အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးအကြောင်း အင်တာနက်တွင်ရေးသားသူ မဟုတ်ဟု နေမျိုးဇင်ငြင်း

ပို့စ်တင်ချိန် - 12/14/2013 12:13:00 PM

အင်တာနက် စာမျက်နှာများပေါ်၌ စစ်အာဏာရှင်များ၊ ခရိုနီများအကြောင်း ရေးသားဖော်ပြခဲ့သော ကလောင်ရှင် မိုးဇေညိမ်းဆိုသူမှာ ဗိုလ်ကြီးနေမျိုးဇင်ဟု သတင်းများ ထွက်လာသည့်အပေါ် ထိုကလောင်ရှင်မှာ ၎င်းမဟုတ် ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ဗိုလ်ကြီးနေမျိုးဇင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ကြီးနေမျိုးဇင်သည် ယခင် ၂၀၀၅ ခုနှစ်မှစ၍ Electronic မီဒီယာကို အသုံးပြု၍ စစ်အာဏာရှင်များ အကြောင်း၊ ခရိုနီများအကြောင်း ရေးသားခဲ့ခြင်း၊ ၂၀၁၂ခုနှစ်အတွင်း စစ်အာဏာရှင်များ၏ မတရားနည်းလမ်း အမျိုးမျိုးဖြင့် ကြွယ်ဝချမ်းသာခဲ့သည့် ဖြစ်စဉ်များကို နောင်လာ နောင်သားများ သိရှိရန် သမိုင်းအဖြစ် မှတ်တမ်း တင်သင့်သည်ဟု ယူဆကာ ၎င်း၏ စစ်အာဏာရှင်များနှင့် အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သည့် မိတ်ဆွေများ၊ လုံခြုံရေးတပ်စုမှူးများ၊ PSO များအား အချက်အလက် အထောက်အထား အမှန်များအား ပေးပို့ပါဟုနှိုးဆော် ကြိုးစားခဲ့ခြင်း များရှိခဲ့သည့်အတွက် အုပ်ချုပ်သူများ၊ ခရိုနီများ၊ စစ်အာဏာရှင်များက ကလောင်ရှင် မိုးဇေညိမ်းဆိုသူမှာ ၎င်းဟု စွပ်စွဲကြခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးနေမျိုးဇင်က ပြောသည်။

““မိုးဇေညိမ်းဆိုတာ ကျွန်တော် မဟုတ်ပါဘူး။ ဒီလောက်လုပ်ဖို့ အချိန်လည်း မရဘူးလေ။ သူက ကျွန်တော့် ထက်တောင် အချက်အလက် ပိုတိကျသေးတယ်။ ဘာပဲ ပြောပြော နောင်လာနောင်သားတွေ အတွက် … သမိုင်းကောင်း ကျန်စေချင်တဲ့ လူသားတိုင်းမှာ တရားမျှတမှု ဖော်ထုတ် တည်ဆောက် ပေးသွားဖို့နဲ့ မတရားမှုတွေကို ဖော်ထုတ် အရေးယူဖို့ တင်ပြပေးသွားနိုင်မှ လူသား တာဝန်ကျေမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကိုမိုးဇေညိမ်းရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြုပါတယ်။ သူ့အသုံးအနှုန်း တင်ပြတာတွေ၊ သူ့ရှုထောင့်တွေအရ ပြည်ထဲရေးဌာနမှာ သူတာဝန် ထမ်းဆောင်ခဲ့တဲ့ ပုံရိပ်တွေ ခန့်မှန်းကြည့်ရ သလောက်ကတော့ ကျွန်တော့်ထက် လေးငါးနှစ် ကြီးလောက်မယ်ဗျ””ဟု ကလောင်ရှင်အပေါ် ၎င်းက ထပ်မံသုံးသပ် ပြောကြားခဲ့သည်။

ဗိုလ်ကြီးနေမျိုးဇင်က ဒီဇင်ဘာ ၁၁ ရက်တွင် ၎င်း၏ facebook ပေါ်၌ ကလောင်ရှင် မိုးဇေညိမ်းဆိုသူမှာ ၎င်းမဟုတ်ကြောင်း ပြည်သူများထံ တရားဝင်ငြင်းဆိုခဲ့ပြီး ကလောင်ရှင် မိုးဇေညိမ်းကလည်း ““ဗိုလ်ကြီး နေမျိုးဇင် ထောင်ကျနေတုန်းကတောင် ကျွန်တော်ရေးတာပဲ။ ခင်ဗျားကို ဘယ်လိုထင်ရမှာလဲ။ ထောင်ထဲက လူက ဘယ်လိုမျိုး facebook သုံးမှာလဲဗျာ။ ထောက်လှမ်းရေးတွေက ဒီလောက်တောင် နားမလည်ဘူးလား”” ဟု ဗိုလ်ကြီးနေမျိုးဇင် facebook ငြင်းဆိုချက်၌ ၀င်ရောက် ရေးသားခဲ့သည်။

ကလောင်ရှင် မိုးဇေညိမ်းဆိုသူမှာ ဗိုလ်ကြီး နေမျိုးဇင်ဖြစ်ကြောင်းကို သတင်းဖြန့်သူမှာ အပတ်စဉ် ၃၇မှ ဗိုလ်မှူးဇော်ဌေး (ခေါ်) မှူးဇော်ဟု သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

အဆိုပါ သတင်းများအပေါ်၌လည်း ဗိုလ်ကြီးနေမျိုးဇင်က ““ကျွန်တော်တို့ တပ်ထဲက စီနီယာတစ်ယောက်က ကျွန်တော့်ကို message နဲ့ လှမ်းပို့တာပေါ့။ အဲလို ပြောနေကြတယ်တဲ့။ အဲ့ဒီလူက မင်းဆိုပြီး ၃၇က မှူးဇော် ပေါ့နော်။ သူပြောတယ်ဆိုပြီး လုပ်ကြံသတင်းတွေလည်း လွှင့်နေတယ်ပေါ့။ အဲဒါ ဖြေရှင်းလိုက်ဦး ဆိုပြီးလှမ်း ပြောတာဗျ။ ၃၇ က မှူးဇော်ဆိုတာ ဗိုလ်မှူးဇော်ဌေးကို ပြောတာ။ ဗိုလ်မှူးဇော်ဌေး ပြောမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်ယုံတယ်လေ””ဟု ဖြေကြားခဲ့သည်။

ကလောင်ရှင် မိုးဇေညိမ်းဆိုသူသည် အင်တာနက် စာမျက်နှာများပေါ်၌ စစ်အာဏာရှင်များ၊ ခရိုနီများ အကြောင်း အချက်အလက် အတိအကျ ရေးသား ဖော်ပြခဲ့ပြီး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖော်ပြခဲ့သော အနုပညာရှင်များ၏ မူးယစ်ဆေးဝါးသုံးစွဲမှု သတင်းဖြင့် အဓိက လူသိများလာခဲ့ခြင်းဖြစ်သည်။

ဇင်မာ
Myanmartandawsint Newspaper