ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုကြောင့် ရပ်နားထားခဲ့ရသော မြန်မာ့လေကြောင်းပိုင် EMBRAER190 လေယာဉ် တစ်ပတ်ကျော်အထိ ပြုပြင်နိုင်ခြင်း မရှိသေး

ပို့စ်တင်ချိန် - 10/27/2013 11:25:00 AM


ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းပိုင် ခရီးသည် ၁၀၀ ဆံ့ EMBRAER190 လေယာဉ်အမှတ် XY-AGQ သည် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲနေစဉ် မြိတ်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာရာလမ်းတွင် လေယာဉ်ညာဘက်အင်ဂျင် ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှာ ထားဝယ်လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်လာခဲ့ပြီး ခရီးသည်များ ထိခိုက်မှု မရှိကြောင်း သိရသည်။ ၄င်းလေယာဉ်ကို ပြုပြင်ရန် ရန်ကုန်မှ အင်ဂျင်နီယာ အဖွဲ့များ ရောက်ရှိလာခဲ့ပြီး လေယာဉ်အား စစ်ဆေးပြီးနောက် အင်ဂျင်နီယာ အဖွဲ့များ ရန်ကုန်သို့ ပြန်သွားသော်လည်း လေယာဉ်အား ပြုပြင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် အဆိုပါ လေယာဉ်မှာ ထားဝယ်လေဆိပ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပြုပြင်နိုင်ခြင်း မရှိဘဲ ရပ်နားထားရကြောင်း သိရှိရသည်။ "လေယာဉ်စက်ချို့ယွင်းမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့ ပြောကြားလို့ မရပါဘူး။ ရန်ကုန်က ဌာနချုပ်နဲ့ ဆက်သွယ်မေးမြန်းမှ ရပါမယ်။ လေယာဉ်ကတော့ ပြင်ဆင်ဖို့ စက်ပစ္စည်းတွေ မရှိသေးပါဘူး။" ဟု မြန်မာ့လေကြောင်း ထားဝယ်ရုံးခွဲမှ မန်နေဂျာက ပြောကြားခဲ့သည်။ အဆိုပါလေယာဉ် စက်ချို့ယွင်းမှုကြောင့် ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များမှာ ထားဝယ်မြို့တွင် ညအိပ်ရပ်နားခဲ့ရပြီး နောက်တစ်နေ့တွင် ရန်ကုန်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

"မြိတ်ကနေထွက်ပြီး ထားဝယ်အလာမှာ လေယာဉ်က ငှက်အုပ်စုနဲ့ ၀င်တိုးမိလို့ လေယာဉ်ရဲ့ ညာဘက်အင်ဂျင် ချို့ယွင်းသွားတာလို့ ပြောပါတယ်။ လေယာဉ်ပြင်ဖို့ အင်ဂျင်နီယာတွေ ဒီကိုလာပြီတော့ ပြန်သွားပါပြီ။ ကြားရတာကတော့ လေယာဉ်ပြုပြင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း မရှိသေးဘူးလို့ သိရပါတယ်။ လေယာဉ်ကိုတော့ စစ်တပ်က လုံခြုံရေးယူပြီး ကင်းစောင့်နေပါတယ်" ဟု ထားဝယ်လေဆိပ်မှ လေဆိပ်ဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်ကို အောက်တိုဘာ ၂၅ ရက်နေ့အထိ ရပ်နားထားရဆဲဖြစ်ပြီး စက်အပို ပစ္စည်းများဖြင့် လာရောက်ပြုပြင်မှု မရှိသေးကြောင်း သိရသည်။

(ထားဝယ်လေဆိပ်တွင် အင်ဂျင်ချို့ယွင်းမှုကြောင့် ရပ်နားထားရသော EMBRAER 190 လေယာဉ်အမှတ် XY-AGQ အား တွေ့ရစဉ်
)
Eleven Media Group