ငွေတောင်းသည့် အုပ်ချုပ်ရေးမှူးများကို တိုင်ကြားသော်လည်း အရေးမယူဟုဆို

ပို့စ်တင်ချိန် - 12/14/2013 03:52:00 PM


ဟင်္သာတ၊ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသ ဝက်လဟာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူးက တောင်သူများ ထံမှ ငွေကြေး တောင်းခံမှုများနှင့် ပတ်သက်၍ အထောက်အထား ခိုင်လုံစွာ တင်ပြတိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေး ပြီးသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေးအတွက် တောင်သူများထံမှ ငွေကြေး တောင်းခံခြင်းများ ပြုလုပ်ပြီး ငွေမပေးသော တောင်သူများကို ချေးငွေ အပြည့်အဝ ထုတ်မပေးခြင်းတို့ ပြုလုပ်ကြောင်း ၎င်းတို့က ဆိုသည်။

စိုက်ပျိုးစရိတ်အတွက် ငွေတောင်းခြင်းအပြင် ဖုန်းကတ် ရောင်းစားခြင်း တို့ကိုပါ ဒေသခံများ လက်မှတ်ထိုး၍ တိုင်ကြားသဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး ဖြစ်သော်လည်း ယခုအထိ အရေးမယူခြင်း ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဦးဆောင် တိုင်ကြားသူ ဦးအောင်ဆန်းလွင်က ပြောကြားသည်။

လူနည်းစုကသာ တိုင်ကြားခြင်း ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေးခံပြီး ဖြစ်သည့်အပြင် တောင်သူများက တစ်ဖက်သတ် စွပ်စွဲခြင်း ဖြစ်၍ ဥပဒေကြောင်းအရ တရားပြန်လည် စွဲဆိုရန် စီစဉ်နေကြောင်း ဝက်လဟာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးရွှေက ရှင်းပြသည်။

အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းကမူ တိုင်ကြားမှုများကို စစ်ဆေးဆဲ ဖြစ်ပြီး တိုင်ကြားခံရသူ ကျေးရွာ အုပ်ချုပ်ရေးမှူး ကလည်း ငြင်းဆိုချက်များ ရှိနေသဖြင့် ဂရုစိုက် စစ်ဆေးနေကြောင်း ပြောကြားသည်။
The Voice Weekly Myanmar