အရွယ်မရောက်သေးသော အမျိုးသမီး ကိုယ်ဝန်ဆောင်မှုနှုန်း များနေ၍ လျှော့ရန်လို

ပို့စ်တင်ချိန် - 12/14/2013 02:49:00 PM


ယခုနှစ် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ ကမ္ဘာ့လူဦးရေအစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အသက်(၁၅) နှင့် (၁၉) နှစ်အကြား အမျိုးသမီးငယ် ၁၀၀၀ လျှင် ၁၇ ဦးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖြစ်သောကြောင့် အရွယ်မရောက်သေးဘဲ ကိုယ်ဝန်ဆောင်မှုများကို လျှော့ချရန်လိုအပ်နေကြောင်း  UNFPA ဌာနေကိုယ်စားလှယ် မစ္စ ဂျနက်ဂျက်ဆန်ကပြောသည်။

၂၀၁၃ ခုနှစ် ကမ္ဘာ့လူဦးရေ အစီရင်ခံစာဆွေးနွေးခြင်း အခမ်းအနားတွင်  အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၉၁ မှ ၂၀၁၀ ပြည့်နှစ်အထိ  အသက်(၂၀)အရွယ်မပြည့်မီဘဲ ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများကို အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။ အာဆီယံဆယ်နိုင်ငံတွင် အရွယ်မရောက်ဘဲ ကိုယ်ဝန်ဆောင်ဦးရေ များပြားသည့် ခြောက်နိုင်ငံစာရင်းတွင် မပါဝင်သော်လည်း စင်ကာပူနှင့် မလေးရှားတို့နှင့် နှိုင်းယှဉ်ပါက များပြားနေပြီး ဘရူနိုင်းနိုင်ငံတွင် အမျိုးသမီးငယ် ၁၀၀၀ လျှင် ၁၈ ဦးသာရှိ၍ တစ်ဦးလျော့နည်းသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အရွယ်မရောက်ဘဲ ကိုယ်ဝန်ဆောင်သူ ၆၈၀၀၀၀ ခန့် ရှိပြီး ကလေးမီးဖွားနေစဉ်နှင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အရွယ်မရောက်သူ ခုနစ်သောင်းခန့်မှာ နှစ်စဉ် သေဆုံးလျက်ရှိကြောင်း ခန့်မှန်းထားသည်။
မြန်မာတွင် လက်ရှိ ရှိနေသည့် လူဦးရေ သန်းခြောက်ဆယ်တွင် အသက်(၁၅)နှင့်(၁၉) နှစ်ကြား အမျိုးသမီးဦးရေမှာ ၂ ဒသမ ၉ သန်းရှိသည်။ မြန်မာနိုင်ငံတွင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ် ထောင်ပြုခြင်းသည် အခြားနိုင်ငံများထက် မများသော်လည်း အရွယ်မရောက်သေးသည့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းများ ရှိနေသည်။ အဆိုပါ အမျိုးသမီးများသည် မြန်မာနိုင်ငံအတွင်းရှိ လူမှုယဉ်ကျေးမှုများကြောင့် ကျန်းမာရေး စောင့်ရှောက်ရေးအသိ နည်းပါးခြင်း နှင့် သားဆက်ခြားနည်းကို မသိရှိခြင်း၊ ကိုယ်ဝန်ရရှိလာပါက အရည်အသွေးမပြည့်မီသောသူများနှင့် ကိုယ်ဝန်ဖျက်ချခြင်းများကြောင့် ငယ်ရွယ်သောမိခင်များ အသက်သေဆုံးမှုများ ရှိနေကြောင်း ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဆယ်ကျော်သက် မျိုးဆက်ပွားကျန်းမာရေး အကြောင်း အစီရင်ခံစာအရ ၃၈ ရာခိုင်နှုန်းကျော် အမျိုးသမီးများသည် တစ်ကြိမ်တစ်ခါတည်း အတူနေရုံဖြင့် ကိုယ်ဝန်ရနိုင်သည့် အကြောင်းကို မသိရှိကြောင်း၊ ထို့အပြင် ငယ်ရွယ်သည့် အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်သည် သားဆက်ခြားခြင်းအကြောင်း ကြားသိဖူးခြင်း မရှိကြောင်း၊ အရေးပေါ် သန္ဓေတားဆေးအကြောင်း ကြားဖူးသူမှာ ၁၇ ရာခိုင်နှုန်းခန့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

မည်သူမဆို ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ပျက်စေရန်ပြုလျှင် ထောင်ဒဏ် သုံးနှစ်ဖြင့်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရန် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ကိုယ်ဝန်ဖျက်ချသူများကို အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။

7 Day Daily