နိုင်ငံတစ်ဝန်း စားသုံးသူ အကာအကွယ်ပေးရေး ရုံးခန်း ၁၄ ခု ဖွင့်မည်

ပို့စ်တင်ချိန် - 12/14/2013 07:01:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စားသုံးသူ ကာကွယ်ရေးဥပဒေ မထွက်ရှိသေးသော်လည်း အရေးအကြောင်း ပေါ်ပါက အလွယ်တကူ တိုင်ကြားနိုင်မည့် စားသုံးသူ အကာအကွယ် ပေးရေးရုံးခန်း ၁၄ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လာမည့်နှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စပယ် ကြည်မောင်က The Voice သို့ ပြောကြားသည်။

ဖွင့်လှစ်ထားသော စားသုံးသူ ကာကွယ်ရေး ရုံးများတွင် လုံခြုံစိတ်ချမှု မရှိသော အစားအသောက် များကို တိုင်ကြားနိုင်ပြီး လက်ရှိ အချိန်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးတို့၌ အဆိုပါ ရုံးခန်းများ ဖွင့်လှစ်ပြီး ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ရင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ပျောက်သွားမှာလည်း စိုးရိမ်တယ်” ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့က ပြုလုပ်သော မြန်မာစားသုံးသူများ ကွန်ရက် ဖွဲ့စည်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စပယ်ကြည်မောင်က ပြောကြားသည်။

စားသုံးသူ အခွင့်အရေးအတွက် တိုင်ကြားရန် ရုံးခန်းများ ဖွင့်လှစ်ထားခြင်းမှာ လာရောက် တိုင်ကြားမှသာ အရေးယူမည့်သဘော သက်ရောက်ကြောင်း၊ ပြည်တွင်း ဈေးကွက်ထဲသို့ မဝင်ရောက်မီ တားမြစ်ရမည့် တာဝန်ကို သက်ဆိုင်ရာက ဆောင်ရွက် သင့်ကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲ ဦးဆောင်သူ ဒေါက်တာကျော်ဆွေက The Voice သို့ ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲထားပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားကြောင်း၊ ယင်းမူကြမ်းတွင် ကုန်ပစ္စည်း တံဆိပ်တိုင်းတွင် မြန်မာဘာသာစကား သုံးစွဲရန်နှင့် ပြင်ပတံဆိပ်တွင် ပါဝင်သည့် ပစ္စည်း အမျိုးအစားများကို အတွင်း ပါဝင်သည့် ပစ္စည်းများနှင့် ကိုက်ညီမှုရှိရန်တို့ ပါဝင်ကြောင်း ယင်းဥပဒေမူကြမ်း ရေးဆွဲသူ အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။
The Voice Weekly Myanmar