ဘင်္ဂလာဒေခ်ျ့ ဆူပူ အကြမ်းဖက်မူ လူ ၈ ဦးသေဆုံး

ပို့စ်တင်ချိန် - 12/14/2013 09:45:00 PM


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဂျာမတ် အစ္စလာမ်မီယား ပါတီ ခေါင်းဆောင် ကာဒေမူလာ ကြိုးဒဏ်ပေး ကွပ်မျက် ခံရပြီးတဲ့နောက် မကျေနပ်တဲ့ သူပါတီဝင်တွေက နိုင်ငံအ၀န်းမှာ အကြမ်းဖက် တိုက်ခိုက်မူတွေ ပြုလုပ်နေတဲ့အတွက် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ရပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၁၀ နာရီ ၁ မိနစ် – ကာဒေမူလာ ကြိုးဒဏ်ပေးခံရပြီးအချိန်ကနေ- ယမန်နေ့ ညနေ အထိ သေဆုံးသူ အရေအတွက်ဟာ ၈ ဦးရှိသွားခဲ့ပြီ ဖြစ်သလို လမ်းပေါ်မှာ သွားလာနေတဲ့ ကားစီးရေ  ၁၀၀ ကျော်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ဒါ့ပြင် စက်ရုံတွေ၊ မီးရထား ဘူတာရုံတွေ၊ အိမ်တွေ၊ ဈေးဆိုင်တွေလည်း မီးရှို့ တိုက်ခိုက်ခံခဲ့ပြီး အဲဒီအထဲမှာ လက်ရှိ အစိုးရပါတီ အ၀ါမိလိဂ် ပါတီဝင်တွေနဲ့ ဟိန္ဒူလူမျိုးတွေရဲ့ နေအိမ်တွေများတယ်လို့ သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

ခုဆူပူ အကြမ်းဖက် တိုက်ခိုက်မူတွေဟာ ဒက္ကားမြို့တော် အပါအ၀င် ခရိုင် ၂၃ ခုမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကာဒေမူလာကို ကြိုးပေးကွပ်မျက်တာကို မကျေနပ်တဲ့ သူ့ရဲ့ ထောက်ခံသူတွေဟာ လမ်းတွေအထဲကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မ၀င်လာနိုင်အောင် သစ်ပင်တွေကို ခုတ်လှဲ ပိတ်ဆို့ပြီး လမ်းပေါ်မှာရှိတဲ့ ကားတွေကိုလည်း ဓါတ်ဆီသွန် မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

နေရာအတော်များများက ကားလမ်းတွေမှာ မီးဟုန်းဟုန်းတောက်လောင်နေပြီး မီးခိုးလုံးတွေ တလိပ်လိပ်တက်လာနေတာကိုလည်း နေရာအနှံ့မှာ တွေ့မြင်နေရပါတယ်။

အခြေအနေတွေ ဘယ်လောက်တောင်ဆိုးနေသလဲဆိုရင် တချို့နေရာတွေမှာဆိုရင် လမ်းပေါ်မှာ မီးတွေ တောက်လောင်နေပြီး ငြိမ်းသတ်မယ့်သူလည်း မရှိသလို လူတွေအားလုံးဟာ ဘေးလွှတ်ရာကို ထွက်ပြေးနေကြတဲ့ အတွက် တကယ့် မင်းမဲ့တိုင်းပြည်လို ဖရိုဖရဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဘင်္ဂလာဒေခ်ျ့မှာ လာမယ့် ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရ ပါတီနဲ့ အတိုက်အခံ BNP ပါတီတို့ အကြားမှာ  အကြီးအကျယ် သဘောထားကွဲလွဲမူတွေ ပေါ်ပေါက်နေပြီး တင်းမာမူတွေနဲ့ အတူ အကြမ်းဖက်မူတွေ  ဖြစ်ပေါ်နေချိန်မှာ ခုလို လက်ရှိ အစိုးရက ဂျာမတ် အစ္စလာမ်မီးယားပါတီက ထိပ်တန်း ခေါင်းဆောင် တစ်ဦးကို ကြိုးပေးကွပ်မျက်လိုက်ရာကနေ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရတဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

အခု ကြိုးပေးခံရတဲ့ ဂျာမတ် အစ္စလာမ်မီးယားပါတီက ထိပ်တန်း ခေါင်းဆောင် ကာဒေမူလာဟာ လွန်ခဲ့တဲ့ ၄၂ နှစ် – ၁၉၇၁ ခုနှစ် ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပူးပေါင်းပြီး လူသားမျိုးနွယ် အပေါ် ရာဇ၀တ်မူတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မူနဲ့ ကြိုးပေး ကွပ်မျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အလားတူ ဒါဇင်ဝက် နီးပါးခန့်ရှိတဲ့ ဂျာမတ် အစ္စလာမ်မီးယားပါတီက ဥက္ကဌ၊ အတွင်းရေးမှူး အပါအ၀င်  ထိပ်တန်း ခေါင်းဆောင်တွေကိုလည်း ခုအချိန်မှာ ဖမ်းဆီးထားပြီး အများစုကိုတော့ ဘင်္ဂလာဒေခ်ျ့ အစိုးရ ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ ရာဇ၀တ်မူ ခုံရုံးကနေ လူသားမျိုးနွယ် အပေါ် ရာဇ၀တ်မူတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့  ပြစ်မူတွေနဲ့ သေဒဏ်ချမှတ်ထားပါတယ်။
Burmesenews narinjara