ပြင်သစ်၊ စစ်သား နဲ့ လက်ညှိုးတည့်တည့်မှာ နေရာယူခြင်း

ပို့စ်တင်ချိန် - 10/27/2013 04:45:00 PM


ပြင်သစ် -

မြန်မာပြည်နိုင်ငံရေးအကြောင်း ဆွေးနွေးကြ လေကန်ကြရာမှာ လတ်တလော အာတွေ့နေကြတဲ့ အကြောင်းအရာတခုက ပြင်သစ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးတို့ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ရေးဆွဲထားတဲ့ အခြေခံဥပဒေကြီးဟာ ၂၀၀၈ မှာ အတည် ဖြစ်လာတာ အများ အသိပါ။

အဲဒါကြီးထဲမှာ ပြင်ဆင်စရာတွေ ရှိတယ်လို့ နိုင်ငံရေးသမားတိုင်းက  ပြောနေကြတာပါ။

ဒါဆိုရင် ဗိုလ်ချုပ်ကြီးတို့ကို အားနာစရာများ ဖြစ်နေမလား။ ဆိုခဲ့သလိုပဲ … အဲဒါကြီးကို  နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား ရေးဆွဲခဲ့တာမဟုတ်လား။ အဲဒီလို တမေ့တမော အချိန်ယူရေးခဲ့မှတော့ အားနည်းချက်ရှိနိုင်ပါ့မလား၊ ပြင်ချင်တယ် ပြောရင် ကြိုးစားပမ်းစား ရေးဆွဲခဲ့သူတွေကို အားနာစရာဖြစ်နေမလား လို့ တွေးမိတာပါ။ အားနာတယ် ဆိုတာ မြန်မာ့ယဉ်ကျေးမှုဖြစ်တော့ ကြုံရင်ကြုံသလို အားနာမိတာဟာ ယဉ်ကျေးရာရောက်ပါတယ်။ ကြုံလို့ ပြောရရင် အခြေခံဥပဒေ ပြင်ဖြစ်ဖြစ်တဲ့အခါ  အားနာတဲ့အကြောင်း နည်းနည်း ထည့်သင့်ပေတယ်လို့ ယူဆပါတယ်။

အချိန်ယူ ကြိုးစားပမ်းစား ရေးဆွဲခဲ့တာဟာ စစ်ဗိုလ်တွေ စစ်တန်းလျား မပြန်ချင်လို့ အချိန်ဆွဲခဲ့တာပဲလို့ သုံးသပ်သူ အများအပြား ရှိပါတယ်။ တကယ်တော့ … အချိန်ဆွဲခြင်း မဖြစ်နိုင်ပါဘူး။ အချက် ၂ ချက် ထောက်ပြပါမယ်။

၁။ လူတသိန်းကျော် အသေအပျောက် ဖြစ်သွားတဲ့ နာဂစ်မုန်တိုင်းကြီး ဖြစ်သွားချိန်မှာတောင် ဒီ အခြေခံဥပဒေကြီးကို အများပြည်သူ ထောက်ခံကြအောင် ဆန္ဒခံယူပွဲကြီး လုပ်ခဲ့ပါတယ်။

၂။ ဗိုလ်ချုပ်ကြီးတွေ စစ်ယူနီဖောင်း ချွတ်ပြီး တိုက်ပုံ ပြောင်းဝတ်လိုက်တယ်။

ဒါဟာ အချိန်ဆွဲတာ မဟုတ်ကြောင်း သိသာထင်ရှားတဲ့ သက်သေတွေ မဟုတ်လား။

စိမ်ပြေနပြေရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကြီးကို ပြင်မယ် ဆိုရင် ဗိုလ်ချုပ်ကြီးတချို့က ဘ၀င်ကျမယ် မဟုတ်ဘူး။ မကျလည်း ပြင်ရမှာပဲဆိုပြီး ပြင်စရာအချက်တွေ ချပြသူများလည်း ရှိနေပါပြီ။

ပြင်ရုံနဲ့ အားမရသူလည်း ရှိပါတယ်၊ အဲဒါကတော့ အသစ်တခုတောင် ရေးဆွဲသင့်တယ် ဆိုတဲ့သူတွေပါ။

ပြင်မယ်၊ အသစ်ဆွဲမယ် ဆိုတဲ့ အသံတွေကြောင့် ပြင်သစ် ဆိုတဲ့ စကားလုံး ခေတ်စားနေတယ်လို့ ဆိုလိုတာပါ။

အသစ်ဆွဲမယ်ဆိုတာကို သဘောကျတယ် … သို့သော် နိုင်ငံရေးမှာ ၀င်ရှုပ်နေတဲ့ ဗိုလ်ချုပ်တွေက လက်ခံမယ်မဟုတ်ဘူး လို့ ဆိုသူက ဆိုနေပါတယ်။

အခြေခံဥပဒေမှာ ပြင်စရာတွေ များလွန်းတယ်ဆိုတဲ့ သဘောကို သိစေချင်လို့ အသစ်ဆွဲစို့ ဆိုတဲ့ အသံ ထွက်လာတာလည်း ကောင်းတယ်လို့ ဆိုသူက ဆိုပါလိမ့်မယ်။


စစ်သား -

ပြင်သစ်ကိစ္စဆိုတာ ပြောကြရင် တပ်မတော်ကို ထည့်မတွက်လို့ မရပါ။ တပ်ခေါင်းဆောင်တွေ စိတ်ကြိုက် ရေးထားတဲ့အတွက်၊ ယူနီဖောင်းပြောင်းရာမှာ အသာစီးအခြေအနေဖြစ်အောင် ဖန်တီးခဲ့တဲ့အတွက် ထည့်ကို ထည့်တွက်ရပါမယ်။

စစ်တပ်က နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာပါ လုပ်ကိုင်နေရတဲ့အတွက် ပုံရိပ် ထိခိုက်နေပါပြီ။ နိုင်ငံရေးမှာ ဆိုရင် ပါဝင်ခွင့် လုပ်ပိုင်ခွင့်တွေ ရဖို့ အခြေခံဥပဒေမှာ အသေအချာ ပိုင်ပိုင်နိုင်နိုင် ထည့်ဆွဲထားတာပါ။ အဲဒါကို ပြင်ဖို့ ပြောနေတာတွေ နားမဆံ့အောင် ကြားနေတော့ ဘယ်အချက်တွေကိုပဲ ပြင်ခွင့်ပေးမယ် ဆိုပြီး သတ်မှတ် စဉ်းစားနေလောက်ပါပြီ။

စစ်ရေးတခုတည်း ဦးစားမပေးဘဲ နိုင်ငံရေး စီးပွားရေးတွေကို ဘယ်အချိန်အထိ လုပ်သွားမှာလဲ။

ဖြည်းဖြည်းချင်း နောက်ဆုတ်ဖို့ အစီအစဉ်ရော ရှိရဲ့လား။ ဆုတ်သွားရင်တော့ အားလုံးအတွက် အကောင်းဆုံးပေါ့။ စစ်သားက စစ်သားနဲ့ တူရင် ကြည့်ရတာ ကျက်သရေ ရှိပါတယ်။ နိုင်ငံရေးသမားလိုလို စီးပွားရေးသမားလိုလို လုပ်နေတာကတော့ အင်း....

နိဂုံးချုပ်ပါမယ် ...

ဆရာ ထင်လင်းဦး (Wisdom Villa) ရဲ့ ဂျာနယ်တစောင်မှာ ရေးသားချက်က ဒီလိုပါ -

"တပ်မတော်ကို အမြဲတမ်း လက်ညှိုးထိုးနေတာ မကောင်းဘူး ဆိုရင် တပ်မတော်ကို လက်ညှိုးတွေရှေ့မှာ နေရာမပေးကြပါနဲ့၊ တပ်မတော်ကလည်း ထိုးလာမယ့် လက်ညှိုးတွေရဲ့တည့်တည့်မှာ နေရာမယူပါနဲ့" တဲ့။

ဒီတပတ်ထုတ် Politics ဂျာနယ်မှာ ရေးထားတာပါ။

စစ်သားများ ဆင်ခြင်သင့်တဲ့ ကောက်ချက် ဖြစ်ပါတယ်။
irrawaddy