ)ဘယ်ပါတီ၊ဘယ်အဖွဲ့ အစည်း ကိုမှ စစ်တပ်က ဘက်မလိုက်ရဖူး။

(၂)စွက်ဖက်တဲ့ဆက်ဆံမှု။
------------------------------
အစိုးရ လုပ်ရမှာတွေကို စစ်တပ်က ၀င်လုပ်တယ်။စစ်တပ် ဆုံးဖြတ်တာတွေကို
အစိုးရကလိုက်နာတယ်။တစ်ချို့ နိုင်ငံတွေမှာဆို စစ်တပ်ကိုယ်တိုင်က အစိုးရပဲ
ဖြစ်နေတယ်။အာဏာရှင်တိုင်းပြည်တွေ၊တစ်ပါတီထဲအုပ်ချုပ်တဲ့နိုင်ငံတွေမှာ
ဒါမျိုးတွေတွေ့ရလေ့ရှိပါတယ်။

(၃)နိုင်ငံတော်အာဏာကို စစ်တပ် က သိမ်းပိုက်ခြင်း။
---------------------------------------------------------------
အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်းတာမျိုး ကမ္ဘာပေါ်မှာ ခဏခဏတွေ့ 
ရတတ်ပါတယ်။ဒီလို အာဏာသိမ်းတာကလဲ
(၁)စစ်တပ်ကလိုလားသူကိုခေါင်းဆောင်တင်ချင်တာရယ်
(၂)စစ်တပ်က တိုက်ရိုက်အုပ်ချုပ်ချင်တာရယ်
ဆိုတဲ့ အချက်နှစ်ချက် ကြောင့်ပဲ ဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းတိုင်း
အကြောင်းပြချက်တွေ စုကြည့်လိုက်ရင်
(၁)စီးပွားရေးကျဆင်းမှုကြောင့်
(၂)အရပ်သားအစိုးရအပေါ် ပြည်သူတွေအယုံအကြည်မဲ့လာမှုကြောင့်
(၃)အစိုးရ နဲ့ စစ်တပ်အကြားပဋိပက္ခဖြစ်တာကြောင့်
(၄)နိုင်ငံတကာရဲ့ စွက်ဖက်မှုကြောင့် ဆိုတဲ့ အချက်လေးချက်ကိုပဲတွေ့ ရလေ့ရှိပါတယ်။

ဒါတွေကို သိရက်သားနဲ့  ကျွန်တော် တို့ က ပိုတွက်ထားမိနေတာလား၊ဒါမှ မဟုတ်
ကိုယ့်ကိုယ်ကို သိတ် အထင်ကြီးလွန်းနေတာလားဆိုတာကို အတိုက်အခံ နိုင်ငံရေး
သမားတိုင်း တွေးဆ ဆင်ခြင်စေချင်ပါတယ်။ကမ္ဘာ့အတော် ဆုံးဘောလုံးသမားတွေ နဲ့ စုဖွဲ့ ထားတယ် ဆိုတဲ့ လက်ရှိချန်ပီယံ စပိန် အသင်းမရှုမလှ ရှုံးနိမ့် ပြီး ပြိုင်ပွဲ က
ထွက်ခွာခဲ့ပြီဆိုတာတော့ ယူတတ်ရင် သင်ခန်းစာပါ။မြန်မာပရိသတ် တွေ ရဲ့ အချစ်တော်
အင်္ဂလန် အသင်းလဲ နှစ်ပွဲကစားနှစ်ပွဲ ရှုံး နဲ့  အုပ်စုကပဲထွက်ခဲ့ရပါပြီ။

သေချာတာတစ်ခုကတော့ ဘယ်လောက်ပဲတော်တော် တိကျသေချာပြီး ထိရောက်တဲ့
ဗျူဟာ မရှိလို့ ကတော့ လက်ပြနှုတ်ဆက်ရုံမှ တပါး အခြားမရှိပါဖူးဆိုတာပါပဲ။

ဇာဂနာ
ယနေ.ထုတ် တူမောရိုး ထဲကဆောင်းပါးပါ။

Kyaw Swar Myint

ကြည့်ပြီးလျှင် အလိုလျောက် ပျက်သွားမည့်ပုံများ၊ ဗီဒီယိုများ ပေးပို့နိုင်မည့် Slingshot ၀န်ဆောင်မှု ဖေ့စ်ဘွတ် စတင်


သန်းထိုက်စိုး

ဓာတ်ပုံများ၊ ဗီဒီယိုများကို တစ်ဖက်လူထံ ပေးပို့လိုက်ပြီး ထိုသူကြည့်ပြီး သွားသည်နှင့် အချိန် အတိုင်းအတာ တစ်ခုအတွင်း ထိုဓာတ်ပုံများ၊ ဗွီဒီယိုများ အလိုလျောက် ပျက်သွားစေမည့် Slingshot ၀န်ဆောင်မှုကို ဖေ့စ်ဘွတ်ခ်က စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလားတူ ၀န်ဆောင်မှုဖြင့် နာမည်ကျော် နေသော Snapchat ကို ယှဉ်ပြိုင်ရန် ဖေ့စ်ဘွတ်ခ်က Slingshot ကို ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။ သို့သော် Slingshot က တစ်ခုထူးခြားသည်မှာ တစ်ဖက်လူ ပေးပို့လိုက်သော ပုံများ၊ စာများ၊ ဓာတ်ပုံများကို ဒီအတိုင်း ကြည့်လို့မရဘဲ မိမိဘက်ကလည်း အလားတူ ပေးပို့ပြီးမှသာ ကြည့်ခွင့်ရမည်ဖြစ်သည်။

Slingshot တွင် မိမိ ဖေ့စ်ဘွတ်ခ် အကောင့်သုံး၍ မှတ်ပုံတင်နိုင်သလို ဖုန်းနံပါတ်ဖြင့်လည်း မှတ်ပုံတင်နိုင်သည်။ မှတ်ပုံတင်ပြီး၍ Slingshot ကို ၀င်လိုက်သည် နှင့် ဖုန်းကင်မရာ ပွင့်လာမည် ဖြစ်ပြီး ဓာတ်ပုံ၊ ဗွီဒီယို ကြိုက်ရာ ရိုက်နိုင်သည်။ ပုံ သို့မဟုတ် ဗွီဒီယိုကို ဖော်ညွှန်းရန် စာလုံးရေ ၁၄၀ ထိ ရေးနိုင်သည်။ ထို့နောက် Slingshot သုံးသူတစ်ဦး သို့မဟုတ် အများထံ ပေးပို့နိုင်သည်။ တစ်ဖက်လူသည် အလားတူ ပြန်ပေးပို့မှသာ ၎င်းထံ ပို့ထားသည်များကို ကြည့်ရှုခွင့်ရအောင် Slingshot က ဖန်တီးထား သည်။ Snapchat အပလီကေးရှင်းသည်လည်း အလားတူပင် အလိုလျောက် ပျက်သွားသည့် ၀န်ဆောင်မှုမျိုး ပါရှိပြီး လူငယ်ဆယ်ကျော် သက်များကြား ရေပန်းစားသည်။ ဖေ့စ်ဘွတ်ခ်သည် Snapchat ကို ဒေါ်လာသန်း သုံးထောင်ဖြင့် ၀ယ်ရန် ကမ်းလှမ်း ခဲ့သေးသော်လည်း အထမမြောက်သဖြင့် ယခုကဲ့သို့ ကိုယ်ပိုင် Slingshot ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

လောလောဆယ်၌ အမေရိကန် နိုင်ငံတွင်သာ အသုံးပြု နိုင်ဦးမည်ဖြစ်သည်။ အိုင်ဖုန်း၊ အန်းဒရွိုက်ဖုန်း နှစ်မျိုးလုံးနဲ့ သုံးနိုင်သည်။

Source: Daily Mail
The Messenger

သမ္မတကြီး စကားမတည်ခဲ့လေသလား


၂၀၁၄ ခုနှစ်၊ ဇွန်လ( ၁၀ ) ရက်နေ့ညက ပီနန်ဆရာတော်ကြီး နှင့် သံဃမဟာ နာယက အဖွဲ့တို့အကြား ကျောင်းပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိနေတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ သာသနာပြု ခရီးထွက်နေချိန်တွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးမှ သံဃာတော် ၂၈၁ပါး၊ ရဲတပ်ဖွဲ့ဝင် ၂၀၀ကျော်ခန့်နှင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါကာ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် သံဃာတော်များအား အင်အားသုံး ဖယ်ရှားကာ သီတင်းသုံးနေသည့် သံဃာတော် အပါး ၂၀ နှင့် လူ(၃၂) ဦးကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

နောက်တစ်နေ့ ဇွန်လ(၁၁)ရက်နေ့ နေ့လည်(၁) နာရီမှာ ကမ္ဘာအေး သာသနာရေး ဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပြီး၊ ထိန်းသိမ်းထားသော လူ(၃၂)ဦးအား တာမွေမြို့မ ရဲစခန်းမှ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီး၊ သံဃာတော် အပါး(၂၀)အနက် အင်္ဂလန် ဆရာတော် အပါအဝင် သံဃာ ၅ပါးကို သံဃနာယကရုံးမှ အဓမ္မ လူဝတ်လဲစေပြီး တာမွေ တရားရုံးမှာ ၂၉၅/၂၀/၉၀ ပုဒ်မတွေနဲ့ စွဲချက်တင်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ကြောင်း စိတ်မကောင်းစွာ သိခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်မှာ စာရေးသူအနေနဲ့ ကိုယ်တိုင် အသိသက်သေအဖြစ် ပါဝင်ခဲ့ရသည့် ဖြစ်စဉ်ကတော့ (၂၉-၃-၂၀၁၄)ရက်နေ.က ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း ကိုဇင်ဝိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်လာပြီး၊ မနက်ဖြန် ပီနန် ဆရာတော်ကြီးရဲ့ မဟာသန္တိသုခကျောင်းမှာ ကျောင်းပိုင်ဆိုင်မှု ပြသာနာ သတင်းစာ ရှင်းလင်းပွဲ လာခဲ့ပါလို့ ဖိတ်ပါတယ်။ စာရေးသူလည်း (၃၀-၃-၂၀၁၄)မှာ သွားရောက်ခဲ့တော့ ကိုဇင်ဝိုင်းက ပီနန်ဆရာတော်ကြီးရဲ့ တပည့်ရင်း အင်္ဂလန် ဆရာတော်နဲ့လည်း မိတ်ဆက်ပေးပါတယ်။

ဖြစ်စဉ်ကို မေးမြန်းလျှောက်ထား ကြည့်တော့ “၁၉၉၅ ခုနှစ်တွင် ပီနန် ဆရာတော်ကြီးကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်တော့ အဲဒီဘွဲ့ကို လာယူတဲ့အခါ ဦးစောမြင့်က အသက်ကြီးလာလျှင် ဆရာတော်ကြီး သီတင်းသုံးဖို့ အတွက် ကျောင်းတစ်ကျောင်း ဆောက်လုပ်နိုင်ဖို့ လျှောက်ထားခဲ့တယ်” ဆရာတော်ကြီးက “ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ရင် ပြည်ပ သာသနာပြု လေ့ကျင့်ရေးကျောင်း ဆောက်ချင်တယ်”ဟု မိန့်ကြားခဲ့တာ စပြီးပေါ်ပေါက်လာခဲ့တယ်။ ကျောင်းတော်ကြီးကို ပြည်တွင်းပြည်ပ စေတနာရှင်တွေရဲ့ လှူဒါန်းငွေနှင့် ဆောက်လုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလမှာ ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူတွေက ရေစက်ချ လှူဒါန်းခဲ့တာကို သိရတယ်။ ပြည်ပသာသနာပြု ရဟန်းတော်များကို သတင်းစာကနေ တဆင့် ခေါ်ယူခဲ့တယ်။ ဝင်ခွင့်ကို အင်္ဂလိပ် ဘာသာနဲ့ ဖြေဆိုကြရတယ်၊အဲဒီတုန်းက ရဟန်း သီလရှင်အပါး ၁၀၀ကျော် ဖြေဆိုခဲ့ရာ ၄၄ ပါး ရေးဖြေအောင်မြင်ခဲ့တယ်၊ နှုတ်ဖြေကို အင်္ဂလိပ်ဘာသာနဲ့ပဲ ဖြေဆိုခဲ့ရပြီး ရဟန်းတော် ၂၁ ပါးနှင့် သီလရှင် ၅ပါး ရွေးချယ်ခဲ့ပါသည်။ ၂၀၀၂ခုနှစ်တွင် သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆ပါးကို ထိုင်ဝမ်၊ နှစ်ပါးကို အမေရိကန်၊နှစ်ပါးကို နယူးဇီလန်စတဲ့ နိုင်ငံတွေကို သာသနာပြုစေလွှတ်ခဲ့တယ်။

ဆရာတော်ကြီးက ပြည်ပမှာပဲ အနေများပြီး သင်တန်းဖွင့်ပြီး သင်တန်းဆင်းတဲ့ အခါမှ ဒီကျောင်းတော်ကြီးကို ပြန်လည်ကြွရောက်ခဲ့တယ်လို့ သိရတယ်။ ဆရာတော်ကြီး ပြန်လည်ကြွရောက်လာတော့ ကျောင်းတော်ကြီးရဲ့ ဥပဿကာ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ဦးစောမြင့် ဥက္ကဌရာထူးက နားတဲ့အချိန်ဖြစ်လာတော့ ငွေစာရင်းတွေ ရှင်းဖို့ကိစ္စပေါ်ပေါက်ခဲ့တယ်၊ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ၂၀၀၂ ဒီဇင်ဘာရောက်မှ (မဟန) ဆရာတော်တွေ ကျောင်းတော်ကြီးထဲကို ပင့်ဆောင်လာတာ ကြားသိခဲ့ရပါတယ်။ ပင့်ရတဲ့ အကြောင်းကတော့ သြဝါဒခံယူဖို့ဆိုပြီး အမှန်တကယ် အခမ်းအနားကျတော့ ကျောင်းတော်ကြီးကို ထိုးအပ်ခဲ့တယ်။ အဲဒီတုန်းက မဟန ဥက္ကဌက မကွေးဆရာတော် ဦးကုမာရ လက်ထက်လို့ ထင်ပါတယ်။ အဲဒီအချိန်က RFAနဲ့ အင်တာဗျူးတော့ မကွေးဆရာတော်က ကျောင်းတော်ကြီးကို (မဟန)မှသိမ်းယူတာ မဟုတ်ဘူး။ အစိုးရက သိမ်းတာဖြစ်တယ်။ (မဟန)ကို အပ်နှံထားတာ ဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးမှာ သံဃာတွေအပေါ် အကြမ်းဖက်တဲ့အပေါ် ပီနန်ဆရာတော်ကြီးက (မဟန)အနေနဲ့ ၀င်ရောက်တားဆီးပေးဖို့ တောင်းဆိုခဲ့တဲ့ အပေါ် အမြင်မကြည်ထဲ့ဘူး။

နောက်ဆုံး ရွှေဝါရောင် သံဃာ့ အရေးအခင်း အတွက် ပြည်ပနိုင်ငံအသီးသီးက မြန်မာရဟန်းတော်တွေ စုစည်းပြီး သံဃာဥသျှောင် အဖွဲဖွဲ့စည်းပြီးတော့ ပီနန်ဆရာတော်ကြီးက ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာလည်း မဟနအဖွဲ့နဲ့ စင်ပြိုင်လုပ်တယ်လို့ အငြိုးဖွဲ့တာတွေရှိလာတယ်။ ၂၀၁၀ အစိုးရသစ် လက်ထက်မှာ ဆရာတော်ကြီး မြန်မာပြည်ကို ပြန်လည်ကြွလာချိန်မှာတော့ ကျောင်းတော်ကြီးရဲ့ ၁၁ ထပ်မှာ တယ်လီဖုန်းတာဝါတိုင်တွေ အထိုင်ချလို့ ငှားရမ်းထားတယ်၊ ၄ထပ်မှာ ရုံးခန်းတွေ ငှားထားတယ်၊ ၂ ထပ်မှာ Video ရိုက်ဖို့ အခန်းတွေ ငှားထားတယ်၊ မြေညီထပ်မှာ မင်္ဂလာခန်းမ ငှားထားသေးတယ်။ အဲဒီလို စီးပွားရေး လုပ်စားနေတာကို မြင်ခဲ့ရတယ်။ ဆရာတော်ကြီးက အဲဒီ အခြေအနေမှာ မူလရည်ရွယ်ထားတဲ့အတိုင်း ပြည်ပသာသနာပြု တက္ကသိုလ်ကြီး ပြန်လည်မွေးဖွားဖို့ ကျောင်းတော်ကြီးမှာ သီတင်းသုံး နေထိုင်ဖို့ စီစဉ်ခဲ့ရင်း (မဟန)က သူတို့ ပိုင်ဆိုင်တဲ့ ကျောင်းဖြစ်တယ်လို့ ဆိုပြီးတော့ ဆရာတော်ကြီးကို ဖယ်ရှားပေးဖို့ အကြောင်းကြားလာခဲ့တယ်။ အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အဆင့်ထိ ဖြစ်လာရတာပေါ့၊ မဟာသန္တိသုခက မွေးထုတ်လိုက်တဲ့ ပထမပတ် သင်တန်းသားတွေက စင်္ကာပူမှာ လေးပါး၊ အမေရိကန်မှာ နှစ်ပါး၊ ကနေဒါမှာ တစ်ပါး၊ အင်္ဂလန်မှာ တစ်ပါး၊ ထိုင်ဝမ်မှာ နှစ်ပါး၊ သြစတြေးလျမှာ တစ်ပါး၊ နယူးဇီလန်မှာ နှစ်ပါး၊ ပြည်တွင်းမှာ လေးပါးရှိပြီး သာသနာ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့” မိန့်ကြားခဲ့ပါတယ်။

မွန်းလွဲနှစ်နာရီလောက်မှာ အဲဒီသတင်းစာရှင်းလင်းပွဲကို MPCက ကိုညိုအုန်းမြင့်နဲ့ အခြားတစ်ဦး၊ ၀န်ထမ်း အမျိုးသမီးလေး တစ်ဦး ရောက်ရှိလာပါတယ်။ ဆရာတော်ကြီးကို လာရောက် တွေ့ဆုံလျှောက်ထားဖို့ ရှိတယ်လို့၊ နိုင်ငံတော် သမ္မတကြီးဆီက မှာကြားချက်ကို သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက လျှောက်ထားခိုင်းလိုက်လို့ လာရတာဖြစ်တယ်လို့ ပြောပါတယ်။ ကိုဇင်ဝိုင်းက စာရေးသူကိုပါ လိုက်ဖို့ပြောပြီး ဆရာတော်ကြီး သီတင်းသုံးတဲ့ အခန်းထဲကို သွားရောက်ခဲ့ကြတယ်။

ဆရာတော်ကြီးကို တွေ့တဲ့အခါ ကိုညိုအုန်းမြင့်က ဆရာတော်ကြီးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လျှောက်ထားခိုင်းလိုက်တဲ့ အတွက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက စေလွှတ်လိုက်လို့ လာခဲ့တာ ဖြစ်ပြီး၊ နိုင်ငံတော် သမ္မတကြီးက ဆရာတော်ကြီးကို ဆရာတော်ကြီး အေးချမ်းစွာ သတင်းသုံးပါရန်နဲ့ သန္တိသုခ ကျောင်းတိုက်ကြီးကိုလည်း အတင်းဝင်ရောက် ဖယ်ရှားခိုင်းတာမျိုး မပြုလုပ်ပါကြောင်း၊ စိတ်ပူပန်မှု မရှိစေလိုပါကြောင်း၊ သီတဂူ ဆရာတော်ကြီးကလည်း သမ္မတကြီးကို သန္တိသုခ ကျောင်းတိုက်ကြီး ကိစ္စ ပြောပြထားပါကြောင်း၊ ပြည်ပ သာသနာပြု တက္ကသိုလ် ပြန်ဖွင့်လှစ်နိုင်ရေး အတွက်လည်း နိုင်ငံတော် သမ္မတထံ ဆရာတော်ကြီးက စာရေးပေးစေလိုကြောင်း၊ အဲဒီစာကိုလည်း ကိုညိုအုန်းမြင့်တို့က စာစီရေးသားပေးပြီး ဆရာတော်ကြီး ဖတ်ရှုပြင်ဆင်ကာ လက်မှတ်ရေးထိုး ပေးရုံသာ ဖြစ်ပါကြောင်း၊ ယနေ့သတင်းစာ ရှင်းလင်းပွဲက ဆရာတော်ကြီးနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေရဲ့ သဘောထား တောင်းဆိုချက်ကိုလည်း ရေးမှတ်ယူသွားပါမည် ဖြစ်ကြောင်း လျှောက်ထားခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ခဲ့ရပါတယ်။

အဲဒီတုန်းက ကိုဇင်ဝိုင်းက အခုလိုနှုတ်နဲ့ နိုင်ငံတော် သမ္မတက လျှောက်ထားခြင်းထက် စာနဲ့ ပေးအပ်စေလိုကြောင်း၊ ညကြီးအချိန်မတော် ၀င်ရောက် သိမ်းဆည်းခဲ့တဲ့ ကိစ္စကို သမ္မတစာနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ၀င်ရောက်ပြောဆိုခဲ့တော့၊ ကိုညိုအုန်းမြင့်နှင့် လိုက်ပါလာတဲ့ တာဝန်ရှိသူ တစ်ယောက်က စိတ်မပူဖို့နဲ့ နိုင်ငံတော် သမ္မတရုံး ခွင့်ပြုချက်မပါပဲ သာသနာရေး ၀န်ကြီးဌာနက ဘာမှမလုပ်နိုင်ကြောင်း၊ ၀င်ရောက် သိမ်းယူတာမျိုးကို သမ္မတက လုံးဝ သဘောမတူ လက်မခံပါကြောင်း ပြောကြားခဲ့ပါတယ်။ လုံခြုံရေး အဖွဲ့များကိုလည်း မှာကြားပေးထားမယ်လို့ ဆိုခဲ့ပြီး ဆရာတော်ကြီး အနေနဲ့ စိုးရိမ်မှု လုံးဝမရှိစေလိုကြောင်း ထပ်မံလျှောက်ထားခဲ့တာကိုလည်း မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒီနေ့အချိန်မှာတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပီနန်ဆရာတော်ကြီးဆီကို စေလွှတ် လျှောက်ထားခဲ့သလိုမျိုး အေးချမ်းစွာ ဆိုတာထက် အင်အားသုံး ၀င်ရောက်ချိပ်ပိတ် သော့ခတ်ပြီး ရဟန်းတော် တစ်ချို့ကိုလည်း အတင်းလူဝတ်လဲကာ ထောင်ထဲ ပို့တဲ့အဆင့် ရောက်သွားခဲ့ပါပြီ။

အဲဒီလို စာရေးသူကိုယ်တိုင် ကိုယ်တွေ့ အသိသက်သေ အဖြစ် မြင်တွေ့ခဲ့ရတဲ့အပေါ် အခြေခံပြီး သာသနာရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းခဲ့တော့ နိုင်ငံတော် သမ္မတရုံး၊ အကြံပေး ဦးအံမောင်က “အဲဒီကိစ္စတွေကို မသိပါဘူ၊ ဘယ်သူတွေ ဘာတွေပြောသလဲဆိုတာ ပြောတဲ့သူတွေမှာပဲ တာဝန်ရှိတယ်၊ ဘာစာတွေ ပေးသလဲဆိုတာလည်း မသိပါဘူး၊ နိုင်ငံတော် သမ္မတရုံးကလည်း ဘာစာမှ (မဟန)ကို မပေးပါကြောင်း၊ ဘာမှအကြောင်းမကြားပါဘူး”လို့ ဖြေဆိုခဲ့ပါတယ်။

နောက်ဆုံးတော့ အဆိုပါ ဖြစ်ရပ်အပေါ် မျက်မြင်ကိုယ်တွေ. သက်သေ တစ်ယောက်အဖြစ် မြင်တွေ့ခဲ့သူ စာရေးသူ အနေနဲ့ အခုလို အင်အားသုံး သိမ်းယူတဲ့ ကိစ္စအပေါ်မှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ပဲ ကတိမတည်ခဲ့လေသလား၊ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းကပဲ သမ္မတကြီး မပြောခိုင်းတာကို ပြောခိုင်းခဲ့လေသလား ဒါမှမဟုတ် MPCက ကိုညိုအုန်းမြင့်ကပဲ ဘယ်သူမှ ဘာမှမပြောခဲ့တာကို ဆရာတော်ကြီးဆီလာပြီး လျှောက်ထားလေသလားလို့ တွေးရင်း… တွေးရင်း......

ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ )
Tomorrow

စားသုံးသူကို ကူးစက်တတ်သော ဝက်နားရွက်ပြာရောဂါပိုးရှိ ဝက်သေ ဝက်နာများကို ရန်ကုန်ဝက်ကုန်သည်များ ဝယ်ယူမှုများရှိနေ



ချိန်ခွင် ၊ ရန်ကုန်၊ ဇွန် ၂ဝ

ဝက်နားရွက်ပြာရောဂါ ကျရောက်မှုကြောင့် သေဆုံးခဲ့သည့် ဝက် များကို ကုန်သည်များက ဝယ်ယူရောင်းချ မှုများ ပြုလုပ်နေကြောင်း ရောဂါဖြစ်ပွားနေ သည့် ဥက္ကံမြို့ မွေးမြူရေးသမအသင်းက ထုတ်ဖော်ပြောကြားလိုက်သည်။

''ရန်ကုန်က ကုန်သည်တွေက ဈေးနိမ့်နဲ့ ဝက်သေတွေကို ဝယ်နေတယ်။ အချို့ဝက်တွေက မသေသေးပေမယ့် ရော ဂါ ခံစားနေရတယ်။ အဲဒါတွေကို မွေးမြူ ရေးသမားတွေကလဲ ရောင်းတယ်။ ကုန်သည် တွေကလဲ ဝယ်တယ်။ ဒါပေမဲ့ စည်ပင်သာ ယာက တားမြစ်ခြင်းတော့မရှိဘူး''ဟု ဥက္ကံ မောင် မွေးမြူရေးသမအသင်းဥက္ကဋ္ဌ ဦးမျိုး အောင်က ထုတ်ဖော်ပြောကြားသည်။
ယင်းဒေသတွင် ဝက်နားရွက်ပြာ ရောဂါဖြင့် ဝက်နာကျ သေဆုံးမှုသည် ယခု လအတွင်း ပိုမိုမြင့်တက်လာပြီး ရန်ကုန်-ပြည် ကားလမ်းဘေးရှိ မြို့များကိုပါ ကူးစက် သွားပြီးဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံဒေ သအပါအဝင် ပဲခူးတိုင်းဒေသကြီး အနောက် ဘက်ခြမ်းရှိ ကြို့ပင်ကောက်၊ ဇီးကုန်း၊ မင်း လှ၊ စစ်ကွင်းနှင့် အုတ်ဖိုစသည့် မြို့နယ်များ တွင်လည်း ဝက်နားရွက်ပြာရောဂါကြောင့် ဝက်ကောင်ရေ ထောင်နှင့်ချီ သေဆုံးမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းမွေးမြူရေး လုပ်ငန်းရှင်းများက အတည်ပြုပြောသည်။

ဇီကုန်းမြို့နယ်အတွင်းရှိ ဝက်မွေး မြူရေးလုပ်ငန်းရှင် ဦးရွှေအောင်က ''ဝက်က အစာမစားတော့ဘဲ တဖြည်းဖြည်း သေသွား တာ''ဟု ရောဂါအခြေအနေကို ထုတ်ဖော် ပြောကြားသည်။

မေ ၁၅ ရက်နောက်ပိုင်းမှ စတင် ပြီး ဝက်သေဆုံးမှုနှုန်း မြင့်တက်လာကာ ယခု ဇွန်လအတွင်းအထိ မြို့နယ်များတွင် အနည်းဆုံး ကောင်ရေ ၅ဝဝ မှ အများဆုံး ကောင်ရေ ၃ဝဝဝ အထိ သေဆုံးပြီးဖြစ် ကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက အ တည်ပြုပြောသည်။

သို့သော် အဆိုပါအခြေအနေ များကို သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ စည်ပင်သာယာဌာနနှင့် အုပ်ချုပ်ရေး မှူးရုံးများက ဝင်ရောက်စစ်ဆေး၊ ထိန်းသိမ်း မှုမရှိကြောင်း ဥက္ကံမောင်သမအသင်းဥက္ကဋ္ဌ ဖြစ်သူ ဦးမျိုးအောင်က ဝေဖန်ပြောသည်။

''ရောဂါနဲ့ သေတဲ့ဝက်တွေကို ရန်ကုန်က ကုန်သည်တွေက လာဝယ်နေ တယ်။ အဲဒါကို တားပေးဖို့ သားသတ်လိုင် စင်ထုတ်ပေးတဲ့ စည်ပင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့တွေနဲ့ ဝက်သေဆုံးမှုအတွက် ရော ဂါတွေကို စစ်ဆေးထိန်းချုပ်ပေးဖို့ မွေးမြူ ရေးနဲ့ ကုသရေးဌာနတွေကို ကိုယ်တိုင်စာ တင်ပို့ အကြောင်းကြားပေမယ့် ဒီနေ့အထိ ကို မထူးခြားဘူး။ သူတို့က ဟိုဌာနက လုပ် မှာ၊ ဒီဌာနနဲ့ဆိုင်တယ်ဆိုတဲ့ အပြောတွေနဲ့ ရှောင်လွှဲနေတယ်''ဟု ဦးမျိုးအောင်က ဇွန် ၂ဝ ရက်က ပြောသည်။

ဇီးကုန်း ဝက်မွေးမြူရေးလုပ်ငန်း ရှင်ဖြစ်သူ ဦးရွှေအောင်က ''ဒီမြို့နယ်မှာလဲ အနည်းဆုံးကောင်ရေ ၂ဝဝဝ လောက် သေ ခဲ့ပြီးပြီ''ဟု အတည်ပြု ပြောသည်။
ယခုလက်ရှိ အခြေအနေသည် သေဆုံးဝက်များနှင့် ရောဂါခံစားနေရပြီဖြစ် သည့် ဝက်များကို ရန်ကုန်မြို့မှလာသည့် ဝက်ကုန်သည်များက အသေသားဈေးနှုန်း များဖြင့်ဝယ်ယူနေပြီး ယင်းကဲ့သို့ ရောဂါရ နေသည့်ဝက်များကို ရောင်းချနေမှုသည် စား သုံးသူများကိုပါ ထိခိုက်လာနိုင်ကြောင်း ဥက္ကံမောင်သမအသင်းဥက္ကဋ္ဌက သုံးသပ် ပြောကြားသည်။

''ဝက်တွေသေတော့ လုပ်ငန်း ရှင်တွေကတော့ ထိခိုက်တာပေါ့။ ဒါပေမဲ့ အခုအခြေအနေက စားသုံးသူတွေပါ ထိ ခိုက်လာမဲ့အခြေအနေကြောင့် ကျွန်တော် က စစ်ဆေးအရေးယူတာတွေ၊ အသိပညာ ပေးတာတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ သူတို့ကိုအကြောင်းကြားတာ မထူး ခြားဘူး''ဟု ဦးမျိုးအောင်ကပြောသည်။

အဆိုပါဝက်များ သေဆုံးမှု မြင့် တက်နေမှုအတွက် ဥက္ကံမြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနကို ကာကွယ်ဆေး နှင့် ဝက်သေဆုံးမှုနှုန်းကို အတည်ပြုနိုင်ရန် ဇွန် ၂ဝ ရက်က ဆက်သွယ်ခဲ့သော်လည်း ရှင်းလင်းပြခြင်းမရှိဘဲ သေဆုံးမှုနှုန်းကို ဥက္ကံ မောင်မွေးမြူရေးသမအသင်းကို ဆက်သွယ် မေးမြန်းရန် ညွှန်ကြားခဲ့သည်။

ယင်းဒေသများတွင် ၂ဝ၁၁ ခုနှစ် နှင့် ၂ဝ၁၂ ခုနှစ်များတွင်လည်း ယခုကဲ့သို့ နားရွက်ပြာရောဂါဖြစ်ပွားပြီး ဝက်များ အနာ ကျသေဆုံးခဲ့ဖူးကြောင်း သိရသည်။


Yangon Media Group

ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက် အရိပ်ရ သစ်ပင်များ စိုက်ပျိုးမည်ဖြစ်၍ လှူဒါန်းနိုင်၊ သစ်ပင်လှူသူများအမည်ကို ကမ္ပည်းရေးထိုးပေးမည်



မန္တလေးမြို့၊ တောင်စလင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒ န္တသိက္ခနှင့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့၏ စီစဉ်မှုဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမ တစ်လျှောက်တွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးမြို့ ဗုဒ္ဓ ဘာသာသနာ ပြန့်ပွားရေး အသင်းချုပ် ဥက္ကဋ္ဌ ဦးလှဝင်းက The Messenger Media သို့ပြောသည်။

အရင်က လမ်းဘေး ၀ဲယာမှာ စိုက်ထားတဲ့ အပင်တွေရှိပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတော့ ရာသီဥတုဒဏ်ကြောင့် အပင်တော်တော်များများ သေနေတယ်။ ဆရာတော်ကြီးက ဖြတ်သွားဖြတ်လာ ကားနဲ့ကြွရင်း ဒါကိုတွေ့တော့ ၀န်ကြီးချုပ်ဆီ အလှူခံပါတယ်။ ၀န်ကြီးချုပ်က သစ်တောဌာနကို အကူအညီတောင်း ပြီးတော့ အခု အစီအစဉ်ကို စတာပါ။ ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ပြီးတော့ လူမှု အဖွဲ့အစည်း ပေါင်းစုံ နဲ့ ရည်ရှည်ဆောင် ရွက်မယ့် အစီအစဉ်ဖြစ်ပါတယ် ဟု ၄င်းက ပြောသည်။

အဆိုပါ သစ်ပင် စိုက်ပျိုးမှု လုပ်ငန်းစဉ်များကို ရန်ကုန်-မန္တလေးလမ်းမ တစ်လျှောက် အတွက် သုံးနှစ် စီမံကိန်း အဖြစ် ရည်မှန်းထားပြီး၊ ယခု ပထမနှစ်တွင် မန္တလေးမြို့ တံခွန်တိုင် အ၀ိုင်းမှ တံတားဦး လမ်းဆုံအထိ အရိပ်ရ ကုက်္ကိုပင်ပေါင်း (၁၃၀၀) ကို အပင်များ ရှင်သန်ကြီးပြင်း အရိပ်ရသည် အထိ ရည်ရှည် ထိန်းသိမ်း ဆောင်ရွက်မည့် အစီအစဉ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ပင် စိုက်ပျိုး ထိန်းသိမ်းမှု လုပ်ငန်းတွင် မန္တလေးမြို့ ဗုဒ္ဓဘာသာသနာ ပြန့်ပွားရေး အသင်းချုပ်၊ ပုသိမ်ကြီး၊ ပုသိမ်လေး၊ အမရပူရ၊ စဉ့်ကိုင်၊ တံတားဦးမြို့နယ်များမှ ဗုဒ္ဓဘာသာသာနာ ပြန့်ပွားရေး အသင်းများ၊ တံတားဦး စိမ်းရောင်စို အဖွဲ့ စသည် တို့နှင့် အတူ မန္တလေးမြို့မှ လူမှုအဖွဲ့ အစည်း (၄၆) ဖွဲ့ ပါဝင်မည် ဖြစ်ကြောင်း ဗုဒ္ဓဘာသာသနာ ပြန့်ပွားရေး အသင်းချုပ်မှ သိရသည်။

အရိပ်ရသစ်ပင်များစိုက်ပျိုးမှုအတွက် အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက အရိပ်ရသစ်ပင်တစ်ပင်လျှင် ငါးထောင်ကျပ်နှုန်းဖြင့် ဆက်သွယ် လှူဒါန်းနိုင်ပြီး၊ လှူဒါန်းမည့် အလှူရှင်၏ အမည်ကို ကမ္ပည်းရေးထိုးပေးမည် ဖြစ်ကာ ရက်ရှည် ထိန်းသိမ်း စောင့်ရှောက်မှု အတွက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဆိုပါ အသင်းချုပ်မှ သိရသည်။
The Messenger