ထိုင်း-မြန်မာပွဲစဉ်လတ်မှတ် မှောင်ခိုဈေးကွက်ကြီးစိုးနေသောကြောင့် ပရိတ်သတ်များ အခက်တွေ့

ပို့စ်တင်ချိန် - 12/14/2013 06:27:00 PM


(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်မည့် ထိုင်းအသင်းနှင့် မြန်မာအသင်း ဘောလုံးပွဲစဉ်အတွက် ရောင်းချပေးသော လက်မှတ်များမှောင်ခိုဈေးကွက်မှ ကြီးစိုးနေ သောကြောင့် မြန်မာဘောလုံး အသင်းပရိသတ်များအနေနှင့် အခက်တွေ့ နေရသည်ဟု သိရသည်။

ဘောလုံးပွဲလက်မှတ် အရောင်းဌာနများဖြစ်သည့် သုဝဏ္ဏကွင်း၊ စလင်းကွင်း၊ အောင်ဆန်းကွင်းနှင့် ပုဒုံမာကွင်း တို့တွင် တရားဝင်ရောင်းချပေးနေခြင်းဖြစ်သော်လည်း အဆိုပါလက်မှတ်များမှ မှောင်ခိုဈေးကွက်သို့ ရောက်ရှိပြီး မြန်မာဘောလုံးပရိသတ်များမှာ တရားဝင်သတ်မှတ်ဈေးနှုန်းများထက် ၅ ဆ ပေး၍ ၀ယ်ယူနေရခြင်းဖြစ်သည်။

“ကျွန်တော်သူငယ်ချင်းတစ်ယောက်တောင် ထိုင်းမြန်မာပွဲအတွက် လက်မှတ်တစ်စောင်ကို နှစ်သောင်းခွဲပေးပြီး ၀ယ်လိုက်ရတယ်။” ဟု ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်သတ်မှတ်ဈေးနူန်းများမှာ အထူးတန်း ၄၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြစ်ပြီး အရောင်းဌာနများ အနီးတ၀ိုက်ရှိ မှောင်ခိုဈေးကွက်တွင် ရိုးရိုးတန်းပွဲကြည့်စဉ် လက်မှတ် အတွက် ကျပ်ငွေ ၁၂၀၀၀ အထက်နှင့် အထူးတန်းပွဲကြည့်စဉ်မှ ၂၀၀၀၀ ကျော်ပေါက်ဈေးရှိနေသည်။

“ကျွန်တော်တို့ ၉ နာရီလောက်ကတည်းကရောက်နေတာ။ ၁၀ နာရီမှ လတ်မှတ်ရောင်းမယ်ဆိုလို့ စောင့်နေတာ သူတို့က ထွက်ပြောတယ် ၁ နာရီမှရောင်းပေးမယ်တဲ့။ ၁၁ နာရီထိုးခါနီးကျတော့ စာလာကပ်သွားတယ် လက်မှတ်ကုန်ပြီတဲ့။ လက်မှတ်က မရောင်းရသေးပဲ ဘယ်လိုကုန် သွားတာလဲမသိဘူး။” ဟု အောင်ဆန်းကွင်း တွင် ဘောလုံးပွဲလတ်မှတ်ဝယ်ယူရန် စောင့်ဆိုင်းခဲ့သူ မင်္ဂလာတောင်ညွန့် မြို့နယ်မှ ဦးချစ်က ပြောသည်။

အဆိုပါ အကြောင်းအရာများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းကိုင်မည့်သူမရှိခဲ့ပေ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဆိုးသွမ်းဘောလုံး ပရိသတ်များကို စစ်ထုတ်နိုင်ရန်အတွက် တရားဝင် လက်မှတ်ရောင်းချသည့် နေရာများတွင်သာ ၀ယ်ယူရန်နှင့် မှောင်ခိုဈေးကွက်တွင် ၀ယ်ယူခြင်းမပြုရန် ကြေငြာချက် ထုတ်ပြန်ထားသော်လည်း ဘောလုံးပွဲလက်မှတ်များကို မှောင်ခိုဈေးကွက်တွင် လိုသလောက် ၀ယ်ယူ၍ ရရှိနေကြောင်း လတ်မှတ်ဝယ်ယူရန် တန်းစီးနေသူများထံမှာ သိရသည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု (ခ) တတိယမြောက်ပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဒီဇင်ဘာ (၁၄) ရက်နေ့ ညနေ (၆း၄၅)နာရီ အချိန်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ထိုင်းအသင်းအားအနိုင်ရရှိခဲ့ပါက အကြိုဗိုလ်လုပွဲ သို့ တက်ရောက်နိုင်မည်ဖြစ်သောကြောင့် မြန်မာပရိတ်သတ်များအနေဖြင့် မြန်မာအသင်းပွဲစဉ်ကို အားပေးကြည့်ရှုလိုနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပွဲစဉ်လတ်မှတ်များကို သတ်မှတ်ထားသည့် လတ်မှတ်အရောင်းဌာနများတွင် ဒီဇင်ဘာ(၁၃)ရက်နေ့နှင့် (၁၄)ရက်နေ့များတွင် အစောင်ရေ တစ်သောင်းစီ ရောင်းချပေးမည်ဟု ထုတ်ပြန် ထားသောကြောင့် ပရိတ်သတ်များမှာ အရောင်းဌာနများတွင် ၀ယ်ယူရန်စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မိုးမြင့်ကျော် (မြစ်မခ)