မြန်မာဘောလုံး ပရိသတ်ကြီးအား မြန် မာ နိုင် ငံ ဘောလုံး အဖွဲ့ချုပ်က အထူး မေတ္တာ ရပ်ခံချက် ထုတ်ပြန်

ပို့စ်တင်ချိန် - 12/14/2013 11:12:00 AM


Saturday, 14 December 2013

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲ၏ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း၏ ပွဲစဉ်များအား ကြည့်ရှု အားပေး လိုကြသည့် မြန်မာဘောလုံး ပရိသတ် မိဘပြည်သူများအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အထူးမေတ္တာရပ်ခံချက် တစ်ရပ် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အထူးမေတ္တာ ရပ်ခံချက်တွင် မြန်မာအသင်း ပါဝင် ယှဉ်ပြိုင်သည့် ပွဲစဉ်များကို ရုပ်သံများမှ သာမက ကိုယ် တိုင်ကိုယ်ကျ ကွင်းလုံးပြည့် လာရောက် အားပေးကြည့်ရှုခဲ့ကြသည့် အတွက် မိဘပြည်သူ ပရိသတ်ကြီးအား အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာ အသင်းယှဉ်ပြိုင် ကစား ခဲ့သည့် ကမ္ဘောဒီးယား၊ အရှေ့တီမော တို့နှင့် ပွဲစဉ်များတွင် မြန်မာအသင်း အနိုင်ရခဲ့ခြင်းမှာ မိဘပြည်သူ ပရိသတ်ကြီး၏ အားပေးမှုသည်လည်း အရေးပါသည့် ကဏ္ဍမှ ပါဝင်ပါကြောင်း၊ ကွင်းလုံးပြည့် ပရိသတ်ကြီး၏ ''မြန်မာ''ဟု သံပြိုင် ကြွေးကြော်သံများနှင့် ဇာတိမာန် တက်ကြွဖွယ်ရာကောင်းသော အားပေးမှုများကြောင့် လှပသော ပွဲစဉ် များဖြစ်ခဲ့ရပြီး နိုင်ငံတကာမှ တိုက်ရိုက်ကြည့်ရှု အားပေးနေကြ သူများ အနေဖြင့်လည်း မိမိတို့နိုင်ငံ၊ မိမိတို့ ဆီးဂိမ်း ဘောလုံးပွဲစဉ်များကို လေးစား တန်ဖိုးထား အသိအမှတ်ပြုကြ မည်မှာ အမှန်ပင် ဖြစ် ပါကြောင်း၊ မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် မိဘပြည်သူ ပရိသတ်များ အဆင်ပြေချောမွေ့စွာ ကြည့်ရှု အားပေးနိုင်ရေးကို အဓိကဦးတည်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

လာမည့် ပွဲစဉ်များသည် မြန်မာယူ-၂၃ အသင်းအတွက် အရေးကြီးသည့် ပွဲစဉ်များဖြစ်သည့် အတွက် ဘောလုံး ပရိသတ်များ ပိုမိုစိတ်ဝင် တစားအား ပေးကြမည် ဟုလည်း မျှော်လင့်ထား ပါကြောင်း၊ ထိုသို့ မျှော်လင့်ထား သည့် အတိုင်းပင် မြန်မာနှင့် ထိုင်းအသင်း ယှဉ်ပြိုင် ကစားမည့်ပွဲစဉ် အတွက် လက်မှတ် ရောင်းချရာ နေရာများသို့ လာရောက် လက်မှတ်ဝယ်ယူသူ မိဘပြည်သူ ပရိသတ် အရေအတွက်ကို မြင်တွေ့ရသည်မှာ အားရ စရာ ကောင်းလွန်း လှပါကြောင်း၊

ပရိသတ်များ၏ မြန်မာအသင်းကို ကွင်းအတွင်းဝင်ရောက်၍ အားပေးရန် ပင်ပင် ပန်းပန်းလက်မှတ်ဝယ်ယူနေကြခြင်းကိုလည်း အထူးပင်အသိအမှတ်ပြု ကျေးဇူးတင် ရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် သုဝဏ္ဏ အားကစားကွင်း၏ ပရိသတ်ဝင်ဆံ့မှု နှုန်းဖြစ်သည့် ပရိသတ်ဦးရေ ၃ဝဝဝဝ အတွက်သာ လက်မှတ် များကို ရောင်းချ နိုင်မည်ဖြစ်ပြီး ထိုအရေအတွက် ၃ဝဝဝဝ ထက်ကျော်လွန်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က လက်မှတ် ရောင်းချနိုင်ခြင်း မရှိသည် ကိုလည်း မိဘပြည်သူ ပရိသတ်များမှ နားလည်သည်းခံခွင့်လွှတ် ပေးစေလိုပါကြောင်း၊

သို့သော် လက်မှတ်မရရှိသူ မိဘပြည်သူ ပရိသတ်များအတွက် ကွင်းပြင်ပတွင် LED Board ဖြင့် အတူတကွ ကြည့်ရှု အားပေးနိုင်ရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်ပေးထား ပါကြောင်း၊ ကွင်းအတွင်း ဝင်ရောက် အားပေးနိုင်ခြင်း မရှိသည့် မိဘပြည်သူ ပရိသတ်များ အနေဖြင့် LED Board တွင် ပျော်ရွှင်စွာ အားပေးကြည့်ရှုရင်း ဆီးဂိမ်း အောင်မြင်မှုအတွက် မိဘပြည်သူ ပရိသတ်များ ဘက်မှလည်း တစ်ဖက်တစ်လမ်းမှ ကူညီပါဝင် ပေးကြပါရန် အထူးပင် မေတ္တာရပ်ခံ လိုပါကြောင်း၊ မိဘပြည်သူ ပရိသတ်များ၏ မြန်မာအသင်းကို အားပေးလိုစိတ်ဖြင့် လက်မှတ်ရရှိရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရမှုများအပေါ် လေးစားစွာ အသိအမှတ်ပြု အထူး ကျေးဇူးတင်ရှိပါ ကြောင်းနှင့် လက်မှတ်မရ ရှိသော မိဘပြည်သူ ပရိသတ်များ အားလုံးကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အနူးအညွတ် တောင်းပန်ပါကြောင်းဖြင့် အထူးမေတ္တာ ရပ်ခံချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

မြ၀တီ