အချိန်ကြာကြာ အသုံးပြုနိုင်အောင်(ဗဟုသုတလေးပါ)

ပို့စ်တင်ချိန် - 12/14/2013 11:21:00 AM




ငှက်ပျောသီး ကြာကြာအထားခံအောင်

ငှက်ပျောသီးတွေကို အမှည့်မလွန်ဘဲ အချိန် ကြာကြာ အထားခံချင်ရင် တစ်လုံးချင်း ဖြုတ် ထားပါ။ ငှက်ပျောသီးတွေဟာ မှည့်စေတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်တဲ့ Ethylene ထုတ်ပေး နိုင်ပါတယ်။ ငှက်ပျောဖီးကနေ တစ်လုံးချင်း ဖြုတ်ထားရင်တော့ ဒီဖြစ်စဉ်ကို နှေးကွေး စေပါတယ်။


မုတ်ဆိတ်ရိတ်ဓား ကြာကြာ အသုံးခံအောင်

ပြန်သုံးနိုင်တဲ့ မုတ်ဆိတ်ရိတ်ဓားကို သုံးပြီးတာနဲ့ ရေကိုခါထုတ်ပြီး အယ်ကိုဟောနဲ့ သုတ်ပေးကာ ခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပါ။ ဒီနည်းလမ်းဟာ ဓားအသွားကို သန့်စင်စေပြီး သံချေးမတက်စေတဲ့အတွက် မုတ်ဆိတ်ရိတ်ဓားရဲ့ သက်တမ်းကို ရက်သတ္တပတ်ပေါင်းများစွာ ကြာကြာခံစေပါတယ်။


ဆလတ်ရွက် လတ်ဆတ်နေအောင်

ဈေးကဝယ်လာတဲ့ ဆလတ်ရွက်ကို မသုံး ဖြစ်သေးရင် စိုစွတ်နေတဲ့ စက္ကူပဝါနဲ့ အုပ်ပြီး လုံတဲ့အိတ် ထည့်ထားပေးပါ။ ရက်ပေါင်း များစွာကြာတဲ့အထိ လတ်ဆတ်နေပါ လိမ့်မယ်။


မွေ့ရာသက်တမ်းကြာရှည်ခံအောင်

မွေ့ရာကို သုံးလတစ်ကြိမ် ရွှေ့ပြီး လှည့်ပေးရင် သက်တမ်း ပိုကြာကြာ ခံစေပါတယ်။ ဆိုဖာကူရှင်တွေအတွက်တော့ လှည့်ပေးရုံနဲ့ မရပါဘူး။ အသစ်တစ်ခုနဲ့ လဲပေးမှသာ ထိုင်တဲ့သူတွေရဲ့ နောက်ကျော နဲ့ တင်ပါးမှာ မှိုမကပ်ငြိစေမှာပါ။

အဝတ်အစားများ မပျက်စီးလွယ်အောင်

အဝတ်လျှော်စက်ထဲကို ထည့်သုံးမယ့် ဆပ်ပြာမှုန့်၊ အစွန်းချွတ်ဆေး စတာတွေရဲ့ ပမာဏကို တစ်ဝက်နီးပါး လျှော့ချလိုက်ပါ။ သင့်အဝတ်အစားတွေဟာ နူးညံ့ကာ မပျက်စီးလွယ်တာကို တွေ့ရပါလိမ့်မယ်။


အဝတ်အစားများ သပ်ရပ်နေအောင်

အဝတ်အစားတွေ လျှော်ပြီးတဲ့အခါ အဝတ်အခြောက်ခံစက် မသုံးပါနဲ့။ လေပူနဲ့မှုတ်တာကြောင့် အဝတ်အစားက ချည်စတွေ တစ်စစီထွက်တာမျိုး ဖြစ်တတ် ပါတယ်။ အဝတ်လှန်း ကြိုးတန်းပေါ်မှာ ကလစ်နဲ့ညှပ်ပြီး သဘာဝအတိုင်း လှန်းပေးပါ။

နှုတ်ခမ်းနီ ထပ်သုံးနိုင်အောင်

နှုတ်ခမ်းနီတောင့်ကို သုံးမရလို့ လွှင့်မပစ်ပါနဲ့။ နှုတ်ခမ်းနီတောင့်ထဲက ကျန်နေတဲ့ နှုတ်ခမ်းနီကို နှုတ်ခမ်းဆိုးစုပ်တံ (Lip Brush) နဲ့ယူကာ အသုံးပြုပါ။ အများကြီး ကျန်နေ သေးတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရမှာပါ။


သားရေရှူးဖိနပ်ခုံ မပျက်စီးလွယ်အောင်

သားရေရှူးဖိနပ်ရဲ့ ဖိနပ်ခုံမပျက်စီးလွယ်စေဖို့ ရှူးဖိနပ်ကို တစ်ရက်စီးပြီး တစ်ရက်အနား ပေးပါ။ ဘယ်တော့မှ နှစ်ရက်ဆက်တိုက် မစီးပါနဲ့။ သားရေရှူးဖိနပ်ဟာ အစိုဓာတ်ကို ခံနိုင်ရည်မရှိတာကြောင့်ပါ။

Good Health